Healthy Life Ad
Health Tips

အမြဲတမ်းပြုံးနေလိုက်ပါ ပိုကျန်းမာဖို့ရာ…

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ပြုံးပြုံးလေးနေတာက သင့်ကို ပုံမှန်ထက် ပိုတောက်ပစေတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ အပြုံးကြောင့် သင့်ကျန်းမာရေးကို ကောင်းမွန်စေသလို ဖိစီးမှုအဆင့်ကို လျော့ကျစေကာ ဆွဲဆောင်မှုရှိစေပါတယ်။

(၁) အပြုံးက သင့်ကိုဆွဲဆောင်မှုရှိစေပါတယ်

လူတွေကို ပြုံးနေတဲ့ပုံဆွဲလိုက်တဲ့အခါ တည်တဲ့ပုံတွေထက် ပိုပြီးဆွဲဆောင်မှုရှိတာကို လေ့လာမှုတွေအရ သိရပါတယ်။ မျက်မှောင်ကြုတ်တာ၊ မျက်စောင်းထိုးတာ စတဲ့ အပြုအမူတွေက မျက်နှာကို ရှိရင်းစွဲအသက်ထက် ပိုရင့်သလိုဖြစ်စေကာ ပြုံးတာက ငယ်နုတဲ့အသွင်ရစေတာကြောင့်ပါ။

(၂) အပြုံးက ကူးစက်တတ်ပါတယ်

လူတစ်ယောက်က ပြုံးနေရင် အဲဒီအခန်းက လင်းနေသလိုပဲ တခြားလူတွေရဲ ့စိတ်ကိုပါ ပျော်ရွှင်လာစေပါတယ်။ ပြုံးနေတဲ့သူဟာ တခြားလူတွေဆီကို ပျော်ရွှင်မှုကို သယ်ဆောင်လာတာပါ။

(၃) အပြုံးက စိတ်ဖိစီးမှုကို သက်သာစေပါတယ်

စိတ်ဖိစီးမှုဖြစ်နေရင် မျက်နှာမှာ ပေါ်လွင်နေပါတယ်။ အဲဒီအချိန်မှာ ပြုံးလိုက်ရင် သင်ရဲ့ ပင်ပန်းနေတဲ့ပုံ၊ စိတ်ဓာတ်ကျနေတဲ့ပုံ၊ နွမ်းနယ်နေတဲ့ပုံက လျော့ပါးသွားပါလိမ့်မယ်။

(၄) အပြုံးက စိတ်ကို ပြောင်းလဲစေနိုင်တယ်

နောက်တစ်ခါ သင်စိတ်ဓာတ်ကျနေရင် ပြုံးနိုင်အောင် ကြိုးစားပြီး ပြုံးကြည့်လိုက်ပါ။ စိတ်ခံစားမှုက အကောင်းဘက်ကို ပြောင်းလဲသွားပါလိမ့်မယ်။ ပြုံးတာက စိတ်ကို ပြောင်းလဲစေတဲ့ လှည့်ကွက်တစ်ခုပါပဲ။

(၅) အပြုံးက ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါတယ်

ပြုံးတာကြောင့် ခန္ဓာကိုယ်ရဲ ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းကောင်းအလုပ်လုပ်အောင် ကူညီနိုင်ပါတယ်။ ပြုံးလိုက်တဲ့အခါမှာ ခုခံအားစနစ်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်သွားတာကြောင့် အပန်းပြေအနားရစေပါတယ်။

(၆) အပြုံးက သွေးဖိအားကို လျော့ကျစေပါတယ်

ပြုံးလိုက်တဲ့အခါ သွေးဖိအားက သိသိသာသာ လျော့ကျသွားပါတယ်။ အိမ်မှာ မိနစ်အနည်းငယ်ကြာထိုင်ပြီး သွေးပေါင်တိုင်းကြည့်ပါ။ တစ်မိနစ်လောက်ပြုံးပြီး ပြုံးနေရင်းမှာပဲ သွေးပေါင်ထပ်တိုင်းကြည့်ပါ။ ခြားနားချက်ကို သင်တွေ့ရပါလိမ့်မယ်။

(၇) အပြုံးက ကောင်းတဲ့အရာတွေ ထွက်စေတယ်

လေ့လာမှုတွေအရ ပြုံးတာကြောင့် အန်ဒေါ်ဖင်၊ သဘာဝအကိုက်အခဲပျောက်ဆေးနဲ့ ဆီရိုတိုနင် စတဲ့ ကောင်းတဲ့ဓာတ်တွေ ထွက်ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြုံးတာကို သဘာဝဆေးဝါးတစ်လက်လို့ ဆိုကြတာပါ။

(၈) အပြုံးက မျက်နှာကို ပင့်တင်ပေးပြီး နုပျိုစေတယ်

ပြုံးလိုက်တဲ့အခါမှာ ကျွန်မတို့သုံးလိုက်တဲ့ ကြွက်သားတွေက မျက်နှာကို ပင့်တင်ပေးလိုက်သလို ဖြစ်စေတာကြောင့် ပိုနုပျိုတဲ့ပုံ ဖြစ်သွားစေပါတယ်။

(၉) အပြုံးက အောင်မြင်သူတစ်ဦးလို ထင်ရစေတယ်

ပြုံးနေတဲ့သူတွေကိုကြည့်ရတာ ယုံကြည်မှုပိုရှိတဲ့ဟန် ပေါက်စေပြီး လုပ်ငန်းကိစ္စတွေမှာ စိတ်ချရတဲ့ ပုံပေါက်စေပါတယ်။ အစည်းအဝေးတွေနဲ့ အရေးကြီးတဲ့ တွေ့ဆုံမှုတွေမှာ များများပြုံးလိုက်ပါ။ အရင်နဲ့မတူတဲ့ တုံ့ပြန်မှုကို ရရှိလာပါလိမ့်မယ်။

(၁၀) အပြုံးက အကောင်းမြင်စေပါတယ်

ပြုံးပြုံးလေးနေရင်း တစ်ခုခုကို အဆိုးဘက်ကတွေးကြည့်ပါ။ မလွယ်ပါဘူး။ သင်ပြုံးလိုက်တဲ့အခါမှာ ဦးနှောက်ဆီကို “ဘဝက နေပျော်စရာကောင်းတယ်”ဆိုတဲ့ သတင်းပေးပို့မှု ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။ ပြုံးပြုံးလေးနေရင်း စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ ပူပင်သောကတွေကို ဖယ်ရှားလိုက်ပါ။

Most Popular

Healthy Life Ad
To Top