Healthy Life Ad
Life Style

အချိန်တိုအတွင်း ခန္ဓာကိုယ် သွယ်လျလှပစေမည့် လေ့ကျင့်ခန်း ၅ မျိုး

၊ ကိုထက် ၊

ကြည့်ကောင်းပြီး အချိုးကျတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်နိုင်ဖို့အတွက် ကျန်းမာရေးအရ အသင့်တော်ဆုံးနဲ့ ဘေးအန္တရာယ်အကင်းဆုံးနည်းလမ်းတွေကတော့ ကိုယ်လက်အားကစား မှန်မှန်ပြုလုပ်ပေးခြင်းသာ ဖြစ်ပါတယ်။ အိမ်တွင်း ပြုလုပ်နိုင်တဲ့ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေအတိုင်း လေ့ကျင့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံလည်း ရှိမယ်ဆိုရင် အချိန်တိုအတွင်းမှာ သင့်ခန္ဓာကိုယ်ဟာ ကျစ်လျစ်သွယ်လျပြီး ကြည့်ကောင်းလာစေမှာဖြစ်ပါတယ်။


လက်ထောက်မှောက် လေ့ကျင့်ခြင်း
မှောက်လျက်အနေအထားနေပြီး တံတောင်ဆစ်နှစ်ဖက်နဲ့ကြမ်းကို ထောက်ထားပါ။ ခြေနှစ်ဖက်ကိုဆန့်တန်းထားပြီး ခြေချောင်းတွေနဲ့ ထောက်ထားပါ။ ခန္ဓာကိုယ်အလေးချိန်ကို ခြေချောင်းတွေနဲ့ တံတောင်ဆစ်ပေါ်မှာ မျှတအောင်နေပါ။ ဦးခေါင်းကို ခန္ဓာကိုယ်နဲ့ တစ်ဖြောင့်တည်းထားပြီး ခါးကိုလည်း ကိုင်းမနေအောင် ဆန့်တန်းထားရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း ၁၀ စက္ကန့်ခန့်နေရမှာပါ။ တဖြည်းဖြည်းနဲ့အချိန်ကို ပိုတိုးပြီး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၃၀-၆၀-၉၀ လေ့ကျင့်ခြင်း
ကြမ်းပေါ်တွင် လှဲလျက်အနေအထားနေပါ။ လက်နှစ်ဖက်ကို ဘေးတွေ ချပြီးကပ်ထားပါ။ ဒီအနေအထားအတိုင်း ခြေထောက်နှစ်ဖက်ကို ကပ်လျက် ဆန့်တန်းထားပြီး အပေါ်ကိုမြှောက်လိုက်ပါ။ ခြေထောက်တွေကို ၃၀ ဒီဂရီခန့် မြှောက်ပြီး အသက်သုံးကြိမ် ရှူသွင်းလိုက်၊ ရှူထုတ်လိုက်လုပ်ပေးပါ။ ပြီးရင် ခြေထောက်တွေကို ၆၀ ဒီဂရီခန့်အထိ ထပ်မြှင့်လိုက်ပါ။ အသက် သုံးကြိမ် ရှူသွင်းလိုက်၊ ထုတ်လိုက်ထပ်လုပ်ပေးပါ။ ပြီးမှ ၉၀ ဒီဂရီဖြစ်အောင် ထောင်မတ်လိုက်ပါ။ အသက်သုံးကြိမ်ရှူပြီး မူလကြမ်းပေါ်သို့ ပြန်ချလိုက်ပါ။ ၀မ်းဗိုက်တွေကို ချပ်ထားဖို့လိုအပ်ပါတယ်။

မြွေပုံစံ လေ့ကျင့်ခြင်း
မှောက်လျက်အနေအထားနေပေးရမှာဖြစ်ပါတယ်။ ခြေထောက်နှစ်ဖက်ကို စုထားပြီး တံတောင်ဆစ်နှစ်ဖက်နဲ့ ကြမ်းကိုထောက်ပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို မြှောက်ထားရမှာပါ။ ပြီးရင် ဖြည်းဖြည်းချင်း အသက်ရှူသွင်းကာ လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ခန္ဓာကိုယ်ကိုအပေါ်သို့ ပင့်တင်လိုက်ပါ။ ဦးခေါင်းကိုလည်း အနည်းငယ်မော့ပေးရမှာဖြစ်ပါတယ်။ ၀မ်းဗိုက်ကြွက်သားတွေကို တင်းနေတဲ့ အနေအထားမှာ စက္ကန့် ၃၀ ခန့်နေပါ။ အဲဒီနောက် ခန္ဓာကိုယ်ကို ပြန်နှိမ့်ချလိုက်ပြီး အသက်ရှူထုတ်လိုက်ပါ။

နှံကောင်ပုံစံ လေ့ကျင့်ခြင်း
မှောက်လျက်အနေအထားနေပြီး မေးစေ့ကို ကြမ်းပေါ်ထိထားရမှာဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ဘေးမှာ ကပ်ထားရပါမယ်။ ခြေထောက်တွေကို ကပ်ပြီး ဆန့်နိုင်သလောက် ဆန့်ထုတ်ထားရပါမယ်။ အဲဒီနောက် အသက်ရှူသွင်းလိုက်ပြီး ခြေထောက်တွေကို အပေါ်သို့မြှင့်တင်လိုက်ရပါမယ်။ ပြီးရင် အသက်ရှူထုတ်ပြီး ခြေထောက်တွေကို ပြန်ချပေးရပါမယ်။ ဒီနည်းအတိုင်း ခြေထောက်ကို မြှင့်လိုက်၊ ချလိုက်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ဖယောင်းတိုင်ပုံစံ လေ့ကျင့်ခြင်း
ဦးစွာကြမ်းပေါ်မှာ လှဲနေပါ။ ခြေနှစ်ဖက်ကို ဒူးထောင်ထားတဲ့အနေအထားနေပြီး ၀မ်းဗိုက် ကြွက်သားတွေကိုလည်း တင်းထားရပါမယ်။ အဲဒီနောက် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို မြှင့်တင်လိုက်ပြီး ခြေနှစ်ဖက်ကိုလည်း အပေါ်သို့ဆန့်တန်းအောင်နေပါ။ လက်နှစ်ဖက်နဲ့ ခန္ဓာကိုယ်ကို ထောက်ပေး ထားပါ။ ဒီအနေအထားအတိုင်း ၁ မိနစ်ခန့်နေပြီးမှ ပြန်ဖြေလျှော့ရမှာဖြစ် ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top