Healthy Life Ad
Q & A

ကျန်းမာပေမယ့် အားဆေးသောက်ချင်တယ် . . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. ကျန်းမာရေးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အားဆေးသောက်ချင်လို့ပါ။ ကျန်းမာတဲ့လူတွေအနေနဲ့ အားဆေးသောက်ဖို့ လိုအပ်ပါသလား ဆရာ။

A. အားဆေးသောက်ဖို့ လိုသလားလို့ မေးလာရင် တကယ်လို့ အစားအစာကို ညီမျှအောင် စားသောက်နေရင် မလိုဘူးလို့ပြောရမှာပါ။ ဆရာတို့နိုင်ငံက အားဆေးကို ပဲကြီးလှော်စားနေသလို မှီဝဲနေကြတာကို တွေ့ရပါတယ်။ အစားအစာကို ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အသား၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို မျှမျှတတစားနေရင် မလိုပါဘူး။ လိုအပ်တဲ့ ဗီတာမင်အားလုံးက အစားအသောက်ထဲမှာပါပြီးသားပါ။ အဲဒီလို မျှမျှတတဖြစ်အောင် မစားနိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ အစားအစာကို ရွေးစားနေရတဲ့ သူတွေမှာသာ လိုအပ်ပါတယ်။ အခုက ကလေးငယ်ငယ်လေးတွေကစပြီး ဗီတာမင်တွေ သောက်နေကြတာတော့ မဟုတ်သေးပါဘူး။ ကလေးက ဖျားတယ်၊ နာတယ်၊ အားမရှိဘူး၊ နည်းနည်းလေး ဗီတာမင်ချို့ယွင်းနေတယ်ဆိုရင်တော့ တိုက်သင့်ပါတယ်။ တချို့တွေမှာ ကလေးမွေးပြီး မိရိုးဖလာအရ ဟိုဟာမစားရဘူး၊ ဒီဟာမစားရဘူးဆိုပြီး အစားတွေ ရှောင်နေတဲ့အတွက် ဗီတာမင် B1 ဓာတ်ချို့ယွင်းတတ်ပါတယ်။ အဲလိုအခြေအနေတွေမှာတော့ ဗီတာမင် B1 ဓာတ်ပါတဲ့ ဗီတာမင်ဆေးတွေ တိုက်ဖို့လိုပါတယ်။ အခုနောက်ပိုင်းမှာ ဗီတာမင်ဒီက ခေတ်စားနေပါတယ်။ ဗီတာမင်ဒီနည်းရင် ဆီးချိုဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အဓိကဆရာပြောချင်တာကတော့ အစားအစာကိုသာ ပြည့်ဝမျှတအောင် စားနေနိုင်ရင်တော ့ဒီဆေးတွေ သောက်နေဖို့ မလိုအပ်ပါဘူး။

Most Popular

Healthy Life Ad
To Top