Healthy Life Ad
Health Tips

မိဘတို့ အော်ဟစ်ဆူပူခြင်းက ကလေးများ စိတ်ဓာတ်ကျပြီး အပြုအမူမှားလုပ်ဆောင်ရန် တွန်းပို့နေ

———၊ ဇွန် ၊———

အော်ဟစ်ဆူပူဆုံးမလေ့ရှိသော လူလတ်တန်းစားမိဘတို့၏ ဆယ်ကျော်သက်အရွယ်ကလေးများမှာ စိတ်ဓာတ်ကျနိုင်ခြေများပြီး ဒုက္ခပေးသည့် အပြုအမူများ လုပ်ဆောင်မှုများကြောင်း သိရသည်။

သားသမီးများနှင့် ရင်းနှီးချစ်ခင်သည့် ဆက်ဆံရေးရှိသည့် မိဘများပင်လျှင် ကြမ်းတမ်းသော အပြောအဆိုနှင့် စည်းကမ်းချက်များပေးပါက ဆယ်ကျော်သက်တို့၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိကြောင်း လေ့လာမှုအရ တွေ့ရသည်။

အမေရိကန် လူလတ်တန်းစား မိသားစု ၉၇၆ ခုကို သိပ္ပံပညာရှင်တို့က လေ့လာခဲ့ကြရာ ကလေးများ မြီးကောင်ပေါက်စအရွယ်သို့ ကူးပြောင်းသည်နှင့် ရိုက်နှက်ဆုံးမခြင်းမှ အော်ဟစ်ဆူပူကာ ဆုံးမခြင်းသို့ ပြောင်းလဲစည်းကမ်းထုတ်တတ်ကြောင်း၊ ကြမ်းတမ်းစွာ ပြောဆိုဆုံးမခြင်းကို အတွေ့ရများကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

ကလေးအသက် ၁၃ နှစ်အရွယ်တွင် မိဘတို့က ထိုသို့ ခပ်ကြမ်းကြမ်း အော်ဟစ်ဆူပူကာ စည်းကမ်းထုတ်လျှင် ဆယ်ကျော်သက်ကလေးတို့မှာ အပြုအမူနှင့် စိတ်ခံစားမှုဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေ မြင့်မားကြောင်း၊ စိတ်ဓာတ်ကျနိုင်ခြေများသကဲ့သို့ ကျောင်းတွင် လွဲမှားသောအပြုအမူများ လုပ်ဆောင်ခြင်း၊ လိမ်ညာခြင်း၊ သူတစ်ပါးပစ္စည်းခိုးယူခြင်း၊ ရန်ဖြစ်ခြင်း စသည့်အပြုအမူမှားများကို လုပ်ဆောင်လေ့ရှိကြကြောင်း သိရသည်။

“မိဘတို့ရဲ ့ ရန်လိုစိတ်နဲ့ ပြောဆိုမှုဟာ လူငယ်တွေကို ပြစ်မှုကျူးလွန်အောင် အားပေးသလို ဖြစ်နေပါတယ်”ဟု လေ့လာသူတို့က ဆိုသည်။

အမေရိကန် မိဘ ၉၀ ရာခိုင်နှုန်းနီးပါးက သူတို့ကလေးများအပေါ် ကြမ်းတမ်းသည့် ပြောဆိုဆုံးမမှုများ တစ်ကြိမ်နှင့်အထက် ပြုမူခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။

“ဆယ်ကျော်သက်တွေကို အပြုအမူတစ်ခုရဲ ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ပြောဆိုဆုံးမတဲ့နည်းနဲ့ စည်းကမ်းထုတ်သင့်ပါတယ်” ဟု စိတ်ပညာတွဲဖက်ပါမောက္ခဒေါက်တာဝမ်က ရှင်းပြသည်။

Most Popular

Healthy Life Ad
To Top