Healthy Life Ad
Life Style

အင်္ဂလိပ်စာ သိပ်ကျွမ်းတာ

ပါမောက္ခဒေါက်တာဥာဏ်ဝင်းကျော်(ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“လ၀န်းမရှိတော့ဘူး၊ ဘယ်ထွက်သွားတာလဲ မသိဘူး၊ လိုက်ရှာကြပါဦး”
တစ်အိမ်သားလုံးပြာယာခတ်ပြီး အိမ်ထဲက အခန်းတိုင်း၊ ရေချိုးခန်း အိမ်သာပါမကျန် ၀င်ရှာသူကရှာ၊ လမ်းမပေါ် ထွက်ရှာသူကရှာ၊ အနီးအနား ဖုန်းဆက်သူကဆက်နဲ့ စိတ်ပူပန်ကုန်ကြတယ်။ လ၀န်းတစ်ယောက် ညကြီးအချိန်မတော် အခုလို ပျောက်ပျောက်သွားတာ တစ်ညလည်း မဟုတ်၊ နှစ်ညလည်း မဟုတ် . . မကြာခဏ ဖြစ်နေပြီ။
“အဖေ . . အန်တီမေတို့အိမ်မှာ လ၀န်းရောက်နေတယ်တဲ့”
ဒီတော့မှ လ၀န်းအဖေကော အမေပါ သက်ပြင်းချနိုင်တော့တယ်။

လ၀န်းအိမ်ပြန်ရောက်တော့လည်း သူ့အခန်းထဲမှာ စကားတွေ တတွတ်တွတ်ပြောနေသံကြားရတော့ မိခင်ဖြစ်သူက-“သမီးတစ်ယောက်တည်း ဘာတွေတွတ်တွတ်၊ တွတ်တွတ်နဲ့ ပြောနေတာလဲ”လို့ မေးကြည့်တယ်။“စာသင်နေတာပါ အမေ”လို့ ဖြေတဲ့အခါ ဖြေတယ်။ တစ်ခါတစ်ခါ “စာကျက်နေတာပါအမေ” လို့ ဖြေချင်ဖြေတတ်တယ်။ ဘာစာတွေသင်နေတာလဲဆိုရင် “အို . . အမေတို့ နားမလည်ပါဘူး။ ဒါက အင်္ဂလိပ်စာတွေ . . အဆင့်မြင့်တယ်အမေ . . တော်ရုံတန်ရုံ ပညာတတ်ရုံနဲ့ နားမလည်ဘူး၊ သမီးရေးတဲ့ အင်္ဂလိပ်စာက အဆင့်မြင့်လွန်းလို့ တက္ကသိုလ်က ဆရာ၊ ဆရာမတွေကိုတောင် သွားသင်ပေးရဦးမှာ”လို့ လ၀န်းက ဖြေတတ်တယ်။

နောက်ပိုင်းမှာတော့ လ၀န်းဟာ ညဘက်ဆိုလည်း မအိပ်တဲ့ရက်က များလာပြီး အိမ်ထဲမှာ တစ်ယောက်တည်း စကားတတွတ်တွတ်ပြောတဲ့အပြင် ညကြီးမိုးချုပ် လှစ်ခနဲလှစ်ခနဲအပြင်ထွက်သွားတတ်တာကြောင့် ဖခင်ဖြစ်သူက ဆရာ့ဆီကို ခေါ်လာပါတော့တယ်။

“ဆရာရယ် . . . သမီးက အိပ်လည်း မအိပ်ဘူး။ တစ်ယောက်တည်း တွတ်တွတ်၊ တွတ်တွတ်နဲ့ ဘာတွေပြောမှန်းလည်းမသိဘူး။ ညဘက်ကျတော့ မအိပ်တဲ့အပြင် ကျွန်တော်တို့အလစ်မှာ အိမ်ကနေ လှစ်ခနဲ ထွက်သွားတယ်ဆရာ။ ကျွန်တော်တို့မှာ စိတ်ပူပြီး လိုက်ရှာနေတာ။ တော်သေးတယ်။ ကျွန်တော့် ညီမက သူတို့အိမ်မှာ လ၀န်းရောက်နေတယ်ဆိုပြီး ဖုန်းဆက်လို့။ ညကြီးမိုးချုပ်ထွက်သွားတော့ ကျွန်တော်တို့မှာ စိတ်ပူလိုက်ရတာ”
ဆရာ့ဆေးခန်းထဲရောက်တော့လည်း လ၀န်းက စကားတွေကို တတွတ်တွတ်ပြောပါတယ်။

“ဆရာ . . သမီးက အင်္ဂလိပ်စာ အရမ်းကျွမ်းတယ်ဆရာ”ဆိုပြီး စာရွက်တစ်ရွက်ထဲမှာ အင်္ဂလိပ်စာတွေ လျှောက်ရေးပါတော့တယ်။ ပြီးတော့ “ဆရာ ဖတ်တတ်လား”လို့ မေးပြီး တခြားသူနာပြုဆရာမလေးတွေကိုပါ “ဖတ်တတ်လား”ဆိုပြီး လိုက်မေးပါတယ်။

“မဖတ်တတ်ဘူး”လို့ သူနာပြုဆရာမလေးတွေကဖြေတော့-“တွေ့တယ်မဟုတ်လား ဆရာ။ သမီးက အင်္ဂလိပ်စာ အရမ်းကျွမ်းတာ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကိုတောင် အင်္ဂလိပ်စာ သင်ပေးနိုင်တယ်။ ဒါတင်မကပါဘူး . .တက္ကသိုလ်ဆရာ၊ ဆရာမ တွေကိုတောင် သမီးက အင်္ဂလိပ်စာသင်ပေးနိုင်ပါတယ်ဆရာ”အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ လ၀န်းက သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး စာဖတ်ချင်ပေမယ့် မျက်စိက စာဖတ်လို့ မရဘူး။ ခေါင်းမူးတယ်။ တစ်ခါတလေ မေ့တတ်တယ်လို့ ပြောပါတယ်။တကယ်တော့ လ၀န်းဟာ လောလောဆယ်မှာ ဘ၀င်မြင့်ပြီး စိတ်ကြွနေတဲ့ အခြေအနေနဲ့ ရောက်လာတာဖြစ်ပါတယ်။

သူ့အကြောင်းကို အသေးစိတ်ဆက်မေးကြည့်လိုက်တော့ ဂနာမငြိမ်ဘဲဟိုဟာလုပ်ချင်တယ်၊ ဒီဟာလုပ်ချင်တယ်၊ လမ်းထွက်ချင်တယ်၊ ညညမအိပ်ဘူး၊ တစ်ယောက်တည်း စကားတွေများနေတယ်ဆိုတာတွေအပြင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက လ၀န်း၁၀တန်းဖြေမယ့်ညမှာ အိပ်ရေးပျက်တာတွေများတဲ့အပြင် အစားအသောက်ပျက်တာတွေကလည်း များလာတဲ့အတွက် ငိုလိုက်၊ ရယ်လိုက်၊ သီချင်းတွေ အော်ဆိုလိုက် ဖြစ်လာခဲ့တယ်။ စာမေးပွဲမဖြေခင် တစ်ညမှာတော့ လ၀န်းက အိမ်ကနေ အပြင်ကို တိတ်တိတ်ကလေး ထွက်သွားပါတော့တယ်။ ဒီလိုနဲ့ အဲဒီနှစ်မှာ လ၀န်း ၁၀ တန်း မဖြေလိုက်ရဘူး။

“သူ စိတ်ဓာတ်တွေကျနေလို့ ဆေးကုခဲ့ရဖူးတယ်ဆရာ။ အဲဒီတုန်းက နှစ်လ-သုံးလလောက် စနစ်တကျကုလိုက်တော့ သက်သာသွားပါတယ်။ ဒါနဲ့ အိမ်မှာပဲ အေးအေးဆေးဆေး ထားလိုက်တယ်။

သူ့အခြေအနေ ငြိမ်သွားတော့ ကျွန်တော်တို့လည်း သူ့ကို စာတွေဘာတွေ သင်လို့ရမလားဆိုပြီး ကြိုးစားကြည့်ပေမယ့် စာသင်လိုက်တဲ့အခါ သူက စကားမပြောဘဲ တစ်ယောက်တည်းနေတာတွေ၊ ငြိမ်ကျသွားတာတွေရှိတယ်။ ပြီးတော့ “စာမကျက်ချင်ဘူး၊ ကျောင်းမတက်ချင်ဘူး” ဆိုပြီး ငိုယိုသောင်းကျန်းနေလို့ ဆေးပြန်ကုခဲ့ရသေးတယ်ဆရာ”

လို့ လ၀န်းရဲ့ ဖခင်က အကြောင်းစုံကို ပြောပြပါတယ်။

လ၀န်းက စိတ်ဓာတ်ကျလိုက်၊ စကားများပြီး စိတ်ကြီးဝင်လိုက်နဲ့ ဖြစ်ခဲ့ပေမယ့် သက်သာနေတာတော့ အတော်ကြာပါပြီ။ အခုမှ ဒီလိုပြန်ဖြစ်တာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ် ဆရာ”လို့ ဖြည့်စွက်ပြီးပြောပါတယ်။

လောလောဆယ်မှာတော့ လ၀န်းကို စကားတတွတ်တွတ် ပြောတာများတဲ့အပြင် အင်္ဂလိပ်စာသိပ်ကျွမ်းတယ်၊ တက္ကသိုလ်က ဆရာ၊ ဆရာမတွေကိုတောင်စာတွေသင်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေတဲ့ စိတ်တွေ လျော့ပါးသွားဖို့ရယ်၊ အိမ်ကနေ လှစ်ခနဲ လှစ်ခနဲ ထွက်ပြေးတာကြောင့် မိဘတွေက အလွန်အမင်း စိုးရိမ်နေလို့ရယ် ဆေးရုံမှာတင်ပြီး သွေး၊ ဆီး၊ ၀မ်း စတဲ့ အခြေခံကျန်းမာရေး စစ်ဆေးမှုလုပ်ခိုင်းကာ သင့်တော်တဲ့ ဆေးကုသမှုပေးနေရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top