၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)
ကြံခင်းမြို့၊ အုတ်တွင်းအုပ်စု၊ အုတ်တွင်းရွာတွင်နေထိုင်သော အဘွားဒေါ်တင်လေးသည် ယခုထိတိုင် ရောဂါကြီးကြီးကျယ်ကျယ်မရှိဘဲ အစားအသောက်များကို မိမိဘာသာ စားသောက်ခြင်း၊ အကူအညီမပါဘဲ အသွားအလာပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်နေဆဲဖြစ်ပြီး ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုပင် ပြန်လည်ပြောပြနိုင်သည်အထိ မှတ်ဥာဏ်ကောင်းနေဆဲဖြစ်သည်။
အဘွားဒေါ်တင်လေး၏ မွေးနေ့ကို အိမ်ထောင်စုစာရင်းတွင် ၆-၃-၁၂၇၉ ဟု တွေ့ရှိရပြီး အဘွားက သူ့ငယ်စဉ်ဘ၀အကြောင်းကို ယခုလို ပြန်ပြောင်းပြောပြခဲ့သည်။
“အဘွားပညာရေးကတော့ ဘုန်းကြီးကျောင်းသင်ပညာရေးပါ။ အဘွားသိတတ်စအရွယ်ကတည်းက လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်ခဲ့ပါတယ်။ ရွာမှာပဲနေပြီး ရွာမှာပဲ ကြီးပြင်းရင်း တစ်ရွာတည်းသားအဘိုးနဲ့ အိမ်ထောင်ကျခဲ့တာပါ” အဘွား အသက် ၂၀ အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၁၂ ယောက် ထွန်းကားခဲ့သည်။ သို့ရာတွင် သားသမီးသုံးယောက်သာ အဖတ်တင်ခဲ့သည်ဟု အဘွားကဆိုသည်။
“အိမ်ထောင်ရေးက သာယာပျော်ရွှင်ရပါတယ်။ အဘိုးကတော့ လွန်ခဲ့တဲ့ ၄၅နှစ်က မျက်နှာမှာအနာဖြစ်ပြီး ဆုံးသွားခဲ့တာပါ။ အဘိုးဆုံးသွားတော့ လယ်လုပ်ငန်းကို သားအကြီးဆုံးနဲ့အတူ တွဲပြီးလုပ်ကိုင်စားသောက်ရင်း နေထိုင်ခဲ့ပါတယ်။ ပြောရရင် အငယ်ဆုံးသမီး ၅နှစ်သမီးအရွယ်မှာ အဘိုးဆုံးသွားခဲ့တာပေါ့ . . အခုတော့ သမီးအငယ်ဆုံးတောင် အသက် ၆၀ရှိပါပြီ။ သားအကြီးဆုံးကတော့ အသက် ၇၀ ကျော်ရှိပြီလေ”ဟု အဘွားက သူ့အိမ်ထောင်ရေးနှင့် မိသားစုအကြောင်း ပြန်လည်ပြောပြခဲ့သည်။
ယခုအခါတွင် အဘွားသည် သမီးအလတ်၊ မြေးများ (သမီးအလတ်က မွေးသောသားသမီးများ)နှင့်အတူ နေထိုင်လျက်ရှိသော်လည်း သူ့အတွက် မိသားစုဝင်များက ဘာကရိကထမှ မများပေ။
“အမေက ထမင်းတော့ချက်နိုင်သေးတယ်။ သူ့ဟာသူ ချက်စားချင်နေတုန်း . . ဒါပေမဲ့ မချက်ခိုင်းတော့ဘူး။ ငယ်ငယ်ကတည်းက ဆီကြိတ်ဖို့ သစ်ဆိမ့်သီးလေးကောက်ပြီး ခွဲတတ်တယ်။ သစ်ဆိမ့်သီးကတော့ အခုထိခွဲတုန်း”ဟု အဘွားနှင့်အတူနေသည့် ဒေါ်စန်းဝေက ဆိုသည်။
မြေး ၁၅ယောက်၊ မြစ် ၁၀ယောက်တို့၏ ဘွားအေဖြစ်နေသော်လည်း အိမ်ပေါ်အိမ်အောက် လှေကားများကို သူ့ဘာသာသူ အတက်အဆင်းလုပ်နေဆဲပင်။ “သူ့ဘာသာသူ အတက်အဆင်းလုပ်လို့ ချော်ကျရင် အိမ်သားတွေသာ မျက်နှာပျက်တာ၊ အဘွားက အေးဆေးပဲ။ ရွာမှာဆိုတော့ ကျန်းမာရေးဆေးစစ်တာတို့ ဘာတို့ အထွေအထူး မလုပ်ဖြစ်ပေမယ့် အဘွားကလည်း အခုထက်ထိ ဘာရောဂါမှမရှိပါဘူး။ တစ်ခါစားရင် ထမင်းတစ်ဇလုံစားနိုင်နေတုန်းပါပဲ”ဟု အဘွားဒေါ်တင်လေး၏ မြေးဖြစ်သူ မမူမူမြင့်ကလည်း ပြောပြခဲ့သည်။
“အစားအသောက်ကတော့ ဆင်ခြင်ပါတယ်။ အဆင်သင့်အစားအသောက် (Ready Made မုန့်တွေ)ကို လုံးဝမစားပါဘူး။ အဘွားအကြိုက်ကတော့ ကြက်ဥ၊ သင်္ဘောသီး၊ ငှက်ပျောသီး ကြိုက်တယ်။ အထူးသဖြင့် အသီးအရွက်တွေကို ကြိုက်တယ်။ စားလည်း စားတယ်”ဟု အတူနေသမီးဖြစ်သူ ဒေါ်စန်းဝေက ပြောပြခဲ့သည်။
အစားအသောက်ကတော့ ဆင်ခြင်ပါတယ်။ အဆင်သင့် အစားအသောက် (Ready Made)ကို လုံးဝ မစားပါဘူး။ အဘွားအကြိုက်ကတော့ ကြက်ဥ၊ သင်္ဘောသီး၊ ငှက်ပျောသီး ကြိုက်တယ်။ အထူးသဖြင့် အသီးအရွက်တွေကို ကြိုက်တယ်။ စားလည်းစားတယ်. . .
နာတာရှည်ရောဂါဝေဒနာမရှိသည့် ကုသိုလ်ကံကောင်းလှသော အဘွားဒေါ်တင်လေးအတွက် နေ့စဉ် စွဲသောက်တာ ဆေးကလည်းမရှိပေ။ အဘွားသောက်နေကြဆေးတစ်လက်မှာ ဦးလူမြသွေးဆေးဟုဆိုသည်။ စိတ်ဓာတ်ခွန်အား ခိုင်မာလှသည့် အဘွားဒေါ်တင်လေးသည် အိမ်ထောင်ဖက် အဘိုးဆုံးသည့်အခါ လယ်လုပ်ငန်းကို သားအကြီးဆုံးဖြစ်သူနှင့်အတူ လုပ်ကိုင်စားသောက်ရင်းအပူအပင်ကင်းစွာ နေထိုင်ခဲ့သူလည်းဖြစ်သည်။
“အမေက အပူအပင်းကင်းတယ်။ မျိုးရိုးက အသက်ရှည်တဲ့မျိုးရိုးဖြစ်တာလည်းပါတယ်။ အမေရဲ့ မိဘတွေကလည်း အသက်ရှည်ကျန်းမာတဲ့ သူတွေချည်းပဲ။ စိတ်ဖိစီးမှုမရှိဘဲ အေးအေးဆေးဆေး နေတတ်တာကလည်း သက်ရှည်ကျန်းမာတဲ့အချက်ဖြစ်ပါလိမ့်မယ်”ဟု အဘွားဒေါ်တင်လေး၏ အကြီးဆုံးသားဖြစ်သူ ဦးလှသန်းက ပြောပြခဲ့သည်။
အသက် ၁၀၀ ရှိသည်အထိ အဘွားဒေါ်တင်လေး၏ ထူးခြားချက်မှာ ငယ်ဘ၀၊ ငယ်ကာလများကိုမှတ်မိပြီး ပြန်ပြောပြနိုင်ရုံသာမက သူကျွမ်းဝင်ရင်းနှီးထားဖူးသူတို့၏ နာမည်များအားလုံးကိုလည်း မှတ်မိနေဆဲပင်။
“လူတွေ နာမည်တွေအားလုံးမှတ်မိနေဆဲပဲ။ ငယ်ဘ၀တွေကိုလည်း မှတ်မိပါတယ်။ မျက်စိလည်းကောင်းတယ်။ ယပ်တောင်က စာတွေကို ဖတ်နိုင်တုန်းပဲ။ အကြားအာရုံကတော့၊ သိပ်မကြားတော့ လက်ဟန်နဲ့ပြောရင် အကုန်သိတယ်”ဟု မမူမူမြင့်က အဘွားအကြောင်း ပြောပြခဲ့သည်။
ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးဖြစ်သည့် အဘွားဒေါ်တင်လေးသည် တစ်နေ့လျှင် သုံးကြိမ်ဘုရားရှိခိုးလေ့ရှိပြီး နေအိမ်၌ပင် တရားထိုင်ခြင်း၊ ဘုရားရှိခိုးခြင်းတို့ကို မှန်မှန်အမြဲမပြတ် ပြုလုပ်တတ်သူဖြစ်သည်။
အိမ်မှာပဲ တရားထိုင်ဖြစ်ပါတယ်။ ဘုရားဖူးထွက်တာတို့၊ ခရီးသွားတာတို့လည်း မလုပ်ခဲ့ရပါဘူး။ သမီးအလတ်မုဆိုးမနဲ့ မြေးလူမမယ်တွေကို လုပ်ကိုင်ကျွေးခဲ့ရတာပါ။ အခုသူတို့ အရွယ်ရောက်လာတော့မှ အေးအေးဆေးဆေးနေနိုင်သွားတာပါ။ ညညဘုရားရှိခိုးရင်၊ မေတ္တာပို့ရင် အိမ်မှာရှိတဲ့ မိသားစုသာမက တခြားအဝေးတစ်နေရာမှာနေတဲ့ မိသားစုတွေရဲ့ နာမည်တွေပါ အကုန်မေတ္တာပို့တယ်. . .
“ဘာသာရေးကတော့ အိမ်မှာပဲ တရားထိုင်ဖြစ်ပါတယ်။ ဘုရားဖူးထွက်တာတို့၊ ခရီးသွားတာတို့လည်း မလုပ်ခဲ့ရပါဘူး။ သမီးအလတ်မုဆိုးမနဲ့ မြေး လူမမယ်တွေကို လုပ်ကိုင်ကျွေးခဲ့ရတာပါ။ အခု သူတို့အရွယ်ရောက်လာတော့မှ အေးအေးဆေးဆေး နေနိုင်သွားတာပါ။ ညညဘုရားရှိခိုးရင်၊ မေတ္တာပို့ရင် အိမ်မှာရှိတဲ့မိသားစုသာမက တခြားအဝေးတစ်နေရာမှာနေတဲ့ မိသားစုတွေရဲ့ နာမည်တွေပါအကုန် မေတ္တာပို့တယ်”ဟု အဘွားက ပြောပြခဲ့ပြီး ညစဉ် အိပ်ရေး၀၀ အိပ်ပျော်ကြောင်း၊ စိတ်ဖိစီးမှုမရှိသဖြင့် အေးအေးသက်သာ အိပ်မောကျခြင်းဖြစ်ကြောင်း ဆက်လက်ပြောပြခဲ့သည်။
အသက် ၁၀၀ ရှိသည်အထိ ကျန်းမာနေဆဲ အဘွားဒေါ်တင်လေးအား ဘာကြောင့် အသက်ရှည်ရသလဲဟု မေးမြန်းခဲ့ရာ-
“အသက်ရှည်ရတာကတော့ အဘွားကအစားအသောက်ကို ချင့်ချိန်စားတယ်။ အပူအပင်ကင်းတယ်။ အဲဒါကြောင့်လို့ ထင်တာပဲ . .
နောက်တစ်ချက် အဘွားအသက်ရှည်ရတာက စိတ်ဓာတ်မာလို့ပါပဲ။ အခုအချိန်အထိ လမ်းလျှောက်ရင် သူများတွဲတာမကြိုက်ဘူး။ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ရတာပဲ သဘောကျတယ်။ အင်္ကျီကိုလည်း သူများလဲပေးတာကို မကြိုက်ဘူး၊ သူများလဲပေးတာကို လက်မခံဘူး။ ကိုယ့်ဘာသာ စွမ်းဆောင်နိုင်သေးတယ်လို့ ယုံကြည်တဲ့စိတ်ကြောင့် အသက်ရှည်ကျန်းမာနေတာပါ”ဟု အဘွားဒေါ်လေးက ပြုံးလျက် ပြောပြခဲ့ပါသည်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)