Healthy Life Ad
Health Tips

ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဦးခေါင်းကို ထိခိုက်ဒဏ်ရာရတာက စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီးရင် ပေါ့ပေါ့ဆဆနေလို့မရပါဘူး။ ဦးခေါင်းကို မတော်တဆထိခိုက်မိသွားလို့ ဦးခေါင်းအပြင်မှာ ပွန်းရာလေးတောင် မရှိဘဲနဲ့တောင်မှ အတွင်းမှာ ကြီးမားတဲ့ ဒဏ်ရာရနေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကို ထိခိုက်မိပြီဆိုတာနဲ့ သတိထားဖို့ လိုပါတယ်။

ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး ဖြစ်ပေါ်လာသော လက္ခဏာများ

ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး ဦးခေါင်းထဲက ဖိအားတက်လာခဲ့ရင် ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့-

(၁) ခေါင်းကိုက်တာ၊

(၂) အန်ချင်တာ၊

(၃) အန်တာ၊

(၄) ခန္ဓာကိုယ်၊ ခြေ၊ လက် အားနည်းတာ စတဲ့ လက္ခဏာတွေပေါ်လာရင် စိုးရိမ်နေတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့လိုပါတယ်။ ခြေ/ လက် အားနည်းတာမှာ ဦးခေါင်းရဲ့ဘယ်ဘက်အပိုင်းကိုထိရင် ခန္ဓာကိုယ်ညာဘက်အခြမ်း အားနည်းတယ်၊ ဦးခေါင်းရဲ ့ညာဘက်အပိုင်းကိုထိရင် ခန္ဓာကိုယ်ဘယ်ဘက်အခြမ်း အားနည်းတတ်ပါတယ်။

ဦးခေါင်းထိခိုက်ဒဏ်ရာရစေနိုင်သော အဓိကအကြောင်းရင်းများ

မြင့်တဲ့နေရာပေါ်ကကျပြီး ဦးခေါင်းထိခိုက်ဒဏ်ရာရတတ်သလို ကား၊ ဆိုင်ကယ်စတဲ့ ယာဉ်မတော်တဆတိုက်မှုတွေကြောင့်နဲ့ ရန်ဖြစ်တဲ့အခါ ဦးခေါင်းကို ရိုက်တာတွေကြောင့် အဖြစ်များတတ်ပါတယ်။

ဦးခေါင်းထိခိုက်ဒဏ်ရာ မရအောင်

ဦးခေါင်းထိခိုက်ဒဏ်ရာမရအောင် ကာကွယ်သင့်တဲ့ နည်းလမ်းတွေရှိပါတယ်။

• ဆိုင်ကယ်၊ စက်ဘီး စတဲ့ ယာဉ်တွေစီးတဲ့အခါ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ။ ဆောင်းတဲ့အခါမှာ မေးသိုင်းကြိုးကို သေချာချည်ဖို့ မမေ့ပါနဲ့။ ဦးခေါင်းဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးရဲ ့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ဦးခေါင်းမှာရှိတဲ့ နာ့ဗ်ကြောတွေက ထိန်းချုပ်ထားတာကြောင့် အရေးကြီးတာပါ။

• အမြင့်ကိုတက်ရတဲ့ လုပ်ငန်းခွင်အခြေအနေမှာ ဘေးကင်းအောင် ဂရုစိုက်ပေးပါ။

ဦးခေါင်းထိခိုက်ဒဏ်ရာရပြီဆိုရင်

ဦးခေါင်းထိခိုက်ဒဏ်ရာရထားပြီဆိုရင် ဆေးရုံမှာ ၂၄ နာရီတင်ထားရပါတယ်။ ၂၄ နာရီအတွင်းမှာ မမျှော်လင့်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရမှုအားလုံးကို သေချာစောင့်ကြည့် ဂရုစိုက်ပေးရတာပါ။ ဦးခေါင်းထိခိုက် ဒဏ်ရာရပြီး အချိန် ၂၄ နာရီကျော်သွားရင်တော့ စိုးရိမ်ရတဲ့အခြေအနေကို ကျော်လွန်သွားပြီဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top