Healthy Life Ad
Life Style

သွေးတစ်ကြိမ်လှူတိုင်း လူနာနှစ်ဦး-သုံးဦးကို ထောက်ပံ့နိုင်ပါတယ်

ဒေါက်တာဒေါ်နွယ်နွယ်ဦး (လက်ထောက်ညွှန်ကြားရေးမှူး၊ အမျိုးသားသွေးဌာန၊ ရန်ကုန်)

မေး. အမျိုးသားသွေးဌာနကနေ ဆေးရုံတွေကို သွေးထောက်ပံ့နိုင်တဲ့ အနေအထားလေး သိပါရစေဆရာမ။

ဖြေ. အမျိုးသားသွေးဌာနက ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပြင် ကျန်တဲ့အစိုးရဆေးရုံတွေကိုလည်း သွေးထောက်ပံ့ပါတယ်။ အဲဒါတွေက ရန်ကုန်ဆေးရုံကြီး၊ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ ခုတင် ၅၀၀ ဆံ့ဆေးရုံကြီး၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၊ အလုပ်သမားဆေးရုံကြီး၊ အရိုးအထူးကုဆေးရုံ၊ ဝေဘာဂီ ကူးစက်ဆေးရုံ၊ မင်္ဂလာဒုံကူးစက်ဆေးရုံ၊ သာကေတ ကူးစက်ဆေးရုံတွေကို ပုံမှန်ထောက်ပံ့ပေးပါတယ်။ အခုလောလောဆယ်မှာ ဆေးရုံခြောက်ခုလောက်ကို မထောက်ပံ့နိုင်သေးပါဘူး။ အဲဒါတွေက ကလေးဆေးရုံနှစ်ခု၊ မြောက်ဥက္ကလာဆေးရုံ၊ သင်္ဃန်းကျွန်း (စံပြ)ဆေးရုံ၊ အင်းစိန်ဆေးရုံ စတာတွေ ဖြစ်ပါတယ်။

အခုနောက်ပိုင်း စေတနာသွေးလှူရှင်တွေ တိုးပွားလာတဲ့အတွက် သွေးတွေကို ပိုပြီး ထောက်ပံ့နိုင်သွားပါတယ်။ စေတနာရှင်သွေးလှူရှင်တွေ များလာတဲ့အတွက် လူနာတွေကိုလုံလုံလောက်လောက် ထောက်ပံ့နိုင်ရုံတင်မကဘဲ သွေးရဲ့အရည်အသွေးကလည်း တိုးတက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စေတနာရှင်သွေးလှူရှင်တွေက ကြိုတင်ပြီး လှူဒါန်းထားတဲ့အတွက် အရည်အသွေးမြင့်တဲ့ စက်တွေနဲ့စစ်ထားလို့ရတယ်။ အဲဒီတော့ လူနာတွေအတွက် ပိုပြီးအန္တရာယ်ကင်းတဲ့ သွေးထောက်ပံ့မှုတွေ ပေးနိုင်သွားပါတယ်။

သွေးရောဂါလူနာတွေဆိုရင် သွေးသွင်းကုသမှုအပေါ် မှီခိုနေရတယ်။ လူနာတစ်ဦး ဆေးရုံတက်လာပြီဆိုရင် တစ်နေ့ကို သွေးယူနစ် နှစ်ယူနစ်ကနေ လေးယူနစ်လောက်အထိ ပုံမှန်အားဖြင့် လိုအပ်နေပါတယ်။ အခုလိုမျိုး စေတနာရှင်သွေးလှူရှင်တွေက ကြိုပြီးမလှူဒါန်းခဲ့ဘဲ လိုအပ်မှ ရှာရမယ်ဆိုရင် အခက်အခဲရှိပါတယ်။

မေး. သွေးလှူရှင်တွေကကြိုပြီး လှူဒါန်းတဲ့အတွက် ဘယ်လိုကောင်းကျိုးတွေ ရရှိပါသလဲ ဆရာမ။

ဖြေ. သွေးလှူရှင်တွေကကြိုပြီး လှူလိုက်တဲ့အတွက် သွေးတစ်ယူနစ်ဟာ လူနာတစ်ဦးထက်မက ထောက်ပံ့နိုင်နေပါပြီ။ ဒါက နည်းပညာမြင့်မားလာတဲ့အတွက် ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ဆရာမတို့ဌာနမှာ သွေးဥ မွှား (Platelets)တွေက နည်းနေတယ်။ ဒါကြောင့် လာလှူတဲ့သွေးတွေကို သွေးဥမွှား၊ သွေးရည်ကြည် စသဖြင့် နှစ်အိတ်ခွဲထားတယ်။

တချို့အကြိမ်များနေတဲ့ သွေးလှူရှင်ဆိုရင် သွေးဥမွှား၊ သွေးနီဥနဲ့ သွေးရည်ကြည်ဆိုပြီး သုံးအိတ်ခွဲထားပါတယ်။ အဲဒီလိုမျိုးဆိုရင် လူနာ သုံးယောက်ကိုတောင် ပြန်ထောက်ပံ့နိုင်ပါတယ်။ သွေးဥမွှားလျော့နေတဲ့ တချို့သွေးရောဂါလူနာတွေ၊ သွေးလွန်တုပ်ကွေးရောဂါရှင်တွေကို သွေးဥမွှားပေးနိုင်သွားပါတယ်။ သွေးနီဥကိုတော့ ခွဲစိတ်ကုသမှုပြုလုပ်တဲ့အခါ သုံးနိုင်သလို သွေးအားနည်းနေတဲ့အခါ ပေးနိုင်ပါတယ်။ သွေးရည်ကြည်ကိုတော့ အသည်းရောဂါ လူနာတွေအများဆုံး အသုံးပြုပါတယ်။

သွေးလှူရှင်တစ်ယောက်က အကြမ်းအားဖြင့် ကျန်းမာရေးကောင်းမွန်နေဖို့ လိုပါတယ်၊ ရောဂါတွေ မဖြစ်ရဘူး၊ ဆေးတွေသောက်မနေရပါဘူး။ လာလှူရင် သွေးနီအားနဲ့ သွေးခုန်နှုန်းတွေ ပြန်စစ်ဆေးပါတယ်။ မေးခွန်းလွှာတွေ ဖြေခိုင်းပါတယ်။ သွေးလာလှူရင် အိပ်ရေး၀၀အိပ်ခဲ့ဖို့၊ မနက်စာကို အာဟာရ ပြည့်အောင်စားခဲ့ဖို့၊ ဆေးတွေဘာတွေ မသောက်ခဲ့ဖို့နဲ့ သွေးကနေတစ်ဆင့် ရောဂါပိုးကူးစက်တဲ့ အခြေအနေတွေမလုပ်ခဲ့ဖို့ လိုအပ်ပါတယ်။

မေး. ပထမဆုံးအကြိမ် သွေးလှူမယ့်လူတွေက ဘာတွေသိထားသင့်ပါသလဲ ဆရာမ။

ဖြေ. သွေးလှူရှင်တွေကို ဗဟုသုတအနေနဲ့ ပြောချင်တာက သွေးလှူတော့မယ်ဆိုရင် ဆရာမတို့က မေးခွန်းလွှာလေးတွေပေးထားပါတယ်။ အဲဒီမေးခွန်းတွေက သွေးလှူရှင်လူနာကော သွေးလက်ခံမယ့်လူနာပါ မထိခိုက်အောင်ဖြေခိုင်းတာပါ။ သွေးလှူရှင်တစ်ဦးအတွက် ကိုယ်ကိုယ်တိုင် ကျန်းမာရေးကောင်းနေဖို့ လိုသလိုပဲ လိုအပ်တဲ့လူနာ အန္တရာယ်မဖြစ်ရအောင် ဘေးကင်းတဲ့ လူနေမှုစနစ်ရှိမှသာ သွေးလှူသင့်ပါတယ်။

ဆရာမတို့ သွေးဌာနမှာတော့ နည်းပညာမြင့်မားပြီး Window Period (ရောဂါပိုးတွေ့ရှိမှု ကြားကာလ) လျှော့ချနိုင်တဲ့ စက်တွေနဲ့ စစ်နေပါပြီ။ ဒါပေမဲ့ တချို့ဆေးရုံတွေနဲ့ နယ်ဆေးရုံတွေမှာတော့ နည်းပညာမြင့်တဲ့ စက်တွေနဲ့ စစ်ဆေးနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် ဘယ်မှာပဲလှူလှူ သွေးလှူရှင်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းတယ်လို့ယူဆပြီး သွေးလှူသင့်ပါတယ်။ အန္တရာယ်ရှိတဲ့ အပြုအမူဆိုတာ နားဖောက်တာ၊ ဆေးမင်ကြောင်ထိုးတာ၊ အကာအကွယ်မပါဘဲ လိင်ကိစ္စပြုမူတာတွေ ဖြစ်ပါတယ်။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။

သွေးလှူရှင်တစ်ယောက်က အကြမ်းအားဖြင့် ကျန်းမာရေး ကောင်းမွန်နေဖို့လိုပါတယ်၊ ရောဂါတွေ မဖြစ်ရဘူး၊ ဆေးတွေသောက်မနေရပါဘူး။ ဒီရောက်ရင် သွေးနီအားနဲ့ သွေးခုန်နှုန်းတွေ ပြန်စစ်ဆေးပါတယ်။ မေးခွန်းလွှာတွေ ဖြေခိုင်းပါတယ်။ သွေးလာလှူရင် အိပ်ရေး၀၀ အိပ်ခဲ့ဖို့၊ မနက်စာကို အာဟာရပြည့်အောင် စားခဲ့ဖို့၊ ဆေးတွေဘာတွေ မသောက်ခဲ့ဖို့နဲ့ သွေးကနေတစ်ဆင့် ရောဂါပိုးကူးစက်တဲ့ အခြေအနေတွေ မလုပ်ခဲ့ဖို့ လိုအပ်ပါတယ်။

မေး. သွေးလှူရှင်တွေကို ပြောကြားလိုတဲ့ စကားရှိရင် ပြောပြပေးပါ ဆရာမ။

ဖြေ. သွေးလှူရှင်တွေကို လေးလတစ်ကြိမ် အမြဲတမ်းလှူဒါန်းပေးကြဖို့ ပြောချင်ပါတယ်။ ဆရာမတို့ ဌာနအနေနဲ့ မထောက်ပံ့နိုင်သေးတဲ့ ဆေးရုံတွေရှိနေသေးတဲ့အတွက် သွေးလိုအပ်မှုက အမြဲတမ်းရှိနေပါတယ်။ မလှူဖူးတဲ့သူတွေလည်း ကျန်းမာရေးကောင်းတယ်ဆိုရင် စပြီး လှူဒါန်းဖို့ တိုက်တွန်းချင်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ နှလုံးခွဲစိတ်တဲ့ လူနာတွေလောက်ပဲ သွေးလှူရှင်ရှာရပါတယ်။ နှလုံးခွဲစိတ်တဲ့ လူနာတွေက Fresh Blood ကိုပဲ တောင်းဆိုထားတဲ့အတွက် သိုလှောင်ထားတဲ့သွေးကို မသုံးတာကြောင့် သွေးလှူရှင်ရှာရတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top