Healthy Life Ad
Child

ကလေးကို ကြမ်းကြမ်းတမ်းတမ်း ခါရမ်းပါက ကလေးတွင် ဖြစ်နိုင်သည့်အန္တရာယ်များ

ဒေါက်တာသီရိ (MBBS,MPH,DCH)

ဖေဖေ၊ မေမေနဲ့ ကလေးထိန်းတွေအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ စိတ်တွေရှုပ်ပြီး ဒေါသတွေထွက်နေချိန်မှာ ကလေးလေးကလည်း အငိုမရပ်၊ ချော့မရဖြစ်နေရင် ဒေါသတွေအားလုံး ကလေးအပေါ် စုပြုံသွားတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအချိန်အများအားဖြင့် လုပ်မိလေ့ရှိတာက ကလေးရဲ့လက်မောင်းနှစ်ဖက်ကို ဖိညှစ်ကိုင် ပြီးဖြစ်စေ၊ ရင်ဘက်ကနေ ညှစ်ကိုင်ပြီးဖြစ်စေ ကလေးလေးကို ကြမ်းကြမ်းတမ်းတမ်းခါယမ်းလိုက်မိတတ်ပါတယ်။ အဲဒီအချိန် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ နုနယ်တဲ့ကလေးလေးရဲ့ ခန္တာကိုယ်အစိတ် အပိုင်းတချို့ဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး တစ်ဘ၀လုံး ဒုက္ခိတဖြစ်သွားနိုင်ပါတယ်။

ဘာတွေဖြစ်နိုင်လဲ
ချက်ချင်းအနေနဲ့ ကလေးက ပင်ပန်းနွမ်းနယ်နေမယ်။ အစာမစားတော့ဘူး။ ရယ်တာ၊ ပြုံးတာ စကားပြောတာမရှိတော့ဘူး။ အရမ်းငိုနေမယ်။ ကြောင်တောင်တောင်ဖြစ်နေမယ်။ တချိန်လုံး အိပ်နေမယ်။ နိုးရခက်မယ်။ ကလေးက တောင့်တောင့်ခိုင်ခိုင်ကြီး ဖြစ်နေမယ်။
အရမ်းကိုနူးညံတဲ့ ဦးနှောက်ကကြမ်းကြမ်းတမ်း တမ်းလှုပ်ခါခံလိုက်ရတဲ့ အချိန်မှာ ဘေးနံရံက ဦးခေါင်းခွံတွေနဲ့ ဆောင့်ခံရသလိုဖြစ်ပြီး ဦးနှောက်တွင်းသွေးယိုတာ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရတာ တွေဖြစ်နိုင်ပါတယ်။ ရင်ဘက်ကိုညှစ်ပြီး ကိုင်ဆောင့်တာတွေကြောင့် နံရိုးကျိုးတာ၊ အဆုတ်ထိခိုက်တာ တွေဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ ကလေးဦးနှောက်ဖွံဖြိုး မှုပုံမမှန်တာ၊ မျက်စိမမြင်တော့တာ၊ နားမကြားတောတာ၊ စာသင်လို့မရတော့တာ၊ ခဏခဏတတ်တာ၊ ခြေလက်မသန်တော့တာနဲ့ သေဆုံးတာတွေအထိ ဖြစ်နိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာတော့ တစ်နှစ်ကို ကလေး အယောက် ၁၀၀၀-၃၀၀၀ အထိ ဒီလိုကြမ်းကြမ်း တမ်းတမ်းဆက်ဆံတာကိုခံနေရပြီး သူတို့တွေရဲ့ လေးပုံတစ်ပုံက သေဆုံးနိုင်ပါတယ်။ အသက်ရှင် ကျန်ခဲ့တဲ့ကလေးရဲ့ ၈၀ရာခိုင်နှုန်းကတော့ ဦးနှောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရကြပါတယ်။

ဘယ်လိုကာကွယ်မလဲ
ကလေးထိန်းနေသူအနေနဲ့ ကိုယ်ကိုယ်တိုင် လည်းအရမ်းစိတ်ရှုပ်နေမယ်၊ ကလေးကလည်း ဘယ် လိုမှချော့မရအောင်ငိုနေမယ်ဆိုရင် ကလေးကို ပုခက်ထဲမှာ ခဏထည့်ထားပါ။ အသက်ကို၀၀ရှူပါ။ စိတ်ကိုအရင်လျှော့ချထားပါ။ ပြီးမှ ကလေးငိုရတဲ့ အကြောင်းရင်းကိုရှာပါ။

ကလေး ဘာလို့ ငိုတာလဲ

– ဗိုက်ဆာ/ရေဆာနေလို့လား

– အနှီးစိုနေလား

– အနှီး/ အ၀တ်အစားအရမ်းကြပ်နေလား

– ပျင်းနေလို့လား

– ရာသီဥတု အရမ်းပူ/အရမ်းအေးနေလို့လား

– အကောင်ကိုက်လို့လား

နေမကောင်းတဲ့ အခြေအနေတွေကိုလည်း စစ်ဆေးကြည့်ပါ

– နှာပိတ်နေလား

– အဖျားရှိလား

– နားထဲကပြည်/အရည်တွေထွက်နေလား

– နားကိုင်ပြီးငိုနေလား

– ခန္ဓာကိုယ်မှာ အနီစက်တွေထွက်နေလား

– အာသီးရောင်နေလား/အကျိတ်တွေ ထွက်နေလား

ကလေးလေးတွေအတွက် ငိုတယ်ဆိုတာ ပုံမှန်ကြီးထွားမှုရဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။ ကလေးလေးတစ်ယောက်ဟာ တစ်နေ့ ၃နာရီလောက်အထိ (တစ်ခါတလေ ဒီ့ထက်ပိုပြီးတောင်) ဘာရောဂါမှရှိလို့ မဟုတ်ဘဲ ငိုတတ်ပါတယ်။
ဖေဖေ၊ မေမေတို့ရေ . . ဘယ်လောက်ပဲ စိတ်ရှုပ်၊ စိတ်ဆိုးနေပါစေ . . သားသားမီးမီးတို့ကို ကြမ်းကြမ်းတမ်းတမ်း မခါယမ်းမိပါစေနဲ့နော်။

References:
1. Shaken baby syndrome: facts and figures. Department of Health. https://www.health.ny.gov/prevention/injury_ prevention/shaken_ baby_ syndrome/sbs_fact_sheet.htm

2. Shaken Baby Syndrome factsheets. http://www.gretchenshouse.com/wp-content/uploads/2012/09/Shaken-Baby-Certification.Renewal-info-and-test.pdf

3. Photo credits: CanadaQbank

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top