Healthy Life Ad
Health Tips

ဆရာဝန်နှင့် တွေ့ဆုံသင့်ပြီဖြစ်သည့် လက္ခဏာ ၆ ရပ်

———၊ ဇွန် ၊———

လက္ခဏာတစ်ခုခုပေါ်လာရင် သူ့အလိုလို ပျောက်သွားမှာပါလို့ လူတွေက အများအားဖြင့် ယူဆထားတတ်ကြပေမယ့် အောက်ပါလက္ခဏာခြောက်ရပ် ပေါ်လာရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါတယ်။

(၁) ပွန်းပဲ့ခြင်းနှင့် သွေးထွက်ခြင်း

သင်က တစ်ခုခုနဲ့ ဆောင့်မိတာကြောင့် ပွန်းပဲ့ဒဏ်ရာရခဲ့ရင် တစ်ရက်ကျော်-နှစ်ရက်လောက် ခရမ်းပြာရောင် အနာဖြစ်နေပြီး လေးရက်၊ ငါးရက်အထိ အဝါရောင်အဖျော့အထိ တဖြည်းဖြည်းနဲ့ ပြောင်းသွားပါလိမ့်မယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမဲ့ အဲဒီနေရာတစ်နေရာတည်းမှာပဲ ထိခိုက်မိပြီး ထပ်ခါထပ်ခါပွန်းပဲ့ပြီး သွေးထွက်များနေရင် ဒါက သွေးခဲခြင်းဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်နိုင်ပါတယ်။ သွေးကျဲစေတဲ့ ဆေးတွေဖြစ်တဲ့ အက်စပရင်နဲ့ ဝါဖရင်ဆေးတွေကို သောက်နေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ပြဖို့ မမေ့ပါနဲ့။

သွားတိုက်တဲ့အခါမှာ သွေးထွက်များနေရင်၊ စအိုကနေ သွေးထွက်နေရင်၊ သွေးဆုံးပြီး မိန်းမကိုယ်ကနေ သွေးဆင်းနေရင်၊ ဆီးထဲသွေးပါနေရင်၊ အန်ရင်းချောင်းဆိုးရင်း သွေးပါနေရင် အကြောင်းရင်းကို ရှာဖွေဖို့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။

(၂) တာရှည်ခေါင်းကိုက်ခြင်း

လူတိုင်းလိုလို မကြာခဏ ခေါင်းကိုက်တတ်ပေမယ့် နှစ်နဲ့ချီပြီး ခေါင်းကိုက်နေရင်၊ အလုပ်တွေ၊ လူမှုရေးကိစ္စတွေကို ပျက်ကွက်တဲ့အထိ ခေါင်းကိုက်နေရင်၊ အကိုက်အခဲပျောက်ဆေးတွေ သောက်ပေမယ့် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အချိန်သုံးရက်ကျော်ကြာတဲ့အထိ ခေါင်းကိုက်ပြီးအန်တာ၊ အမြင်ဝေ၀ါးတာ စတာတွေနဲ့ တွဲဖြစ်ရင် ဦးနှောက်မှာ ပုံမမှန်တာတွေ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

(၃) ရင်ဘတ်အောင့်ခြင်း

အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေကြောင့် ရင်ဘတ်အောင့်စေနိုင်ပါတယ်။ နမိုးနီးယားနဲ့ အဆုတ်အမြှေးပါးရောင်ရမ်းတာတွေကြောင့်လည်း ရင်ဘတ်အောင့်တတ်ပါတယ်။ ရင်ဘတ်အောင့်တာက နှလုံးရောဂါထတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရင်ဘတ်အောင့်တယ်ဆိုရင် အကြောင်းရင်းကို သိနိုင်ဖို့ ဆရာဝန်နဲ့ပြပါ။

(၄) ဝမ်းဗိုက်အောင့်ခြင်း

လူတိုင်းလူတိုင်းက ဗိုက်အောင့်တတ်ပေမယ့် ဖြစ်တတ်တဲ့အကြောင်းရင်းကတော့ အများကြီးပါပဲ။ အစာမစားခင်မှာ ဗိုက်အောင့်ပြီး အစာစားမှ သက်သာတာက အစာအိမ်အနာကို ဖော်ပြရာရောက်ပါတယ်။ လေပွလေထတာ၊ အစာမကြေတာ၊ သည်းခြေကျောက်တည်တာ၊ အူပိတ်တာ၊ ပိုးဝင်တာ၊ အူအတက်ရောင်တာ၊ ကင်ဆာစတဲ့ ရောဂါတွေနဲ့ ဗိုက်အောင့်တာက ဆက်စပ်နေတတ်တာကြောင့် ပေါ့ပေါ့ဆဆတော့ သဘောမထားသင့်ပါဘူး။

alignnone size-medium wp-image-63606
(၅) အသက်ရှူမဝခြင်း

သင့်မှာ အအေးမိတာ၊ နှာခေါင်းပြဿနာနဲ့ ဓာတ်မတည့်မှုဖြစ်တာတွေကြောင့် အသက်ရှူမဝတာမျိုး ဖြစ်တတ်ပါတယ်။ အအေးမိတာက တစ်ပတ်ကျော်ကြာတဲ့အထိ သူ့အလိုလိုမပျောက်ဘဲ အသက်ရှူမဝဘူးဆိုရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။ စိတ်ဖိစီးမှု၊ အဆုတ်ပြဿနာ၊ နှလုံးရောဂါ၊ ရင်ကျပ်ပန်းနာရောဂါနဲ့ သွေးအားနည်းရောဂါတွေကြောင့်လည်း အသက်ရှူမဝတာတွေ ဖြစ်တတ်ပါတယ်။

(၆) ဝမ်းနည်းပူဆွေးခြင်း

အချိန်တိုင်းတော့ လူတိုင်း မပျော်ရွှင်နိုင်ပါဘူး။ မပျော်ရွှင်ဘဲ ဝမ်းနည်းနေတဲ့အချိန်တွေက များနေရင်၊ အဲဒီခံစားချက်ကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရှောင်ရှားနေရင် ဒါက ဆရာဝန်နဲ့ပြသင့်ပြီဆိုတဲ့ လက္ခဏာပါ။ ဝမ်းနည်းတာနဲ့ ပူဆွေးတာက နှစ်ပတ်ကျော်ကြာတဲ့အထိ ခံစားနေရရင်၊ စိတ်ဝင်စားမှုကင်းမဲ့နေရင်၊ စိတ်ဓာတ်ကျရောဂါရဲ့လက္ခဏာတစ်ရပ် ဖြစ်နိုင်တာကြောင့် ပေါ့ပေါ့ဆဆသဘောမထားဘဲ နှစ်သိမ့်ဆွေးနွေးမှုကို ခံယူဖို့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ မျှော်လင့်ချက်မဲ့သလို ဖြစ်တာက အသက်ကြီးလာတာရဲ ့ လက္ခဏာတစ်ရပ်လို့ ထင်ပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ ကုသလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top