Healthy Life Ad
Health Tips

သုက်ကောင်အရေအတွက် တိုးမြင့်လာစေရန်

———၊ ကိုထက် ၊———

ကမ္ဘာတစ်ဝန်းက အမျိုးသားအများစုဟာ သုက်ကောင်အရေအတွက် လျော့နည်းနေကြကြောင်း သိရပါတယ်။ ဒါကြောင့် သုက်ကောင်အရေအတွက် ထုတ်လုပ်မှု အားကောင်းစေဖို့ရာ လိုက်နာသင့်တဲ့ နည်းတွေကို ဖော်ပြလိုက်ပါတယ်။

အဆင့် (၁) ဆေးလိပ်နှင့်အရက် ရှောင်ပါ

ဆေးလိပ်နဲ့အရက်ဟာ သုက်ကောင်အရေအတွက်ကို ထိခိုက်စေရုံသာမက တစ်ကိုယ်လုံး ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

• အရက်ဟာ အသည်းရဲ ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်သလို အီစထရိုဂျင်အဆင့်ကို သိသိသာသာ မြင့်တက်စေပါတယ်။ တက်စတိုစတီရုန်း ကျားဟော်မုန်းက သုက်ကောင်ကျန်းမာရေး၊ သုက်ကောင်ထုတ်လုပ်မှုတို့နဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့် နေ့စဉ်အရက်နှစ်ခွက်သောက်တာက ရေရှည်မှာ သုက်ကောင်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိစေပါတယ်။

• လေ့လာမှုတစ်ရပ်အရ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေဟာ မသောက်တဲ့သူတွေထက် သုက်ကောင်အရေအတွက် ၂၂ ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်တာက သုက်ကောင်ဖြစ်ပေါ်မှုကို နှေးကွေးစေသလို သုက်ကောင်တွေကို ပိုလျော့နည်းစေပါတယ်။

အဆင့် (၂) ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် သုက်ကောင်တွေ ပိုမိုထွက်ရှိလာအောင် အားပေးနိုင်ပါတယ်။

• လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်တွင်းမှာ တက်စတိုစတီရုန်းဟော်မုန်း အထွက်တိုးစေပြီး သုက်ကောင်ထွက်ရှိနှုန်းလည်း ကောင်းမွန်စေပါတယ်။ အလေးမတာနဲ့ လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ သန်စွမ်းလာစေပြီး တက်စတိုစတီရုန်းဟော်မုန်းလည်း အထွက်တိုးစေပါတယ်။

• လေ့ကျင့်ခန်းကို အပြင်းအထန် မလုပ်ပါနဲ့။ လေ့ကျင့်ခန်းအပြင်းအထန် လုပ်တာကြောင့် အဒရီနယ်စတီးရွိုက်ဟော်မုန်း ထွက်ရှိမှုအပေါ် သက်ရောက်စေပြီး တက်စတိုစတီရုန်းချို့တဲ့မှု ဖြစ်နိုင်ပါတယ်။

• ကြွက်သားတွေ ကြီးထွားစေတဲ့ စတီးရွိုက်ဆေး (Anabolic Steroid) ကို မသုံးပါနဲ့။ ဒီဆေးတွေက ဝှေးစေ့ကို ကျုံ့စေပြီး မျိုးမအောင်တာကို ဖြစ်စေနိုင်ပါတယ်။

အဆင့် (၃) ကျန်းမာရေးနှင့်အညီ စားပါ

အဆီနည်းပြီး ပရိုတင်းများတဲ့ အစာ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံးအစာတွေက သင့်ကျန်းမာရေးကိုသာမက သုက်ကောင်ကိုပါ ကျန်းမာစေပါတယ်။

• ငါး၊ အသား၊ ဥအမျိုးမျိုး၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။

• မြေပဲ၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ရွှေဖရုံစေ့နဲ့ နေကြာစေ့တို့ဟာ သုက်ကောင်အရေအတွက် တိုးစေပါတယ်။

• အချိုရည်နှင့် ပဲပိစပ်ထုတ်ကုန်တွေကို ရှောင်ပါ။ ဒါတွေက သုက်ကောင်အရေအတွက် လျော့နည်းစေပါတယ်။

အဆင့် (၄) ဝှေးစေ့ကို မပူလွန်းစေသင့်ပါ

ဝှေးစေ့ဟာ ခန္ဓာကိုယ်တခြားအင်္ဂါ အစိတ်အပိုင်းတွေထက် ပိုအေးမြနေဖို့ လိုပါတယ်။

• ခပ်ပွပွ ချည်သားအတွင်းခံဘောင်းဘီ ဝတ်ပါ။ အိပ်တဲ့အခါ အတွင်းခံဘောင်းဘီမဝတ်ပါနဲ့။ ရေပူနဲ့ ရေချိုးတာ၊ ရေပူစိမ်တာကို ရှောင်ပါ။

အဆင့် (၅) ကိုယ်အလေးချိန်ထိန်းပါ

ကိုယ်အလေးချိန်များနေရင် ပုံမှန်ဖြစ်အောင် လျှော့ချတာကြောင့် သုက်ကောင်အရေအတွက် လျော့နည်းမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

• ပြင်သစ်လေ့လာမှုတစ်ရပ်အရ အဝလွန်တဲ့ အမျိုးသားတွေက မဝသူတွေထက် သုက်ကောင်အရေအတွက် ၄၂ ရာခိုင်နှုန်း ပိုလျော့နည်းနေကြောင်း သိရပါတယ်။

အဆင့် (၆) ဆေးဖက်ဝင်အဆီဖြင့် နှိပ်နယ်ပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်တာလိုပဲ ခန္ဓာကိုယ်ကို ဆေးဖက်ဝင်အဆီလိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်တာကြောင့် သွေးလှည့်ပတ်မှုကိုကောင်းစေပြီး ကျန်းမာတဲ့ သုက်ကောင်တွေ တိုးပွားစေပါတယ်။

အဆင့် (၇) စိတ်ဖိစီးမှုလျှော့ချပါ

ယောဂကျင့်တာ၊ တရားထိုင်တာ၊ ပြေးတာ၊ ရေကူးတာ စတဲ့နည်းတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချတာကြောင့် တက်စတိုစတီရုန်းထုတ်လုပ်မှုကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှု များနေတဲ့အခါ သုက်ကောင်ထွက်ရှိမှု လျော့ကျစေပါတယ်။

အဆင့် (၈) အားဆေးသောက်ပါ

လေ့လာမှုအရ ဖောလစ်အက်စစ်နဲ့ ဇင့်(သွပ်) ဓာတ်အားဆေးကို ပုံမှန်မှီဝဲတဲ့ အမျိုးသားတွေက သုက်ကောင်အရေအတွက် ၇၅ ရာခိုင်နှုန်းတိုးမြင့်စေကြောင်း သိရပါတယ်။ ဗီတာမင်စီနဲ့ ဆီလီနီယမ်ဟာ သုက်ကောင်ထုတ်လုပ်မှုကို တိုးစေပါတယ်။

Most Popular

Healthy Life Ad
To Top