Healthy Life Ad
Life Style

လူအများသိလိုသည့် အာဟာရဆိုင်ရာ အမေးအဖြေများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဆီးချိုရောဂါရှိပါတယ်။ ကန်စွန်းဥနဲ့ အာလူး စားလို့ရပါသလားရှင့်။

ဖြေ. စားလို့ရပါတယ်။ ကန်စွန်းဥရဲ့သဘာဝက ဗိုက်ပြည့်လွယ်ပါတယ်။ တချို့နေ့တွေမှာ ကန်စွန်းဥတစ်လုံးလောက် စားထားတယ်ဆိုရင် စွတ်ပြုတ်တစ်ခွက်လောက် သောက်ပေးရုံနဲ့ အဆင်ပြေပါတယ်။ အာလူးမှာလည်း ကာဘိုဟိုက်ဒရိတ် အဲလောက်အများကြီးမပါပါဘူး။ ဆီးချိုသမားတွေ အာလူးစားချင်တယ်ဆိုရင် ကြော်ကျွေးတာထက် ပြုတ်ကျွေးတာကောင်းပါတယ်။

မေး. ဆီးချိုရှိသူက ပုရစ်ကြော်စားလို့ရပါသလား။

ဖြေ. ဆရာမကို ဆီးချိုသမား ပုရစ်ကြော်စားလို့ရလားဆိုပြီး ခဏခဏလာမေးကြပါတယ်။ ပုရစ်ကြော်က ကာဘိုဟိုက်ဒရိတ်များတဲ့အတွက် ဆီးချိုသမားတွေနဲ့မတည့်ပါဘူး။ အရမ်းစားချင်နေရင်တော့ ဆီးချိုထိန်းချုပ်မှု (Control) ကလည်း ကောင်းတယ်ဆိုရင် ပုရစ်ကြော် တစ်ကောင်၊ နှစ်ကောင် စားနိုင်ပါတယ်။

မေး. ဆီးချိုသမားတွေက ပဲအမျိုးမျိုးကို ကြိုက်သလောက် စားလို့ရပါသလား။

ဖြေ. ဆီးချိုရောဂါရှိသူကို ပဲတွေကျွေးတဲ့အခါမှာတော့ နည်းနည်းသတိထားရပါတယ်။ ပဲဆိုတာမျိုးက ကျန်းမာရေးနဲ့ညီညွတ်တာဆိုတော့ စားလို့တော့ရပါတယ်။ ပဲမှာ ပရိုတင်းဓာတ်လည်း ပါဝင်မှုများတယ်၊ ကာဘိုဟိုက်ဒရိတ်လည်းများတဲ့အတွက် ပဲဟင်းရည်အများကြီးသောက်မယ်၊ ထမင်းကလည်း များများစားထားမယ်ဆိုရင်တော့ သတိထားရပါတယ်။

မေး. ရာသီလာတဲ့ရက်တွေမှာဆိုရင် သွေးအားနည်းတယ်၊ သွေးပေါင်လည်းကျပါတယ်။ ဒီလိုအချိန်မှာ ဘယ်လိုအစားအသောက်တွေ စားသောက်ပေးသင့်ပါသလဲ။

ဖြေ. ရာသီလာတဲ့ရက်တွေမှာဆိုရင် သွေးအားနည်းတယ်၊ သွေးပေါင်ကျပါတယ်။ ဒီအချိန်မှာ ဟေမိုဂလိုဘင်တွေ ကျသွားတယ်၊ ဒီတော့ သွေးအားနည်းခြင်း (Anaemia)တော့ ဖြစ်မှာပါပဲ။ ဒီအချိန်မှာ သွေးအားကောင်းစေမယ့် အစားအသောက်တွေဖြစ်တဲ့ အမဲအသည်းစားတာ၊ အသားစားတာ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေစားတာ၊ နွားနို့သောက်တာတို့ကို လိုက်နာသင့်ပါတယ်။ ရာသီလာတဲ့ရက်တွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းစတာတွေကို လျှော့သောက်ရပါမယ်။ ထမင်း၊ ဟင်းစားချိန်မှာ လက်ဖက်သုပ်စားတာ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းသောက်တာတို့ကို ဆင်ခြင်ရပါမယ်။ အဲဒီအစားအသောက်တွေကို နာရီဝက်လောက်ကြာမှ စားသောက်သင့်ပါတယ်။

သွေးအားနည်းတဲ့အခါမှာ သွေးပေါင်ကျတတ်ပါတယ်။ သွေးပေါင်ကျတဲ့အခါမှာ နွားနို့ချိုချိုလေးသောက်လိုက်တာတို့၊ ထမင်းရည်ပူပူချိုချိုလေး သောက်လိုက်တာတို့က သင့်တော်ပါတယ်။ အချိုရည်တွေသောက်ရင်တော့ အဲဒီအထဲမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် သိပ်မသင့်တော်ပါဘူး။ ဖြစ်နိုင်ရင် . . .

သွေးအားနည်းတဲ့အခါမှာ သွေးပေါင်ကျတတ်ပါတယ်။ သွေးပေါင်ကျတဲ့အခါမှာ နွားနို့ချိုချိုလေးသောက်လိုက်တာတို့၊ ထမင်းရည်ပူပူချိုချိုလေး သောက်လိုက်တာတို့က သင့်တော်ပါတယ်။ အချိုရည်တွေသောက်ရင်တော့ အဲဒီအထဲမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် သိပ်မသင့်တော်ပါဘူး။ ဖြစ်နိုင်ရင် နွားနို့ထဲ သကြားလေးထည့်သောက်တာ၊ ထမင်းရည်ပူပူထဲ နွားနို့၊ သကြားလေးထည့်သောက်တာတို့ လုပ်ပေးသင့်ပါတယ်။

မေး. ကျွန်မကလေးက အသက် ၁၂ နှစ်ရှိပါပြီ။ အရပ်လည်း မထွက်ဘူး။ လူကောင်လည်း သေးနေလို့ပါ။ ဘာကျွေးသင့်ပါသလဲ။

ဖြေ. အဓိကကတော့ ၁၂ နှစ်အရွယ် အရပ်ထွက်ချင်ရင် ကယ်လ်ဆီယမ်ရဖို့ အရေးကြီးပါတယ်၊ ဗီတာမင်ဒီရဖို့ အရေးကြီးပါတယ်။ ဒီကလေးက နေပူထဲထွက်တဲ့ ကလေးလား၊ အိမ်ထဲမှာပဲနေတဲ့ ကလေးလား ဆိုတာကိုလည်း ကြည့်ရပါမယ်။ အိမ်ထဲမှာပဲနေတဲ့ ကလေးဆိုရင် မနက်စာစားတာကို ခြံထဲမှာစားတာမျိုး လုပ်သင့်ပါတယ်။ ကယ်လ်ဆီယမ်များတဲ့ အစားအသောက်တွေ၊ ဗီတာမင်ဒီများတဲ့ အစားအသောက်တွေကို အဓိက စားသောက်သင့်ပါတယ်။ အထူးသဖြင့် နွားနို့ကို တစ်နေ့နှစ်ခွက် သောက်ရပါမယ်။ ကြက်ဥနှစ်လုံး စားရပါမယ်။ ထမင်းနှစ်ပန်းကန်စား ရပါမယ်။

ခန္ဓာကိုယ်ကြီးထွားသန်စွမ်းဖို့ရာအတွက် အသားလိုပါတယ်။ အသားကို တစ်ရက်အနည်းဆုံး ၁၀ကျပ်သားနဲ့ ၁၅ကျပ်သားအတွင်း စားသင့်ပါတယ်။ အသီးအရွက်စားပေးရပါမယ်။ နောက်တစ်ခုကတော့ လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ အရပ်မြင့်ချင်တယ်ဆိုရင် နံရံမှာ ကိုယ့်လက်ကို တဆန့်လုပ်လိုက်၊ အဲဒီတစ်ဆန့်ကနေ အပေါ်ခြောက်လက်မအကွာမှာ မျဉ်းကြောင်းတစ်ကြောင်း ဆွဲလိုက်ပါ။ အဲဒီမျဉ်းကြောင်းကို တစ်ရက် အကြိမ် ၂၀ လောက် ခုန်ခုန်ပြီး ထိပေးမယ်၊ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပြုလုပ်ပေးမယ်ဆိုရင်တော့ ထွားလာမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top