Healthy Life Ad
Health Tips

ပဲစိမ်း၏ ကျန်းမာရေးအစွမ်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ပဲစိမ်းဟာ အရသာရှိရုံသာမက ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ သေးငယ်တဲ့ အစိမ်းရောင်သစ်စေ့လေးမှာ ပရိုတင်းဓာတ်နဲ့ တခြားအာဟာရဓာတ် အများအပြားလည်း ပါဝင်နေပါတယ်။ ပါဝင်တဲ့ အာဟာရတန်ဖိုးကတော့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ ဗီတာမင်အေ၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင် B1 ၊ B2 ၊ B3 ၊ B4 ၊ B5 ၊ ဖောလိတ်၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်(သွပ်)ဓာတ်တွေပဲ ဖြစ်ပါတယ်။

ပရိုတင်းဓာတ် ပါဝင်မှုမြင့်မားခြင်း

ပဲစိမ်းကို အသားအစားထိုးစားနိုင်တဲ့ အစာအဖြစ် သတ်မှတ်ထားပါတယ်။ ပရိုတင်းပါဝင်မှုက ဟင်းသီးဟင်းရွက်အများစုမှာထက် နှစ်ဆနီးပါးရှိတာကြောင့် ဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း

ကိုယ်အလေးချိန် လျော့ကျဖို့ကြိုးစားနေသူတွေအတွက် စားသင့်တဲ့အစာပါ။ အကြောင်းကတော့ ပဲစိမ်းမှာ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် ဖြစ်ပါတယ်။

သွေးတွင်းကိုလက်စထရော လျော့ကျစေခြင်း

ပဲစိမ်းမှာ နီကိုတင်းနစ်အက်စစ်လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ဒါက သွေးတွင်းကိုလက်စထရောကို လျော့ကျစေတယ်လို့ သိကြပါတယ်။

ကူးစက်ပိုးကင်းစေခြင်း

ပဲစိမ်းမှာ အများအပြားပါဝင်တဲ့ ဗီတာမင်စီကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပြီး ကူးစက်ပိုးမွှားအများအပြားကို ကင်းဝေးစေပါတယ်။

သွေးမခဲစေရန် ကာကွယ်ပေးခြင်း

ပဲစိမ်းမှာ လက်တင်လို့ခေါ်တဲ့ အပင်ထွက်ပရိုတင်းတွေ ပါဝင်တာကြောင့် သွေးခဲတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

မက်ကူလာယိုယွင်းမှုနှင့် အတွင်းတိမ်ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

ပဲစိမ်းမှာပါဝင်တဲ့ ကာရိုတီးနွိုက်လူတင်ဟာ အသက်ကြီးတာနဲ့ ဆက်စပ်ပြီးဖြစ်တတ်တဲ့ မက်ကူလာယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ဝမ်းမှန်မှန် သွားစေခြင်း

ပဲစိမ်းမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဝမ်းချုပ်တာကို ကင်းဝေးစေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

ကိုယ်ခန္ဓာ ခွန်အားရှိစေခြင်း

ပရိုတင်းနဲ့ ကစီဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ပဲစိမ်းကိုစားပေးရင် ခန္ဓာကိုယ်ကို ခွန်အားရှိအောင် တည်ဆောက်ပေးပါတယ်။

အရိုးကျန်းမာစေခြင်း

ပဲစိမ်းမှာ ဗီတာမင် B6 နဲ့ ဖောလစ်အက်စစ်ပါဝင်မှု မြင့်မားတာကြောင့် ဟိုမိုစစ္စတင်းကပ်ညိမှုကို လျော့ကျစေပါတယ်။ ဟိုမိုစစ္စတင်းမော်လီကူးဟာ ကော်လာဂျင်တွယ်ဆက်မှုကို ဟန့်တားကာ အရိုးပါးရောဂါဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါကြောင့် ပဲစိမ်းကို စားပေးရင် အရိုးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။

သွေးဆဲလ်ဖြစ်ပေါ်စေခြင်း

ပဲစိမ်းမှာ သံဓာတ်ပါဝင်တာကြောင့် သွေးဆဲလ်တွေကို ပုံမှန်အတိုင်း ဖြစ်ပေါ်စေပါတယ်။ သံဓာတ်ချို့တဲ့မှုကြောင့် နုံးချည့်တာ၊ သွေးအားနည်းတာ၊ ကိုယ်ခံစွမ်းအားဆိုင်ရာ လုပ်ငန်းဆောင်တာ လျော့နည်းတာနဲ့ သင်ယူလေ့လာမှုဆိုင်ရာ ပြဿနာရှိတာတို့ကို ဖြစ်စေနိုင်ပါတယ်။

စွမ်းအင်ရရှိစေခြင်း

ပဲစိမ်းဟာ စွမ်းအင်အဆင့်ကို ဖြည်းဖြည်းမှန်မှန် တည်ဆောက်ပေးပါတယ်။ ပဲစိမ်းက စွမ်းအင်ထုတ်လုပ်မှု၊ ကာဗိုဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုနဲ့ နာ့ဗ်ကြောလုပ်ငန်းဆောင်တာတွေမှာ ပါဝင်လုပ်ဆောင်ပေးပါတယ်။

ကင်ဆာကို ကာကွယ်နိုင်ခြင်း

ပဲစိမ်းမှာ အင်တီအောက်ဆီးဒင့်ပါဝင်မှု မြင့်မားတာကြောင့် တချို့ကင်ဆာရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

မှတ်ချက် – ကျောက်ကပ်ရောဂါနဲ့ ဂေါက်အဆစ်အမျက်ရောင်ရောဂါတို့လို ပျူရင်းနဲ့ ဆက်စပ်တဲ့ ရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ပဲစိမ်းစားသုံးမှုကို ကန့်သတ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top