Healthy Life Ad
Q & A

အာသာဖြေရုံနဲ့ ကိုယ်ဝန်ရှိနိုင်သလား . . .

မေး. သမီးလေ စိတ်ထဲစိုးရိမ်နေလို့ မေးပါရစေနော်။ သမီးနဲ့ သမီးကောင်လေးအတူနေမိပါတယ်။ အတူ နေတယ်ဆိုတာကလည်း ဟိုကန်တော့ပါရဲ့ရှင်…အထဲထဲထိမ၀င်ပါဘူးရှင့်။ အာသာဖြေရုံအဆင့်လောက်ပါပဲရှင့်။ ဒါပေမဲ့ သူပြီးသွားတဲ့အခါကျတော့ သမီးရဲ့ အင်္ဂါထဲမ၀င်ပေမယ့် သမီးအင်္ဂါအနီးတစ်ဝိုက် ပေါင်ခြံနားမှာပြီးသွားပါတယ်ရှင့်။ အမြန်သုတ်ပြီး ရေတော့ဆေးလိုက်ပါတယ်ရှင့်။ အဲဒါ ကိုယ်ဝန်ရနိုင်ပါသလားရှင်။ သမီးကတော့ မပြီးလိုက်ပါဘူး။ အင်္ဂါအစပ်နားမှာပေတယ်ဆိုရင်ရော ကိုယ်ဝန်ရနိုင်ပါသလားရှင့်။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဒါမျိုးက ကုလားအုတ်ပုံပြင်လိုပဲ…ပထမတော့ တဲထဲကို ခေါင်းလေးပဲဝင်ခွင့်ပြုပါ၊ ပခုံးလေးပဲ ၀င်ခွင့်ပြုပါနဲ့၊ တဖြည်းဖြည်း အလိုလိုက်လေ ပိုကဲလေနဲ့ နောက်ဆုံးကျတော့ တစ်ကိုယ်လုံး အထဲရောက်သွားပြီး တဲကိုအပိုင်သိမ်းလိုက်ရော။ အခုကြည့်ပါလား… အာသာဖြေတယ် အာသာဖြေတယ်နဲ့ ဖြေရင်းဖြေရင်း ဘယ်လိုဖြေဖြေ မပြေနိုင်။ ဒါမျိုးက ဆားငန်ရည်လိုပဲ သွားသောက်မိလို့ကတော့ ရေငတ်ပြေမယ်မထင်နဲ့။ သောက်လေသောက်လေ ငတ်မပြေ။ အာသာဖြေတာကလည်း ဖြေလေမပြေလေ။ နောက်တော့ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ဆိုတဲ့ မထူးဇာတ်ကိုခင်းမိသွားတတ်တယ်။

ဒါကြောင့် နောက်ဆိုရင် မဟုတ်ပါဘူး… ရှေ့လျှောက် အဆုံးထိလျှောက်မယ်လို့ မရည်ရွယ်ထားရင် အဲဒီလမ်းကို မခေါ်သွားပါနဲ့။ ရေလာအောင်လည်း မြောင်းမပေးပါနဲ့။ ပေးလိုက်တာနဲ့ ချောင်းပေါက်သွားမှာမို့ပါ။ အခု အာသာဖြေရင်း ပြီးသွားတော့ အထဲမ၀င်ပေမယ့် အနီးတစ်ဝိုက် ပေါင်ခြံမှာသုက်ရည်တွေကျသွားတယ်။ သုက်ကောင်လေးတွေက ရေကူးတတ်တယ်ဆိုတာ မမေ့ပါနဲ့။ ကျားနဲ့မ ဆက်ဆံတဲ့အခါ အန္တရာယ် ၂ခုရှိတယ်။

တစ်ခုက မလိုချင်ဘဲကလေးရနိုင်တာ။ နောက်တစ်ခုက လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေပါ။ မရှောင်နိုင်ရင် ကွန်ဒုံးသုံးဖို့ မမေ့ပါနဲ့။ အကာအကွယ်မပါဘဲ အတူနေမိတယ်… တစ်ခုခု မသင်္ကာဖြစ်ရင်တော့ Ecee 2 (သို့မဟုတ်) Pill 72 ဆေး၂လုံး မြန်မြန်သောက်လိုက်ပါ။ သထိတော့ထားနော်… ဘယ်ကျားနဲ့မှ ပြေးတမ်းလိုက်တမ်းမကစားပါနဲ့။ “ကျား” ဆိုတာ ဘယ်တော့မှ သက်သတ်လွတ်မစားဘူး။ ဥပုသ်စောင့်တဲ့ကျားဆိုတာလည်း လောကမှာ မရှိဘူးဆိုတာ ဟိုးရှေးလူကြီးသူမတွေ ပြောခဲ့တဲ့စကားတွေပါ။ အခုမှ ဆရာပြောတဲ့စကား မဟုတ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top