Healthy Life Ad
Life Style

သူငယ်ပြန်မှတ်ဥာဏ်ချို့ယွင်းသည့် ရောဂါ (Dementia)

ဒေါက်တာဦးဇော်စိန်လွင် (ဆေးရုံအုပ်ကြီး-ငြိမ်း၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံခြင်း

မေး. Dementia အကြောင်း သိပါရစေဆရာ။

ဖြေ. Dementia ကို ဆေးပညာအရ မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါလို့ ခေါ်ပေမယ့် အရပ်အခေါ်မှာတော့ သူငယ်ပြန်ရောဂါလို့ ခေါ်ပါတယ်။
မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါမှာ ယေဘုယျအားဖြင့် အကြောင်းနှစ်ခုရှိပါတယ်။
(၁) ခန္ဓာကိုယ်ရောဂါကြောင့် ဖြစ်တတ်တဲ့ မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါနဲ့
(၂) အယ်လ်ဇိုင်းမားရောဂါကြောင့် ဖြစ်တတ်တဲ့ မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါဆိုပြီး ရှိပါတယ်။

မေး. ခန္ဓာကိုယ်မှာ ဘယ်လိုရောဂါတွေဖြစ်ရင် မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါစတဲ့ ရောဂါတွေ ရေရှည်ဖြစ်လာပြီဆိုရင် ဦးနှောက်ထဲကို သွားတဲ့ သွေးနဲ့အာဟာရပစ္စည်းတွေ ချို့ယွင်းမှုများလာတဲ့အခါ မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါ (Dementia) ဖြစ်လာတတ်ပါတယ်။ ဦးနှောက်မှာ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရတာ၊ ဦးနှောက်ရောင်ရောဂါ၊ ဦးနှောက်ကင်ဆာ စတာတွေကြောင့်လည်း မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ အများဆုံးဖြစ်တဲ့ အခြေအနေကတော့ သွေးတိုးရောဂါကြောင့် လေဖြတ်ပြီးတဲ့အခါမှာဖြစ်တဲ့ မှတ်ဥာဏ်ချို့ယွင်း တဲ့ ရောဂါက အဖြစ်များပါတယ်။ နောက်တစ်ခုက နာတာရှည်ဆီးချိုသွေးချိုရောဂါ ကြာလာရင် ဦးနှောက်တွင်း သွေးလှည့်ပတ်မှုချို့ယွင်းပြီး ဒီရောဂါဖြစ်တတ်ပါတယ်။

မေး. ဒီလို နာတာရှည်ရောဂါတွေရှိတဲ့သူတွေမှာ မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်လို့ ရပါသလဲဆရာ။

ဖြေ. သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတဲ့ ရောဂါတွေရှိတဲ့သူတွေဟာ အဲဒီရောဂါတွေကိုပိုမဆိုး သွားခင်ကတည်းက ထိထိရောက်ရောက်ဆေးကုပြီး ဆင်ခြင်မယ်ဆိုရင် မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါ မဖြစ်နိုင်ပါဘူး။ ဒီရောဂါတွေကို ဆေးကုသမှုခံယူတဲ့ အခါမှာလည်း ဦးနှောက်ထိခိုက်မှုကို အနည်းဆုံးဖြစ်အောင် ဖေးမကူညီတဲ့နည်းနဲ့ ကုသလို့ရပါတယ်။ နောက်တစ်ချက်က မှတ်ဥာဏ်လျော့နည်းတဲ့ရောဂါ ဖြစ်သွားသူတွေကိုလည်း ဒီ့ထက်အခြေအနေပိုမဆိုးအောင် သေချာထိန်းသိမ်းပြီး ဦးနှောက်မပျက်စီးစေဖို့ ဆေးဝါးကုထုံး၊ အာဟာရ၊ လေ့ကျင့်ခန်း စတာတွေနဲ့ ပြုပြင်ပေးတဲ့နည်းနဲ့ ကုသလို့ရပါတယ်။

မေး. အယ်လ်ဇိုင်းမားရောဂါကြောင့်ဖြစ်ရတဲ့ မှတ်ဥာဏ်ချို့ယွင်းတဲ့ ရောဂါအကြောင်း သိပါရစေဆရာ။

ဖြေ. အယ်လ်ဇိုင်းမားရောဂါကတော့ အခုအထိ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ တိတိကျကျ မပြောနိုင်သေး ပေမယ့် အသက် ၆၀ ကျော်ကစပြီး ဒီရောဂါဖြစ်လာခဲ့ရင် ဦးနှောက်ထဲက အာရုံကြောလေးတွေမှာ အာရုံကြော ဓာတုပစ္စည်းတစ်ခုချို့ယွင်းပြီး အာရုံကြောလုပ်ဆောင်မှုက ပုံမှန်မဖြစ်တော့ပါဘူး။ ဥပမာပြောရရင် တယ်လီဖုန်း လျှပ်စစ်လမ်းကြောင်းတွေမှာ ကြားထဲအဖုအထစ်တွေ၊ အဟန့်အတားတွေများလာတဲ့အခါ ဆက်သွယ်တဲ့နေရာကို ကိုယ်ပြောချင်တဲ့ မက်ဆေ့ခ်ျမရောက်သလိုပါပဲ . .တဖြည်းဖြည်းနဲ့ ဦးနှောက်ကနောက်ဆုံးမှာ အာရုံကြောလုပ်ဆောင်မှုရပ်ဆိုင်းပြီး သူငယ်ပြန်မှတ်ဥာဏ်ချို့ယွင်းတဲ့ ရောဂါဖြစ်သွားပါတော့တယ်။

ဒီရောဂါက အတော်အဖြစ်များလာတာကို အခုနောက်ပိုင်း သတိထားမိလာပါတယ်။ အရင်တုန်းကတည်းက မရှိတာတော့ မဟုတ်ပါဘူး။ သက်တမ်းရှည်လာတော့ ပိုပြီးသိသာလာတာပါပဲ။ ဒီရောဂါအနေအထားက ဘာကြောင့်ဖြစ်တယ်ဆိုတာ အကြောင်းရှာလို့ မရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မှတ်ဥာဏ်နဲ့ပတ်သက်ပြီး ကောင်းမွန်အောင် လေ့ကျင့်ပေးနေဖို့လိုပါတယ်။ မှတ်ဥာဏ်အလေ့အကျင့် ဆိုတာက ဆရာတို့ ဗုဒ္ဓဘာသာအနေနဲ့ အပ္ပမာဒဆိုတဲ့ သတိမလွတ်တဲ့ တရားကျင့်ပေးမယ်ဆိုရင် မှတ်ဥာဏ်မေ့လျော့မှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက လူဟာ ဦးနှောက်ကိုအလုပ်ပေးပြီး တစ်ခုခုစဉ်းစားကာ လုပ်ဆောင်ပေးမယ်ဆိုရင် ဦးနှောက်လမ်းကြောင်းတွေ ပွင့်နေပါမယ်၊ အဲဒီအခါ အသုံးဝင်နေပါလိမ့်မယ်။ မသုံးဘဲကြာတဲ့အခါ တဖြည်းဖြည်းနဲ့ ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တချို့တွေက အသက်ကြီးမှ လေ့လာသင်ယူမှုအသစ်၊ လေ့ကျင့်မှုအသစ်တွေ ပြန်လုပ်ကြပါတယ်၊ တချို့တွေ ပန်းချီဆွဲကြတယ်၊ အဘွားကြီး တချို့ဆိုရင် ဇာထိုးပန်းထိုးလုပ်တယ်၊ သစ်ပင်စိုက်တယ်၊ တချို့တွေမှာ ပဟေဠိစာလုံးတွေဖြည့်တယ်၊ နောက်ဆုံး ဘယ်အထိပြောလဲဆိုရင် ဖုန်းထဲမှာပါတဲ့ သာမန်ဂိမ်းတချို့ဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ပြန်နှိုးဆွပေးတယ်လို့ ဆိုပါတယ်။ ဒါတွေက ဦးနှောက်ကိုလေ့ကျင့်ပေးတဲ့နည်းတွေပဲဖြစ်ပါတယ်။

မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါ ဖြစ်သွားပြီးပြီဆိုရင် ပြန်လည်ထူထောင်ရေးက အဓိကဖြစ်ပါတယ်။ ဆေးကုသမှုထက်စာရင် ပြန်လည်ထူထောင်ရေးကို ဦးစားပေးလာပါတယ်။

မေး. မှတ်ဥာဏ်ချို့ယွင်းတဲ့ ရောဂါဖြစ်ပြီးသွားရင် ဘယ်လိုဆက်လက်လုပ်ဆောင်သင့်ပါသလဲဆရာ။

ဖြေ. မှတ်ဥာဏ်ချို့ယွင်းတဲ့ ရောဂါဖြစ်သွားပြီးပြီဆိုရင် ပြန်လည်ထူထောင်ရေးက အဓိကဖြစ်ပါတယ်။ ဆေးကုသမှုထက်စာရင် ပြန်လည်ထူထောင်ရေးကို ဦးစားပေးလာပါတယ်။ အခုနောက်ပိုင်းမှာ ဒီလိုဖြစ်တဲ့ လူနာနဲ့ လူနာမိသားစုဝင်တွေကို အကူအညီပေးနိုင်ဖို့ ပိုမိုဆောင်ရွက်နေပါတယ်။

မေး. မှတ်ဥာဏ်ချို့ယွင်းတဲ့ ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူကိုပညာပေးလိုတာရှိရင်သိပါရစေဆရာ။

ဖြေ. မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ၊ ဖြစ်ပြီးရင် ပိုမဆိုးအောင် ဘယ်လိုလုပ်မလဲ၊ အားလုံးထိခိုက် ပြီးပြီဆိုရင်တောင် ဒီ့ထက်မဆိုးအောင် ပြန်လည်ထူထောင်ရေးဘယ်လို လုပ်မလဲ . . ဒါတွေရှိပါတယ်။

အသက်ကြီးလာတဲ့အခါ မှတ်ဥာဏ်နဲ့ဆိုင်တဲ့ ဆဲလ်လေးတွေက အားနည်းချက်လေးတွေရှိရှိလာပါတယ်။ အဲဒီအခါ နာမည်တွေမမှတ်မိဘူး၊ ပစ္စည်းထားတဲ့ နေရာတွေမမှတ်မိဘူး၊ ဒါတွေက သာမန်အားဖြင့် ဖြစ်တတ်ပါတယ် . .

Mild Cognitive Impairement (MCI) ဆိုတာရှိပါတယ်။ အဲဒါက ဘယ်လိုမျိုးလဲဆိုတော့ ကွန်ပျူတာတွေ ကြာကြာသုံးတဲ့အခါ ဟန်းပြီး Delay (ကြန့်ကြာ) ဖြစ်သွားသလိုပဲ အသက်ကြီးလာတဲ့အခါ မှတ်ဥာဏ်နဲ့ဆိုင်တဲ့ ဆဲလ်လေးတွေက အားနည်းချက်လေးတွေရှိရှိလာပါတယ်။ အဲဒီအခါ နာမည်တွေမမှတ်မိဘူး၊ ပစ္စည်းထားတဲ့ နေရာတွေမမှတ်မိဘူး၊ ဒါတွေကသာမန်အားဖြင့် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထက်လွန်မှသာ ရောဂါလို့သတ်မှတ်ပါတယ်။ နိစ္စဓူဝ ဖြစ်စဉ်တွေ၊ အကြောင်းခြင်းရာတွေ အကုန်လုံးကို မေ့လျော့ သွားမှုအပေါ် သတ်မှတ်ချက်အဆင့်တွေ အများကြီးရှိပါတယ်။

အဲဒါတွေပေါ်မူတည်ပြီး ပြန်လည်ကုသပေးဖို့နဲ့ လေ့ကျင့်ပေးဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်း အတိအကျမပြောနိုင်သေးပေမယ့် အများဆုံးဖြစ်တဲ့အထဲမှာတော့ အယ်လ်ဇိုင်းမားကြောင့် မှတ်ဥာဏ်လျော့နည်းတာက မပါပါဘူး။ ခန္ဓာကိုယ်ရောဂါဝေဒနာတွေကြောင့်ဖြစ်တဲ့ မှတ်ဥာဏ်လျော့နည်းတဲ့ ရောဂါကပိုများပါတယ်။ အထူးသဖြင့် လေဖြတ်ပြီးနောက်ပိုင်းဖြစ်တာနဲ့ ဆီးချိုရောဂါ ကြောင့်ဖြစ်တာက ပိုများပါတယ်။

Most Popular

Healthy Life Ad
To Top