Healthy Life Ad
Life Style

လုပ်ငန်းခွင်စိတ်ဖိစီးမှု ခံစားရတဲ့အခါ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်မှာ စိတ်မသက်မသာဖြစ်စရာ လုံးဝမကောင်းတဲ့ အလုပ်တစ်ခုသာရှိနေရင် သင်ဟာ အလုပ်မရှိတာနဲ့အတူတူပါပဲ။ ဆိုလိုတာက အလုပ်အများစုဟာ စိတ်ဖိစီးမှုအနည်းနဲ့ အများဆိုသလို ရှိတတ်လို့ပါ။ တချို့အလုပ်တွေက ဖိစီးမှုကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်တွေကတော့-

– ညဘက်နဲ့ စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေမှာ နာရီပေါင်းများစွာ အလုပ်လုပ်ရတာ၊

– စိတ်ရှည်သည်းခံမှုကို အမြင့်ဆုံးအဆင့်အထိထားပြီး(သည်းမခံချင်လောက်အောင်) အလုပ်လုပ်နေရတာ၊

– ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့ ဆက်ဆံနေရတာ၊

– ဘ၀ကို ပြောင်းလဲစေနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရတာကြောင့် ဖိအားများတာ၊

– လုပ်ငန်းခွင်မှာ ငွေရေး၊ ကြေးရေး လုံလောက်အောင် မရတာတွေပဲ ဖြစ်ကြပါတယ်။ ဒီလိုလုပ်ငန်းခွင်ကြောင့် ဖိစီးမှုတွေဖြစ်လာပြီဆိုရင် လူကနုံးပြီး ညောင်းညာပင်ပန်းတာနဲ့ စိတ်ဓာတ်ကျတာတွေ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလိုလုပ်ငန်းခွင်ကြောင့် ဖြစ်တတ်တဲ့ ဖိစီးမှုတွေကို ထိန်းချုပ်နိုင်ဖို့ ရိုးစင်းတဲ့နည်းလမ်းတွေကိုအောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း၊ လှုပ်ရှားမှုနှင့် တက်ကြွစွာနေထိုင်မှု

လုပ်ငန်းခွင်အတွင်းမှာ ပျင်းတိပျင်းရောထိုင်ကာ ငေးမှိုင်နေတတ်သူတွေက စိတ်ဖိစီးမှုပိုခံစားရတတ်ပါတယ်။ ကိုယ်ခန္ဓာကို လှုပ်ရှားပေးတာကြောင့် စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေထွက်လာကာ ဖိစီးစရာကောင်းတဲ့ အခြေအနေကြုံလာရင်တောင် စိတ်ဖိစီးမှုဖြစ်နိုင်ခြေလျော့ကျသွားပါတယ်။

ဟာသဓာတ်ခံရှိခြင်းနှင့် ပျော်ရွှင်ရယ်မောတတ်ခြင်း

ပင်ကိုက ဟာသဥာဏ်ရှိပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနေတတ်တဲ့သူတွေဟာ လုပ်ငန်းခွင်က ဖိစီးမှုကို အလွယ်တကူ တွန်းလှန်နိုင်ပါတယ်။ ရယ်မောတာက အကောင်းဆုံးဆေးတစ်လက်ပါ။ ရယ်မောပေးတာဟာ လုပ်ငန်းခွင်ကြောင့် ခံစားရတဲ့ဖိစီးမှုတွေကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်လို့ ဆေးပညာရှင်အများစုက သဘောတူထားပါတယ်။

ဝါသနာနှင့် ဖန်တီးတတ်သော အတွေးအခေါ်ရှိခြင်း

ကိုယ်ချစ်တဲ့ အရာတစ်ခုကို လုပ်ဆောင်တာက လုပ်ငန်းခွင်ဖိစီးမှုခံနေရတဲ့ သင့်စိတ်ကို အနားပေးနိုင်တဲ့ အကောင်းဆုံးနည်းပါပဲ။ သင့်အနေနဲ့ ချက်ပြုတ်နေရရင် ပျော်သလား၊ မိသားစုနဲ့ အတူနေရရင် ပျော်သလား၊ ဂေါက်သီးရိုက်ရတာကို ပျော်သလား .. စသဖြင့် ဘယ်အရာကို ၀ါသနာပါသလဲ တွေးတောပြီး သင်ဝါသနာပါတဲ့ အရာအတွက် အချိန်ပေးလိုက်ပါ။

သူငယ်ချင်းမိတ်ဆွေများနှင့် တွေ့ဆုံခြင်း

မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အကျိုးရှိရှိတွေ့ဆုံတာက စိတ်ဖိစီးမှုပြေလျော့ရေးအတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ သူငယ်ချင်းတွေစုပြီး နာမကျန်းဖြစ်နေတဲ့ မိတ်ဆွေဆီကို သွားရောက်နှစ်သိမ့်တာ၊ တစ်ဦးအကြောင်းတစ်ဦး ရင်ဖွင့်တာ စတဲ့နည်းလမ်းတွေကို လုပ်ဆောင်လိုက်ရင် လုပ်ငန်းခွင်ဖိစီးမှု ပြေလျော့သွားမှာပါ။

အဆင်ပြေမည့် နည်းလမ်းရှာဖွေခြင်း

လုပ်ငန်းခွင်ဖိစီးမှုကြောင့် သင့်ကျန်းမာရေး၊ သင့်မိသားစုနဲ့ သင့်ဘ၀တစ်ခုလုံးကိုတောင် ထိခိုက်မှုရှိစေတယ်ဆိုရင် သင့်အနေနဲ့ နည်းလမ်းရှာဖို့ လိုအပ်နေပါပြီ။ လုပ်ငန်းခွင်မှာ စေ့စပ်ညှိနှိုင်းရေး နည်းလမ်းတွေကိုသုံးပြီး စိတ်ဖိစီးမှုအဆင့်ကို လျှော့ချကြည့်ပါ။ စိတ်ဖိစီးမှု ကင်းဝေးရေးနည်းလမ်းတွေကိုသုံးပြီး ဖိစီးမှုမရှိမှသာ အကောင်းမြင်တဲ့အတွေးတွေကို တွေးနိုင်မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top