Healthy Life Ad
Life Style

နေရာ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဟိုးတစ်နေ့က ကျွန်မတို့ကားအပြင်မှာ ပိတ်ပြီး လုပ်ငန်းသုံး လိုက်ထရပ်ကားတစ်စီးက လမ်းဘေးမှာ နှစ်ထပ်ရပ်ထားပါတယ်။
တစ်နေ့ကလည်း အဲဒီလိုပဲ နှစ်ထပ်လာရပ်ထားပြန်ရော . . သူ့ကားကို ရှောင်ပြီး မနည်းထွက်ရပါတယ်။

နောက်တစ်နေ့ကျတော့ အဲဒီနေရာမဟုတ်ဘဲ ရှေ့ဘက်မှာ ကားရပ်စရာနေရာလွတ်တွေ့တာနဲ့ ရပ်ထားတဲ့အခါ အပြန်မှာ တခြားကားတစ်စီးကို ပိတ်ပြီး အဲဒီလိုက်ထရပ်ကပဲ နှစ်ထပ်ရပ်ထားတာ တွေ့ရပြန်ပါတယ်။

သေချာစဉ်းစားလိုက်မှ . . အော် . . ဒီကားက သူ့အိမ်ရှေ့မို့လို့ ဒီနေရာမှာပဲရပ်မယ်ဆိုတဲ့ အတွေးနဲ့ထင်တယ်ပေါ့ . . ဘာဖြစ်လို့လဲဆိုတော့ တခြားမှာ နေရာလွတ်တွေ ရှိရဲ့နဲ့ ရှေ့နား ဒါမှမဟုတ် နောက် နားက ပလက်ဖောင်းဘေးနေရာလွတ်မှာ ရပ်မှ မရပ်ဘဲ။ ဒီနေရာလေးမှာကို ကားရှိရင်လည်း နှစ်ထပ်ပိတ်ပြီး ရပ်တယ်၊ မရှိရင် သူ တစ်စီးတည်းရပ်တယ်။ တခြားကားတွေက နှစ်ထပ်ရပ်ထားတဲ့ သူ့ကားနေရာရောက်ရင် ကျပ်တဲ့ တခြားလမ်းကနေ ခေါင်းတိုးပြီး သွားရရှာတယ်။ တခြားနေရာတွေမှာ ချောင်ပြီး နှစ်ထပ်ရပ်ထားတဲ့ ဒီနေရာကွက်ကွက်လေးမှာမှ လာကျပ်နေရပြန်တယ်။ သူ့ကြောင့် လမ်းသွားလမ်းလာတွေ ခက်ခဲနေပုံကို ကားပိုင်ရှင် တစ်နေရာကနေ ကြည့်ပြီး စိတ်လွတ်ကိုယ်လွတ် ပေါ့ပါးနေပါရဲ့လား . . .
_ _ _

တစ်ခါတစ်ခါ လူ့လောကမှာလည်း ဒီလိုတွေ တွေ့ရတာပါပဲ။ နေရာလေးတစ်နေရာကိုပဲ သည်းသည်းမည်းမည်း လုနေကြတာလေ။ ရှေ့မှာလည်း နေရာရှိပါရဲ့၊ နောက်မှာလည်းနေရာရှိပါရဲ့နဲ့ . . ဒီနေရာကမှ ငါ့နေရာ . . ငါက ဒီနေရာမှ မရရင် ဘေးထိုင် ဘုပြောမယ်၊ ကန့်လန့်တိုက်မယ်၊ ဂွစာ လုပ်မယ်ပေါ့။

တခြားသူတွေက သူတစ်ယောက်ကြောင့် အဆင်မပြေတွေဖြစ်၊ စည်းလုံးမှုတွေပျက်ပြား၊ လုပ်ငန်းမတွင်ကျယ် . . ဒါလည်း သူဂရုမစိုက်ဘူး။ အဲဒီနေရာကိုပဲအသည်းအသန်လိုချင်တယ် . . သူရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ စိတ်နေစိတ်ထားတွေ၊ EQ တွေမည်သို့မည်ပုံ ထိခိုက်နေရှာသလဲ . .သူ မစဉ်းစားအား။ အဲဒီနေရာကိုပဲ နှစ်ထပ်ရပ်တဲ့ကားလို ကပ်တွယ်နေရှာတယ် . .သူ့စိတ်တွေ ပျော်ရွှင်လွတ်လပ်နေပါရဲ့လား . . . ။
_ _ _

ကျွန်မတော့လေ အဲဒီနေရာမှာလည်း ဘယ်လောက်ပဲ နေရာလွတ်လွတ် ကားမရပ်တော့ဘူး။ အဲလိုလူတွေနဲ့လည်း လက်တွဲပြီး အလုပ်မလုပ်တော့ဘူး။ အဲဒီနေရာမှ အဲဒီနေရာမရရင် မဖြစ်ပါဘူးလို့ နေရာစွဲ စွဲနေသူတစ်ယောက်အတွက်နဲ့ အများအခက်အခဲမဖြစ်အောင် တခြားအဆင်ပြေတဲ့ နေရာကိုပဲ ရှာလိုက်တော့တယ်။ တကယ်သာ စိတ်ရင်းစေတနာမှန်ရင် နေရာတစ်ခုကတော့ မရှားပါဘူးလေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top