Healthy Life Ad
Health Tips

အိပ်ရေး၀၀အိပ်ပျော်စေမည့် လေ့ကျင့်ခန်း ၄ မျိုး

၊ ကိုထက် ၊

နေ့စဉ် အိပ်ချိန်လုံလောက်အောင်ပေးပေမယ့်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တဲ့အခါမှာ အိပ်ရေးမ၀တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရေးမ၀တဲ့အခါ အလုပ်ထဲအာရုံမစိုက်နိုင်တာ၊ ပေါ့ပါးဖျတ်လတ်မှုမရှိတာ . . စတာတွေအပြင် တစ်နေ့တာဖြတ်သန်းရတဲ့ အချိန်တွေက အလွန်ပင်ခက်ခဲတတ်ပါတယ်။ စိတ်ဖိစီးမှုတွေဖြစ်လွယ်စေနိုင်သလို တစ်ကိုယ်လုံးညောင်းညာနေပြီး ခန္ဓာကိုယ်သန်စွမ်းမှုကိုလည်း ကျဆင်းလာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အိပ်ရာမ၀င်ခင်ပြုလုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


(၁) အကြောဖြေလျော့ခြင်း
အိပ်ရာပေါ်မှာ ပက်လက်လှန်လျက် လှဲလျောင်းနေပါ။ ခြေထောက်နှစ်ဖက်ဆွဲယူကာ ဒူးကွေးပြီး ဒူးထောင်ထားတဲ့ ပုံစံနေနေပါ။ အဲဒီနောက် အသက်ရှူသွင်းလိုက်ပြီး ဒူးနှစ်ဖက်ကို ၀မ်းဗိုက်ပေါ်သို့ကပ်လိုက်ပါ။ လက်နှစ်ဖက်နဲ့ ခြေထောက်တွေကိုဖက်လိုက်ပါ။ ပြီးနောက် အသက်ရှူထုတ် လိုက်ပြီး မူလအနေအထားသို့ ပြန်နေလိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ၁၀ကြိမ် ဒါမှမဟုတ် တစ်မိနစ်ခန့်ပြုလုပ်ပေးပါ။ အသက်၀၀ရှူပြီး လေ့ကျင့်ခန်း ကိုဖြည်းဖြည်းချင်း ပြုလုပ်ပေးဖို့လိုပါတယ်။

ဒီလေ့ကျင့်ခန်းကိုပြုလုပ်ခြင်းဖြင့် နောက်ကျောရှိ ကျောရိုး၊ ခါးနဲ့ပေါင်အကြောတွေကိုပြေလျော့စေပြီး အိပ်ပျော်လွယ် စေနိုင်ပါတယ်။ မနက်အိပ်ရာထချိန် မှာလည်း ပြုလုပ်ပေးနိုင်ပါတယ်။


(၂) ခြေထောက်ထောင်ပြီး အသက်ရှူခြင်း
အိပ်ရာရဲ့နံရံနဲ့ ကပ်နေတဲ့နေရာမှာ ခေါင်းအုံးကိုထားလိုက်ပါ။ အဲဒီခေါင်းအုံးပေါ် တင်ပါးတင်ပြီး ခြေထောက်နှစ်ချောင်းကို နံရံပေါ်မှီတင်ကာ ထောင်ထားလိုက်ပါ။ လက်နှစ်ဖက်ကို ဘေးတစ်ဖက်တစ်ချက်စီမှာ ထားပါ။ ရင်ဘတ်ကိုဖွင့်ထားပြီး အသက်မှန်မှန်ရှူပေးရမှာဖြစ်ပါတယ်။ ဒီအနေ အထားအတိုင်း ၁ မိနစ်-၂ မိနစ်ခန့် နေပေးရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကိုပြုလုပ်ပေးခြင်းဖြင့် ခြေထောက်နဲ့ ကျောရိုးအောက်ပိုင်းနေရာတွေကို အညောင်းပြေစေပြီး အဆုတ်ထဲသို့ အောက်ဆီဂျင်ပိုပြီး ပြည့်ပြည့်၀၀ ရောက်ရှိစေနိုင်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် အထောက်အကူပြုပေးပါတယ်။


(၃) ကျောရိုးကြွက်သား ဖြေလျော့ခြင်း
ဒီလေ့ကျင့်ခန်းမှာ အဆင့် ၂ ဆင့် ပါဝင်ပါတယ်။ ပထမအဆင့်အနေနဲ့ အိပ်ရာပေါ်မှာပက်လက်လှန်လျက် လှဲလျောင်းလိုက်ပါ။ မျက်နှာသုတ် ပ၀ါကိုလိပ်ပြီး ခါးနဲ့လည်ပင်းအောက်မှာ ခံထားပေးရပါမယ်။ လက်နှစ်ဖက်ကိုလည်း ဘေးဘက်တွေမှာ ဖြေလျှော့ချထားပြီး သက်သောင့်သက်သာ နေပေးပါ။ ဒီအနေအထားအတိုင်း ခြေနှစ်ဖက်ကို ကားလိုက်၊ စုလိုက်လုပ်ပါ။ ဦးခေါင်းကိုလည်း ဘေးဘယ်ညာသို့ဖြည်းဖြည်းလွှဲပေးပါ။ လည်ပင်းကို သိပ်အားမစိုက်ရပါဘူး။ ဒီနည်းအတိုင်း တစ်မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ အိပ်ရာပေါ်မှာ မှောက်လိုက်ပါ။ လက်နှစ်ဖက်ကို ဘေးသို့ကပ်ထားပြီး ခြေချောင်းတွေကို ဖြေလျှော့ထားရပါမယ်။ ပ၀ါလိပ် ဒါမှမဟုတ် ခေါင်းအုံးကို နဖူးအောက်မှာခံထားပါ။ ဒီအနေအထားအတိုင်း ခြေထောက်နှစ်ဖက်ကိုစုလိုက်၊ ကားလိုက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ကိုယ်လုံးကိုဖြေလျော့ထားပြီး ၁ မိနစ်ခန့်ပြုလုပ်ပေးပါ။


(၄) အပြီးသတ် အညောင်းဖြေခြင်း
အိပ်ရာပေါ်မှာ ပက်လက်လှဲလျက်အနေအထားအတိုင်း နေပါ။ လက်နှစ်ဖက်ကို ဘေးဘက်မှာချထားပြီး လက်ဖ၀ါးတွေကို အပေါ်ဖက်မှာထားပါ။ ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ခေါင်းအုံးအစွန်းလေးပေါ်မှာ ခေါင်းကိုတင်ထားပါ။ တစ်ကိုယ်လုံးကို ဖြေလျှော့နေလိုက်ပါ။

စိတ်ထဲကနေတစ်နေရာချင်းစီကို သတိထားပြီး ကြွက်သားတွေကိုဖြေလျှော့ပေးပါ။ ခြေချောင်းလေးတွေကစပြီး နဖူးထိတစ်ခုချင်းစီ တွေးတွေးပြီး အကြောတွေကို ဖြေလျော့ပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ် ကို စူးစူးစိုက်စိုက်ကြီး အာရုံမထားဘဲ ပေါ့ပေါ့ပါးပါးလုပ်ဖို့ အရေးကြီးပါတယ်။ ဒီအတိုင်း ခြေချောင်းမှ နဖူးထိအကြိမ် ၂၀ ခန့်အကြောဖြေလျှော့ ပေးပါ။ အသက်ကို မှန်မှန်ပဲရှူနေပေးဖို့လိုပါတယ်။

ဒီလေ့ကျင့်ခန်းကို ယောဂကစားသူတွေ နောက်ဆုံးလေ့ကျင့်ခန်းအနေနဲ့ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလေ့ကျင့်ခန်းပြု လုပ်ပေးတာက သင့်ကို မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျ ဖို့ များစွာအထောက်အကူပြုပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top