Healthy Life Ad
Local

အခွင့်အရေးရရင် မာစတာဘွဲ့ရတဲ့အထိ ပညာဆက်သင်သွားမယ့် ၇၆ နှစ်အရွယ် တတိယနှစ်ကျောင်းသား ဦးသာဥာဏ်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၁၉၆၄ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် Inter A၊ Inter B အတန်းများ တက်ရောက်အောင်မြင်ခဲ့ပြီး ကျောင်းပိတ်သွားရာ လွိုင်လင်မြို့ရှိ နေအိမ်သို့ ဦးသာဥာဏ် ပြန်လာခဲ့သည်။

“ကျောင်းပိတ်တဲ့အတူတူ မိဘအလုပ်အကျွေး ပြုနိုင်အောင် အလုပ်ဝင်လုပ်မယ်ဆိုပြီး လုပ်လိုက်တာ၊ အလုပ်လည်း ပြန်မထွက်ဖြစ်တော့ဘူး။ နောက်ပိုင်း အိမ်ထောင်ရက်သားကျ၊ သားသမီးတွေမွေးပြီး အခု ဒီနှစ်မှာတောင်ကြီးတက္ကသိုလ် တတိယနှစ် အဝေးသင်စာမေးပွဲကို စီးပွားရေးအထူးပြုဘာသာရပ်နဲ့ ပြန်ဖြေဖြစ်တာပါ” ဟု တတိယနှစ် တက္ကသိုလ်ကျောင်းသား ဦးသာဥာဏ်က ပြောပြသည်။

တောင်ကြီးမြို့တွင် ဇနီး ဒေါ်အေးအေးမြတ်နှင့်အတူ နေထိုင်လျက်ရှိသော ဦးသာဥာဏ်သည် အလယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူတို့အား အင်္ဂလိပ်စာဘာသာရပ်ကို သင်ပြပေးနေသည့် ဆရာတစ်ဦးလည်းဖြစ်သည်။ သို့ဖြစ်ရာ နှစ်ပေါင်း ၅၀ကျော်ကြာမှ တက္ကသိုလ်စာမေးပွဲ ပြန်ဖြေခဲ့သော်လည်း အခက်အခဲ သိပ်မရှိဟု ဆိုသည်။

“အင်္ဂလိပ်လို ဖြေရတာဆိုတော့ အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ စီးပွားရေးဘာသာရပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကျတော့ အလေ့အကျင့် မရှိထားဘူးလေ၊ သူ့ဝေါဟာရအတိုင်း ကျက်ရ၊ ဖြေရတာဖြစ်နေတယ်။ အဲဒီအခက်အခဲလေးပဲ ရှိပါတယ်။ ဖောင်တင်ပြီး ဖြေခွင့်ကျတယ်ဆိုတော့ လေ့လာချိန်ကလည်း နှစ်လနီးပါးပဲ ရလိုက်တယ်။ ကိုယ့်ဘာသာပဲ ပြဋ္ဌာန်းစာအုပ်တွေ ဖတ်ရှုလေ့လာပြီး ဖြေခဲ့တာပါ” ဟု ဦးသာဥာဏ်က ပြောသည်။

တောင်ကြီးတက္ကသိုလ် အဝေးသင်တတိယနှစ် စာမေးပွဲဖြေဆိုသူများထဲတွင် အသက်အကြီးဆုံး ကျောင်းသားဖြစ်သည့် ဦးသာဥာဏ်ကို အခြားစာမေးပွဲဖြေသူ ကျောင်းသား၊ ကျောင်းသူတို့က အံ့အားသင့် ခဲ့ကြသော်လည်း ဦးသာဥာဏ်ကမူ ဂရုမစိုက်အား။

“စာမေးပွဲဖြေချိန်ရောက်ရင် အဘိုးက ၀င်ဖြေလိုက်တယ်၊ အချိန်စေ့ရင် ပြန်ထွက်လိုက်တာပဲ။ ဘယ်သူ့မှ အာရုံစိုက်မနေနိုင်ပါဘူး။ အခု တတိယနှစ်အောင်ရင် နောက်ဆုံးနှစ် စာမေးပွဲ ဆက်ဖြေသွားပါမယ်။ ပြီးရင်တော့ အခွင့်အရေးရရင် ရသလို . .သဘောက မာစတာဝင်ခွင့်ရရင်လည်း ဆက်တက်ဦးမှာပါ . .”

ပညာရေးကို စိတ်အားထက်သန်စွာ လေ့လာဆည်းပူးလိုသူ ဘွဲ့ရပညာတတ် သားသမီးငါးယောက်၏ဖခင်၊ မြေးရှစ်ယောက်တို့၏ အဘိုးဖြစ်သူ အသက် ၇၆ နှစ်အရွယ် ဦးသာဥာဏ်ကို အခြားသူများက “ပညာလို အိုသည် မရှိ”၊ “ပညာရွှေအိုး လူမခိုး” စသည့် စကားပုံများနှင့် အားပေးချီးကျူးစကားများ ပြောဆိုလျက်ရှိသည်။

“အဘိုးကတော့ ပညာရေးနဲ့ ပတ်သက်ပြီး သူများကို ကူညီစရာရှိရင် ကူညီနိုင်ဖို့အတွက် ကိုယ်ကလည်း ဆက်လက် လေ့လာသင်ယူနေတာပါ။ အခုလည်း အင်္ဂလိပ်စာကို အခြေခံကစပြီး သေချာတတ်မြောက်အောင် သင်ပေးနေပါတယ်။ ကိုယ်က ပညာတွေ ပိုပြည့်ဝသွားရင် ကျောင်းသား၊ ကျောင်းသူတွေကို ပိုပြီး ပညာပေးနိုင်မှာဖြစ်ပါတယ်” ဆိုသော ခံယူချက်ဖြင့် အဘိုးဦးသာဥာဏ်သည် စာမေးပွဲဖြေပြီးချိန်၌ပင် သင်ခန်းစာများကို ပြန်လည် လေ့လာလျက်ရှိသည်။

“ကျန်းမာရေးကလည်း ကောင်းတယ်လေ။ သားသမီးတွေကလည်း လက်လွှတ်လိုက်ရပြီ။ ဒီတော့ ငယ်ငယ်ကတည်းက လေ့လာသင်ယူချင်ခဲ့တဲ့ ပညာရပ်တွေကို အခွင့်အရေးရတုန်း သင်ယူလေ့လာသွားမှာပါ။ နိုင်ငံတစ်ခုတည်ဆောက်ချိန်မှာ အတတ်ပညာသာမက အသိပညာရှိမှ ဆင်ခြင်တိုင်းထွာနိုင်တဲ့ အသိဥာဏ်ပိုင်ဆိုင်မှာပါ။ ဒါကြောင့် လူငယ်တွေကိုလည်း အခွင့်အရေးရခိုက်၊ အချိန်ရှိခိုက် ပညာကို လေးလေးစားစား သင်ယူလေ့လာကြပါလို့ မှာကြားလိုပါတယ်”ဟု အဘိုးဦးသာဥာဏ်က ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top