Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရရှိနိုင်သည့် ဦးနှောက်အတွက် ကောင်းကျိုးအာနိသင်များ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်လက်လှုပ်ရှားမှုက ဦးနှောက်အတွက် ဆေးတစ်လက်ပါ။ နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာကြောင့် ဥာဏ်ရည်အတွက် ဘယ်လိုကောင်းကျိုးတွေရရှိစေနိုင်တယ်ဆိုတာ ရေးသားဖော်ပြလိုက်ရပါတယ်။

(၁) ဦးနှောက်ကြီးထွားစေရန် စေ့ဆော်ခြင်း

အသက်ကြီးလာတဲ့အခါ ဦးနှောက်ဆဲလ်သစ် မွေးဖွားမှုက လျော့ကျသွားပြီး ဦးနှောက်တစ်သျှူးတွေလည်း ကျုံ့သွားပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကတော့ ဒီအချက်ကို ပြောင်းလဲပေးနိုင်ပါတယ်။ အသက် ၆၀-၇၉နှစ်ကြားရှိ ကျန်းမာပြီး အထိုင်များသူတွေကို ဦးနှောက်စစ်ဆေးကြည့်ရာ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ဦးနှောက်ထုထည်သိသိသာသာကြီး ထွားမှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ အကြောဆန့်တာလောက်ပဲလုပ်သူတွေမှာတော့ သိသာတဲ့ပြောင်းလဲမှုကို မတွေ့ရပါဘူး။ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်မှသာ ဦးနှောက်ဆီကိုသွေးစီးဆင်းမှုတိုးပြီး အောက်ဆီဂျင်များများ ရောက်ရှိပါတယ်။ (ဦးနှောက်ဟာ ခန္ဓာကိုယ်ရှိ အောက်ဆီဂျင်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကို ရယူထားပါတယ်။)

(၂) ဦးနှောက် အားကောင်းစေသော ဟော်မုန်းများတိုးစေခြင်း

လေ့ကျင့်ခန်းလုပ်တာက အပင်ထွက်အစားအစာတွေ စားတာလိုပဲ ဦးနှောက်ရှိ BDNF ဓာတ်ကို တိုးစေပြီး ဦးနှောက်ဆဲလ်တွေ ကြီးထွားဖို့နဲ့ ပွားများဖို့အတွက် လှုံ့ဆော်ပေးပါတယ်။ ဒါက ဦးနှောက်အစိတ်အပိုင်း ဟစ်ပိုကမ်းပက်စ်အတွက် အရေးပါပြီး မှတ်ဥာဏ်ကောင်းမွန်ဖို့နဲ့ အသက်ကြီးချိန်ဖြစ်တတ်တဲ့ ဦးနှောက်ဝေဒနာတွေ လျော့ပါးဖို့အရေးပါပါတယ်။ လေ့ကျင့်ခန်းများများလုပ်လေ BDNF များများထွက်ရှိလေပါပဲ။

(၃) စိတ်ဓာတ်ကျခြင်းနှင့် ပူပင်သောက လျှော့ချပေးခြင်း

စိတ်ဓာတ်ကျတာကြောင့် ဦးနှောက်ရဲ့ သတင်းအချက်အလက် ပို့ဆောင်နိုင်စွမ်းကိုနှေးစေပြီး အာရုံစူးစိုက်နိုင်ဖို့၊ ဆုံးဖြတ်ချက်ချနိုင်ဖို့ ပိုမိုခက်ခဲကာ မှတ်ဥာဏ်ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်အကြီးအကျယ်ကျနေရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ အသေးအမွှား စိတ်ဓာတ်ကျတာကိုတော့ လေ့ကျင့်ခန်းလုပ်ပြီး မြှင့်တင်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်နဲ့ ဒိုပါမင်းအထွက်တိုးစေပြီး အန်ဒေါ်ဖင်ရဲ့ အာနိသင်ကို ပိုမိုကောင်းမွန်စေပါတယ်။

(၄) စိတ်ဖိစီးမှု၏ သက်ရောက်မှုကို လျော့ကျစေခြင်း

စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောဟာ ဦးနှောက်ကို အိုမင်းစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဆုံးဖြတ်ချက်မချနိုင်တာ၊ မေ့လျော့တာနဲ့ေ၀၀ါးတာတို့ ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီစောဟော်မုန်း အဆင့်ကို လျော့ကျစေပြီး နာ့ဗ်ဆဲလ်အသစ်ထွက်ရှိအောင် ကူညီနိုင်ပါတယ်။

(၅) ဦးနှောက်၏ စီမံရေးရာဆုံးဖြတ်ချက် ကောင်းမွန်ခြင်း

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ ရှုပ်ထွေးနေတဲ့ တာဝန်တွေကို အာရုံစိုက်ဖို့၊ အစီအစဉ်ချမှတ်ဖို့၊ ရှင်းရှင်းလင်းလင်းတွေးတောဖို့နဲ့ အနာဂတ်အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ လုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။ လေ့လာသူတွေက လေ့ကျင့်ခန်းလုပ်တာကြောင့် ဦးနှောက်ရဲ့ စီမံရေးရာလုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှုကို လေ့လာခဲ့ရာ ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေက မလုပ်သူတွေထက် တွေးခေါ်မြော်မြင်မှုရလဒ်လေးဆ ပိုကောင်းတာကို တွေ့ရှိခဲ့ပါတယ်။

(၆) အင်ဆူလင် ခုခံမှုကောင်းခြင်း

အစာစားတဲ့အခါ ခန္ဓာကိုယ်က အစာတွေကို ဂလူးကို့စ်အဖြစ် ပြောင်းလဲပေးပါတယ်။ ဂလူးကို့စ်ကို ဆဲလ်တွေထဲဝင်စေဖို့ လုပ်ဆောင်ရာမှာ အင်ဆူလင်ဟော်မုန်းလိုအပ်ပါတယ်။ ကံမကောင်းတာက တချို့လူတွေရဲ့ ဆဲလ်တွေကအင်ဆူလင်ကို တုံ့ပြန်မှုရှိနေတာပါ။ ဒီအခါ သွေးတွင်းသကြားဓာတ်မြင့်တက်ပြီး အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ ဖြစ်လာတတ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါမဖြစ်ရင်တောင်မှ အင်ဆူလင်တုံ့ပြန်မှုကြောင့် ဦးနှောက်အတွက် ဆိုးကျိုးဖြစ်တတ်ပါတယ်။ ဦးနှောက်မှာ ဂလူးကို့စ်တွေများနေရင် မှတ်ဥာဏ်နဲ့ တွေးခေါ်မြော်မြင်မှုအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရင် အင်ဆူလင်တုံ့ပြန်မှုကို ပြောင်းလဲစေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ကာ အသက်ကြီးတာကြောင့်ဖြစ်တဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top