Healthy Life Ad
Life Style

ဒူးနာခြင်းအတွက် အာဟာရ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဘယ်အသက်အရွယ်တွေမှာ ဒူးနာတတ်ပါသလဲ ဆရာမ။
ဖြေ ။ အသက် ၄၅ နှစ်ကျော်၊ ၅၀ ထဲဝင်လာပြီဆိုတာနဲ့ လူအတော်များများဟာ ဒူးနာတဲ့ပြဿနာခံစားလာရတာကို တွေ့လာရပါတယ်။ ဒူးနာတာဟာ ဒူးဆစ်ရောင်ရမ်းတာ၊ ရောဂါပိုးတွေဝင်တာ၊ အနာတရတစ်ခုခုဖြစ်ပြီး ဒူးအရိုးရဲ့အရွတ်တွေစုတ်ပြဲသွားတာ၊ တစ်ခါတလေမှာတော့ ဘာအကြောင်းကြောင့်မှန်း မသိဘဲနာနေတာ၊ အရိုးပွရောဂါ ဖြစ်တာစတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒူးနာတယ်ဆိုရင်ပဲ လမ်းလျှောက်သွားလာရတာခက်ခဲနိုင်ပါတယ်။ တချို့ဆိုရင် လမ်းနည်းနည်းလျှောက်ရုံနဲ့ ခြေထောက်တွေ တအားနာပြီး ရောင်တာကအကြီးကြီးဖြစ်လာတာမျိုးတွေလည်း တွေ့ရပါတယ်။

မေး ။ ဒူးနာတဲ့အခါ ဘယ်လိုအာဟာရတွေကိုစားသုံးပေးသင့်ပါသလဲ ဆရာမ။
ဖြေ ။ ဒူးဆစ်ရောင်ရမ်းနာကျင်တဲ့ ဝေဒနာခံစားနေရသူတွေအတွက် အကောင်းဆုံးအစာတစ်မျိုးကတော့ နနွင်း(ဆနွင်း)ဖြစ်ပါတယ်။ နနွင်းထဲမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ(အင်တီအောက်ဆီးဒင့်) ရှိတဲ့ Curcumin ဓာတ်တစ်မျိုးပါဝင်တာကြောင့် နနွင်းကို သင့်တင့်သလိုစားပေးမယ်ဆိုရင် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဆရာမတို့နိုင်ငံမှာ အများအားဖြင့် ဟင်းချက်တဲ့အခါ နနွင်းမှုန့်အသုံးများတာကြောင့် ဒါဟာ ဒူးဆစ်ကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း နနွင်းတွေကို ဆန်မှုန့်တွေဘာတွေနဲ့ရောလိုက်တာကြောင့် တကယ့်နနွင်းအစစ်ရဲ့အာနိသင်ထိထိမိမိမပါတော့တာမျိုး တွေ့ရပါတယ်။ ဒီတော့ဖြစ်နိုင်ရင် နနွင်းတက်တွေဝယ်၊ ကိုယ့်ဘာသာကိုယ်အခြောက်လှမ်းပြီး အမှုန့်ကြိတ်စားပါ။

ဒူးဆစ်ကျန်းမာရေးနဲ့ပတ်သက်လို့ နောက်ထပ်အသုံးဝင်တဲ့အာဟာရတစ်မျိုးကတော့ သံလွင်ဆီဖြစ်ပါတယ်။ သံလွင်ဆီကို ဒူးဆစ်မှာလိမ်းပြီး နှိပ်နယ်ပေးတာဖြစ်ဖြစ်၊ ဟင်းချက်စားတဲ့အခါထည့်တာပဲဖြစ်ဖြစ် ရောင်ရမ်းတာကို အတော်လေးသက်သာစေနိုင်တယ်လို့သိရပါတယ်။ သံလွင်ဆီကို သောက်တာလည်း လုပ်နိုင်ပါတယ်။ သံလွင်ဆီမှာ အဓိကပါဝင်တဲ့ အင်တီအောက်ဆီးဒင့်ဓာတ်ကတော့ အော်လီယိုကန်သော်ဆိုတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒီဓာတ်ဟာ ခန္ဓာကိုယ်ထဲကနာကျင်မှုကိုဖြစ်စေတဲ့ အင်ဇိုင်းတွေထွက်တာကို လျော့နည်းစေနိုင်တာကြောင့် သံလွင်ဆီကို ဒီအတိုင်းသောက်ပေးမယ်ဆိုရင် တစ်ရက်ကို ထမင်းစားဇွန်း သုံးဇွန်းခွဲသောက်နိုင်ပါတယ်။ အဲလိုသောက်ပေးတာဟာ အိုင်ဗျူပရိုဖန် အကိုက်အခဲပျောက်ဆေးနဲ့ ဂုဏ်သတ္တိချင်းတူပါတယ်။ အရွက်သုပ်တဲ့ အခါထည့်တာ၊ အသားတွေချက်တဲ့ အခါထည့်ချက်တာမျိုးလုပ်ပေးနိုင်ပါတယ်။ အဓိကတော့ တစ်ရက်ကို သုံးဇွန်းခွဲစားသုံးဖို့ပါ။

အဆစ်အမြစ်ရောင်ရမ်းတာကို လျော့နည်းစေပြီး နာကျင်တာသက်သာစေဖို့ ပင်စိမ်းရွက် သုံးသင့်ပါတယ်။ ပင်စိမ်းမှာ အဓိကပါဝင်တဲ့ အင်ဇိုင်းအမည်ကတော့ ယူဂျီနောဖြစ်ပါတယ်။ ဒီတော့ ပင်စိမ်းကို စားမယ်ဆိုရင်အသားတွေသုပ်စားတာ၊ တခြားဟင်းသီးဟင်းရွက်တွေကိုအသုပ်လုပ်စားတာမျိုးမှာ ထည့်စားနိုင်ပါတယ်။

ချင်းမှာလည်း ရောင်ရမ်းမှုကိုလျော့နည်းစေတဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ ဒါကြောင့် အသားဟင်းတွေချက်တဲ့အခါ ချင်းထည့်ချက်ပေးပါ။

ပန်းဂေါ်ဖီစိမ်းဆိုရင် အရိုးအဆစ်တွေ ပျက်စီးတာကိုကာကွယ်ပေးပြီး ရောင်ရမ်းတာကို သက်သာစေပါတယ်။ ကြက်သွန်နီလည်း များများ စားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ကြက်သွန်နီမှာ အရိုးကျန်းမာရေးအတွက် သိသိသာသာအထောက်အကူပြုတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ ကွာစီတင်ပါဝင်လို့ ကြက်သွန်နီ များများစားတဲ့သူတွေမှာ အရိုးရောင်ရမ်းဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

ဆယ်လမွန်ငါး၊ မက်ကရယ်ငါးနဲ့ ဆာဒင်းငါးတွေကလည်း အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ရမ်းတာ၊ တောင့်တင်းတာတွေကိုလျော့ပါးစေပါတယ်။ လိမ္မော်ရောင်အသီးအနှံတွေဖြစ်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥတို့မှာလည်း ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေ ပါဝင်တာကြောင့် အရိုးအဆစ်အတွက် အကျိုးပြုတဲ့အတွက် စားဖြစ်အောင်စားသင့်ပါတယ်။ ပြုတ်စားတာ၊ ချက်စားတာစတာတွေပြုလုပ်နိုင်ပါတယ်။ ကန်စွန်းဥဆိုရင် ပြုတ်ထားတာတွေကိုချေလိုက်ပြီး သံလွင်ဆီဆမ်းစားတာမျိုးလုပ်နိုင်ပါတယ်။

အခွံမာအစေ့အဆန်တွေကတော့ ခန္ဓာကိုယ်ကျန်းမာစေတဲ့ အင်တီအောက်ဆီးဒင့်တွေအပြင် ပျက်စီးသွားတဲ့ အရိုးတစ်သျှူးတွေကို ပြုပြင်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် အရိုးအဆစ်နာနေတဲ့သူတွေအနေနဲ့ အခွံမာအစေ့အဆန်တွေ စားရပါမယ်။ ဖရုံစေ့တို့လို၊ ဗာဒံစေ့တို့ကို စားပါ။

ဘယ်ရီသီးတွေမှာတော့ အန်သိုဆိုင်ယမ်နင်လို့ ခေါ်တဲ့ ဓာတ်တွေပါဝင်တာကြောင့် ဒူးနာတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ဒီတော့စတော်ဘယ်ရီသီး စတဲ့ ဘယ်ရီသီးတွေကို ဒီအတိုင်းစားတာ၊ ဖျော်ရည်လုပ်သောက်တာ၊ ဒိန်ချဉ်စားတဲ့အခါရောစားတာမျိုး ပြုလုပ်နိုင်ပါတယ်။

အခွံအနီရောင်ရှိတဲ့ပန်းသီးမှာလည်း အင်တီအောက်ဆီဒင့်တွေအများအပြား ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ ကွာစီတင်ဓာတ်ဟာ ပန်းသီအနီထဲမှာပါဝင်တဲ့အပြင် အန်သိုဆိုင်ယန်နင် လို့ခေါ်တဲ့ ဓာတ်တစ်မျိုးလည်း ပါဝင်တာကြောင့် အရိုးအဆစ်ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ဒီတော့ ဒူးမကောင်းဘူးလို့ထင်ရင် ပန်းသီး အနီတစ်နေ့တစ်လုံးစားပေးပြီး ဒူးဆစ်ကျန်းမာအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။

မေး ။ ဒူးနာဝေဒနာသက်သာအောင် လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘယ်လိုဆင်ခြင်သင့်ပါသလဲ ဆရာမ။
ဖြေ ။ ဒူးနာတာသက်သာချင်ရင် လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ အရင်ဆုံး သွေးပူလေ့ကျင့်ခန်းလုပ်တာ၊ အကြောလျှော့တာမျိုး လုပ်ပေးပါ။ လေ့ကျင့်ခန်းတွေ ကိုပြင်းပြင်းထန်ထန်လုပ်တာမျိုး ရှောင်ပါ။ ပြေးတာ၊ တင်းနစ်ကစားတာတို့ကို ဖြစ်နိုင်ရင်ရှောင်သင့်ပါတယ်။ ရေကူးတာ၊ စက်ဘီးစီးတာတွေကိုတော့ အချိန်အရမ်းအကြာကြီး မဟုတ်ဘဲ လုပ်နိုင်ပါတယ်။ အဓိကကတော့ ကိုယ်အလေးချိန် လျှော့ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ဒူးက ပင့်ထားရတာဖြစ်တဲ့အတွက် တတ်နိုင်ရင် ကိုယ်အလေးချိန်လျှော့ပေးရပါမယ်။ ဖိနပ်စီးတဲ့အခါမှာလည်း သတိထားပါ။ ဒေါက်ဖိနပ်တွေ မစီးသင့်ပါဘူး။

အခုနောက်ပိုင်း ဒူးနာတဲ့လူနာတွေတော်တော်များလာပါတယ်။ ဆရာမဆီလာတဲ့ ဒူးနာတဲ့လူနာတွေကိုတော့ အဓိက ကိုယ်အလေးချိန်ပဲချပေးပါတယ်။ ကြိုတင်ကာကွယ်တာတော့အကောင်းဆုံး ဖြစ်တာကြောင့် ကိုယ်အလေးချိန်ထိန်းထားတာ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ပေးတာ၊ လိုအပ်တဲ့ အာဟာရတွေမှီဝဲတာမျိုး ပြုလုပ်သင့်ပါတယ်။

အိပ်တဲ့အခါမှာလည်း ခါးအောက်မှာ ခေါင်းအုံးအသေးတစ်လုံး၊ ဒူးအောက်မှာခေါင်းအုံးအသေးတစ်လုံးထည့်ပြီး အိပ်ပေးတာက ဒူးနာသက်သာစေပါတယ်။ ထိုင်နေတာက အကောင်းဆုံးဆိုပေမယ့် မတ်တပ်ရပ်တဲ့အခါမျိုးမှာ ခြေထောက်နှစ်ချောင်းလုံးပေါ်ကို ခန္ဓာကိုယ်ရဲ့အလေးချိန်က မျှမျှတတရှိနေဖို့ လိုပါတယ်။ ဆိုလိုတာက ခြေထောက်တစ်ချောင်းပေါ်ကိုပဲ အားပြုပြီးရပ်တာမျိုး၊ မှီပြီး မတ်တပ်တာမျိုးမလုပ်သင့်ပါဘူး။ ဒူးအရမ်းနာလို့ ရေခဲအုပ်မယ်ဆိုရင်လည်း တစ်နာရီအတွင်း ၁၅ မိနစ်လောက်ပဲအုပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top