Healthy Life Ad
Life Style

လူအများ သတိမထားမိသော အိပ်မပျော်စေနိုင်သည့် အကျင့်များ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

လူတွေ မသိကြတဲ့ တချို့အမူအကျင့်တွေက ညဘက် အိပ်မပျော်တာကို ဖြစ်စေနိုင်ပါတယ်။

– အားလပ်ရက်တွင် မတူညီသော အိပ်စက်သည့် အကျင့်ရှိခြင်း

အလုပ်လုပ်တဲ့ ရက်တွေမှာ နေ့စဉ်နေ့တိုင်း တူညီတဲ့ အိပ်ချိန်၊ ထချိန်ရှိတာကြောင့် သင့်အနေနဲ့ အိပ်ရေးဝနေပါလိမ့်မယ်။ ဒါပေမဲ့ အားလပ်ရက်တွေ မှာ အိပ်ချိန်နဲ့ အိပ်ရာထချိန်က အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် အိပ်ရေးမ၀တာနဲ့ အိပ်ရေးပျက်တာတို့ ဖြစ်တတ်ပါတယ်။

– စောစီးစွာ အိပ်ရာဝင်ခြင်း

အိပ်မပျော်သူ ၉၀ရာခိုင်နှုန်းဟာ စောစောစီးစီး အိပ်ရာဝင်လေ့ရှိတာကို တွေ့ရပါတယ်။ စောစောအိပ်ရာဝင်တာကြောင့် ညဉ့်လယ်မှာ အိပ်ရာကနိုးပြီး ပြန်အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရာထဲမှာ ကြာကြာနေတာကြောင့် ခန္ဓာကိုယ်ရဲ့ အိပ်ရာနဲ့ထိရင် အိပ်စက်တတ်တဲ့ အလေ့အထ ထိခိုက်သွားတတ်ပါတယ်။

– အိပ်ရာဝင်ချိန်ကို စနစ်တကျ သတ်မှတ်မထားခြင်း

ညတိုင်း အိပ်ရာဝင်ချိန်ကို ပုံမှန် သတ်မှတ်ထားသင့်ပါတယ်။ အိပ်ရာဝင်ချိန်ကို သိရှိစေဖို့ အိပ်ရာဝင်ချိန်မတိုင်ခင် မိနစ် ၆၀အလိုမှာ အချက်ပေးသံ (Alarm) ထားရှိပါ။ ပထမမိနစ် ၂၀အတွင်း ကျန်ရှိနေတဲ့ အိမ်အလုပ်တွေကို လုပ်ဆောင်ပြီး နောက်ထပ် မိနစ် ၂၀ မှာ ရေချိုးတာ၊ သွားတိုက်တာ၊ ညအိပ်ဝတ်စုံလဲတာတို့ လုပ်ဆောင်ပါ။ နောက်ဆုံး မိနစ် ၂၀မှာတော့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ စာအုပ်ဖတ်တာတို့လို စိတ်အပန်းပြေစေတဲ့ အလေ့အကျင့်တွေ လုပ်ဆောင်ပေးပါ။

– ကဖင်းဓာတ်ပါသော အစားအသောက်များ စားသောက်ခြင်း

ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို စားသောက်ပြီး အနည်းဆုံး ရှစ်နာရီကြာတဲ့အထိ ကိုယ်တွင်းစနစ်ထဲမှာ ကျန်ရှိနေတဲ့အတွက် ညနေခင်းကစပြီး ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာတို့ကို မသောက်သင့်တော့ပါဘူး။

– ညဥ့်လယ်တွင် အိပ်ရာက ထခြင်း

အလုပ်ကိစ္စ မပြီးပြတ်တဲ့အတွက် ညဉ့်လယ်မှာ အိပ်ရာကထပြီး လုပ်ဆောင်တာက နောက်တစ်နေ့မှာ ပိုပြီးပင်ပန်းနွမ်းနယ်ကာ အိပ်ငိုက်စေနိုင်ပါတယ်။

– အိပ်မပျော်မှာ တွေးပူနေခြင်း

တချို့လူတွေက ပူပင်သောက လျော့ပါးသွားစေဖို့ အိပ်မောကျလိုစိတ်ရှိပေမယ့် အိပ်မပျော်နိုင်မှာကိုတွေးပြီး စိတ်ပူနေတာမျိုး ရှိတတ်ပါတယ်။ ကောင်းကောင်း အိပ်ပျော်သွားလိမ့်မယ်လို့ ယုံကြည်ချက်ထားတာက တကယ်အိပ်မောကျစေပြီး နောက်တစ်နေ့မှာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေပါတယ်။

– အိပ်ရာဝင်ခါနီး လျှပ်စစ်ပစ္စည်းများ သုံးစွဲခြင်း

အိပ်ရာဝင်ခါနီးအချိန်မှာ လျှပ်စစ်ပစ္စည်းတွေကို သုံးတာကမကောင်းပါဘူး။ အိပ်ရာမ၀င်ခင် တီဗီပိတ်ထားသင့်သလို အီးမေးစစ်တာ၊ ဖုန်းနဲ့ မက်ဆေ့ခ်ျပို့တာ၊ ဖေ့စ်ဘွတ်ခ်မှာ စတေးတပ်စ်အသစ်တင်တာတို့ကိုလည်း ရှောင်သင့်ပါတယ်။ ဒီအလေ့အကျင့်တွေက ဦးနှောက်ကို လှုံ့ဆော်စေပြီး အိပ်မပျော်တာကို ပိုဖြစ်စေနိုင်လို့ပါ။

– နာရီကို မကြာခဏကြည့်နေခြင်း

အိပ်မပျော်တဲ့အခါ လူတွေလုပ်လေ့ရှိတဲ့ အဆိုးဆုံးအကျင့်က နာရီကို မကြာခဏ ကြည့်တာပဲ ဖြစ်ပါတယ်။ အိပ်ရာထဖို့ ဘယ်နှနာရီပဲ ကျန်တော့တယ်ဆိုပြီး တွေးတောနေတာက ပူပင်သောကကို ပိုများစေပါတယ်။ ဒီလိုတွေးနေတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဒရီနယ်လင်နဲ့ ကော်တီစောဟော်မုန်းတွေကို မြင့်တက်လာစေပြီး နိုးကြားကာ အိပ်ရေးပျက်စေပါတယ်။

– အိပ်ချိန် ရှစ်နာရီပြည့်မီရမည်ဟု ပုံသေသတ် မှတ်ထားခြင်း

အရွယ်ရောက်သူတိုင်း ညစဉ် အိပ်ချိန်ရှစ်နာရီရှိရမယ်လို့ ပုံသေတွေးမထားပါနဲ့။ တချို့လူတွေက ခြောက်နာရီလောက် အိပ်ရုံနဲ့ လုံလုံလောက်လောက်အိပ်ရေးဝကြပါတယ်။ နိုးစက်မပါဘဲ နိုးထလာတယ်၊ တစ်နေ့လုံးလည်း ပင်ပန်းနွမ်းနယ်မှု မရှိဘူးဆိုရင် ဒါက သင့်အတွက် လုံလောက်တဲ့ အိပ်ချိန်ပဲဖြစ်ပါတယ်။

– အရက်သောက်ပြီး အိပ်ခြင်း

အရက်သောက်တာကြောင့် အိပ်ငိုက်စေနိုင်ပေမယ့် တကယ်တမ်းမှာ ညဦးပိုင်းအချိန်ကျရင် လန့်နိုးလာတတ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာမျိုးလည်း မဟုတ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top