Healthy Life Ad
Q & A

သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ

ယခင်တစ်ပတ်မှအဆက်

—–၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ၊—–

သက်ကြီးရွယ်အိုတွေအတွက် ရွေးချယ်သင့်တဲ့ ဆီးချိုဆေးများ

မက်ဖော်မင် (Metformin)

သက်ကြီးရွယ်အို အဘိုးအဘွားတွေကို ကုသရာမှာတော့ မက်ဖော်မင် (Metformin)ဟာ အသင့်တော်ဆုံးဆေးတစ်ခု ဖြစ်ပါတယ်။ Metformin ဟာ ဈေးနှုန်းသက်သာခြင်း၊ ကုသမှုမှာ ထိရောက်ခြင်း၊ overall safety ခေါ် ဘေးကင်းစိတ်ချရမှုမှာ တခြားဆေးများထက် သာလွန်ကောင်းမွန်ခြင်း စတာတွေကြောင့် ဦးစားပေးရွေးချယ်သင့်တဲ့ First Line Drug တစ်ခုဖြစ်ပါတယ်။ မက်ဖော်မင်မှာ သွေးချိုကျတဲ့ အန္တရာယ်မရှိပါဘူး။ မက်ဖော်မင်ဟာ သေသေချာချာ စနစ်တကျနဲ့ Dose Titration လုပ်ပြီးပေးရင် GIintolerance ခေါ် ဗိုက်မကောင်းတာ အဖြစ်နည်းပါတယ်။ တချို့လူတွေမှာ မတည့်ရင် ဝမ်းပျက်တတ်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေရှိလာရင်တော့ ဆေးကို ပြန်ဖြတ်ပေးဖို့ မမေ့ပါနဲ့။ တခြားအူလမ်းကြောင်းရောဂါ အထင်နဲ့ အကုန်အကျများတဲ့ Endoscope ခေါ် အူလမ်းကြောင်း မှန်ပြောင်းကြည့်မိတဲ့အထိ လုပ်မိတတ်ကြလို့ပါ။

ကျောက်ကပ်စွမ်းဆောင်အား (eGFR) ကျနေရင်တော့ ဒီဆေးကို မသုံးသင့်ပါ။ မက်ဖော်မင်ကို eGFR ၄၅ အထက်ရှိသူတွေမှာ စိတ်ချစွာ သုံးနိုင်ပါတယ်။ ၄၅ အောက်ရောက်ရင် သောက်နေလက်စ ဆေးပမာဏကို လျှော့သောက်ရပါမယ်။ မက်ဖော်မင်ကို ဆေးသစ်အနေနဲ့ ထပ်မထည့်ရပါ။ eGFR ၃၀ အောက်ရောက်ရင်တော့ ဆေးကို ဆက်မသောက်ရတော့ပါဘူး။ မက်ဖော်မင်က ကျောက်ကပ်ကို ဖျက်တာမရှိပါဘူး။ ကျောက်ကပ်အားလျော့လို့ လက်တစ်အက်စစ်များခြင်း (Lactic acidosis) ဖြစ်တတ်လို့ မက်ဖော်မင်ကို ရှောင်ရခြင်းဖြစ်ကြောင်း အသိပေးလိုပါတယ်။ နောက်ပိုင်း သုတေသနတွေမှာ မက်ဖော်မင်ဟာ ကြောက်စရာမလိုတဲ့အပြင် နှလုံး၊ ကျောက်ကပ်၊ အသည်းအဆီဖုံး စတာတွေအတွက် ပိုကောင်းနေတာ တွေ့ရပါတယ်။

“မက်ဖော်မင်က ကျောက်ကပ်ကို ဖျက်တာမရှိပါဘူး။ ကျောက်ကပ်အားလျော့လို့ လက်တစ်အက်စစ်များခြင်း (Lactic acidosis) ဖြစ်တတ်လို့ မက်ဖော်မင်ကို ရှောင်ရခြင်းဖြစ်ကြောင်း အသိပေးလိုပါတယ်။ နောက်ပိုင်း သုတေသနတွေမှာ မက်ဖော်မင်ဟာ ကြောက်စရာမလိုတဲ့အပြင် နှလုံး၊ ကျောက်ကပ်၊ အသည်းအဆီဖုံး စတာတွေအတွက် ပိုကောင်းနေတာ တွေ့ရပါတယ်။”

DPP-4 Inhibitors (sitagliptin and lina-gliptin) စစ်တာဂလစ်ပ်တင်နဲ့ လီနာဂလစ်ပ်တင် ဆေးများ

အဖိုးအဖွားတွေနဲ့တည့်တဲ့ နောက်ဆေးတစ်ခုကတော့ DPP-4 inhibitors တွေဖြစ်ပါတယ်။ နောက်ပိုင်းပေါ်လာတဲ့ ဆေးတစ်ခုဖြစ်ပါတယ်။ အသုံးများတာကတော့ Sitagliptin နဲ့ Linagliptin တွေဖြစ်ပြီး မက်ဖော်မင်ပြီးရင် လိုက်ရမယ့် ဒုတိယဆေးဖြစ်ပါတယ်။ မက်ဖော်မင်မတည့်သူတွေအဖို့ ပထမဦးစားပေးရမယ့် ဆေးတွေဖြစ်ပါတယ်။ ဒီဆေးဟာ သွေးချိုအကျလွန်တာ မဖြစ်တတ်ပါဘူး။ ဝတဲ့ အဘိုးအဘွားတွေအတွက် အထူးသင့်လျော်ပါတယ်။ တခြားဆိုးကျိုးကြီးကြီးမားမား မရှိပါဘူး။ အစာမစားချင်တာ၊ ရင်ပြည့်တာ၊ ပိန်သွားတာ ရှိနိုင်ပါတယ်။ မုန့်ချိုအိတ်ရောင်တာ အနည်းငယ် ပိုတွေ့ရတတ်တာကိုလည်း သတိထားရပါမယ်။

Thiazolidinediones (TZD) ဂလစ်တာဇုန်း

နောက်ထပ် သုံးနိုင်တဲ့ စားဆေးတစ်ခုကတော့ Thiazolidinediones(TZD) အုပ်စုတွေဖြစ်တဲ့ Pioglitazone (ပိုင်အိုဂလစ်တာဇုန်း)ပဲ ဖြစ်ပါတယ်။ သွေးချိုအကျလွန်တာ မရှိလို့ လူကြီးတွေအတွက် လုံခြုံမှုရှိပါတယ်။ ဒီဆေးဟာ Insulin resistance အင်ဆူလင်ကို တွန်းခံမှုများနေတဲ့ အမျိုးအစား (၂) ဆီးချိုတွေနဲ့ ဆီလျော်ပါတယ်။ ဒါပေမဲ့ တခြားဆိုးကျိုးတွေကြောင့် ၎င်းကို အသုံးနည်းပါတယ်။ အရင်က ဒီဆေးတွေနဲ့ အုပ်စုတူတဲ့ Rosiglitazone (ရိုစီဂလစ်တာဇုန်း) ဆိုတဲ့ ဆေးရှိခဲ့ဖူးပါတယ်။ ဒီဆေးကိုတော့ ၂၀၁၀ ပြည့်နှစ်ကစပြီး အမေရိကန် FDA က ဆက်လက်အသုံးပြုခွင့်ကို ပိတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Heart failure နဲ့ Heart attack တွေရတာ ပိုဖြစ်တာတွေ့ရှိလို့ ဖြစ်ပါတယ်။ နှလုံးအတွက် လုံခြုံစိတ်ချရမှု (Cardiovascular safety) မရှိလို့ ဖြစ်ပါတယ်။ အခုဆက်သုံးနေကြတဲ့ Pioglitazone ကတော့ အရင်က Rosiglitazone လို မဆိုးလှပေမယ့် သတိထားရမယ့် အထဲမှာပါပါတယ်။ ဒီဆေးတွေမှာ မကောင်းတာက ဝခြင်း၊ ဖောခြင်း၊ နှလုံးအလုပ်မလုပ်နိုင်ဘဲ မောခြင်း(Heart failure)၊ အရိုးပါးခြင်း၊ ကျိုးလွယ်ခြင်း စတာတွေ ရှိတတ်တာကြောင့် အဘိုးအဘွားတွေမှာ ဦးစားပေးအဖြစ် ရွေးချယ်ဖို့ မသင့်တော်ပါဘူး။

Sulfonylurea ဆေးအုပ်စု

ရှေးယခင်ကတည်းက သုံးလာခဲ့ပြီး အခုထိ အသုံးများတဲ့ Sulfonylureas (ဆာဖော်နိုင်ယူရီးယား) ဆေးအုပ်စုကိုတော့ ရောဂါမျိုးစုံ ရှုပ်ထွေးနေတဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးသတိနဲ့ သုံးသင့်ပါတယ်။ အရင်က ပေါ်ခဲ့ဖူးတဲ့ Gliburide နဲ့ glibenclamide တွေကိုတော့ သက်ကြီးရွယ်အိုတွေမှာ လုံးဝမသုံးသင့်တော့လို့ အခုဈေးကွက်မှာလည်း ရောင်းတာမရှိတော့ပါဘူး။ နောက်ပိုင်းပေါ်လာတဲ့ Gliclazide, Gliclazide MR,Glimepiride နဲ့ Glipizide ဆေးတွေကတော့ သွေးချိုကျလွန်တဲ့ ပြဿနာ သိပ်မများလို့ ရွေးချယ်နိုင်တဲ့ဆေးတွေ ဖြစ်ပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top