Healthy Life Ad
Health Tips

ကြွက်သားသန်စွမ်းခြင်း၏ အကျိုးကျေးဇူးများ

———၊ လရိပ်မေ ၊———

အသက်၂၀-၃၀အရွယ်လောက်မှာ ခန္ဓာကိုယ်ကြွက်သားတွေ အသန်စွမ်းဆုံး ဖြစ်နေတတ်ပါတယ်။ အသက် ၅၀ ကျော်လာတာနဲ့ ကြွက်သားထုထည်တွေက တဖြည်းဖြည်းလျော့နည်းလာတတ်ပါတယ်။ အသက် ၅၀ ကျော်ချိန်မှာ အထူးသဖြင့် အမျိုးသမီးတွေ ကြွက်သားသန်စွမ်းနေရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

(၁) ကြွက်သားသန်စွမ်းခြင်းကြောင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်

လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေကို သန်စွမ်းစေရုံတင်မကပါဘူး။ နားနေတဲ့အချိန်မှာတောင် ကြွက်သားတစ်သျှူးရှိတာဟာ အဆီတစ်သျူးရှိတာထက် တစ်နေ့မှာ ၁၅ ဆလောက် ပိုပြီးကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။

(၂) ကြွက်သားသန်စွမ်းခြင်းကြောင့် နှလုံးကျန်းမာစေနိုင်

ကြွက်သားတွေသန်စွမ်းနေရင် ခန္ဓာကိုယ်မှာ အောက်ဆီဂျင်နည်းနည်းပဲရှိရင်တောင် နှလုံးကနေ သွေးတွေကို ပင်ပင်ပန်းပန်း ညှစ်ထုတ်နေစရာ မလိုပါဘူး။ ကြွက်သားတွေက သန်စွမ်းနေရင် သွေးဖိအားကိုလည်း ကောင်းမွန်စေပါတယ်။

(၃) ကြွက်သားသန်စွမ်းခြင်းကြောင့် အဆစ်နှင့်နောက်ကျောကို ကာကွယ်ပေးနိုင်

ကြွက်သားထုထည်အားကောင်းလေလေ၊ အဆစ်တွေနဲ့ တွယ်ဆက်တစ်သျှူးတွေအပေါ် ဒဏ်သက်ရောက်မှု လျော့နည်းလေလေပါပဲ။ အထူးသဖြင့် အလေးမရင်၊ အားစိုက်ရင်တောင် အဆစ်ရောင်ဝေဒနာဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) ကြွက်သားသန်စွမ်းခြင်းကြောင့် ပိုမိုကြည့်ကောင်းစေနိုင်

အဆီနည်းပြီး သန်စွမ်းတဲ့ ကြွက်သားတွေရှိတာကြောင့် သင့်ခန္ဓာကိုယ်က ပိုမိုကြည့်ကောင်းနေပါလိမ့်မယ်။

(၅) ကြွက်သားသန်စွမ်းခြင်းကြောင့် စိတ်ခံစားမှုကောင်းမွန်စေနိုင်

လေ့ကျင့်ခန်းလုပ်တာကြောင့် ထွက်လာတဲ့ ဟော်မုန်းတွေက စိတ်ခံစားမှုကို ကောင်းမွန်စေတာကြောင့် သင့်ကိုယ်သင် ယုံကြည်မှုရှိနေပါလိမ့်မယ်။

(၆) ကြွက်သားသန်စွမ်းခြင်းကြောင့် မကောင်းသော ဓာတ်တိုးပစ္စည်းများလျော့ကျစေနိုင်

လေ့လာမှုအရ ပုံမှန်အလေးမတဲ့သူတွေက အထိုင်များတဲ့သူတွေထက် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုလျော့ကျစေကြောင်း သိရပါတယ်။

ကြွက်သားတွေသန်စွမ်းဖို့အတွက် ဆေးတစ်လုံးသောက်ရုံ၊ အစာတစ်နပ်စားရုံ၊ ဆေးဖက်ဝင် ဖြည့်စွက်ဆေးမှီဝဲရုံနဲ့ ရတာမဟုတ်ပါဘူး။ ကြွက်သားတွေ သန်စွမ်းဖို့အတွက် အထိုင်များတဲ့နေထိုင်မှုပုံစံကို ရှောင်ရှားပြီး လေ့ကျင့်ခန်းလုပ်ပေးရမှာ ဖြစ်ပါတယ်။ အလေးမတာလို ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းကို တစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ်တော့ လေ့ကျင့်ပေးရပါမယ်။

Most Popular

Healthy Life Ad
To Top