Healthy Life Ad
Health Tips

သားအိမ်မဆုံးဘဲ အလုံးပျောက်စေနည်း (Fibroids Cure without losing Uterus)

———၊ ဒေါက်တာတင့်ဆွေ ၊———

အမျိုးသမီးအရွယ်လတ်များမှာ ဖြစ်လေ့ရှိတဲ့ သားအိမ်အလုံးရောဂါကို ဆေးစာနဲ့ Fibroids လဲခေါ်တယ်၊ Myoma လဲခေါ်တယ်၊ Leiomyomas လို့လဲခေါ်တယ်။ အပျိုကြီးတွေ၊ အိမ်ထောင်ရှိလဲ ကလေးမရှိသူတွေ၊ ကလေးရှိဖူးလဲ အိမ်ထောင်ပျက်လို့ ကလေးဝေးသွားသူတွေမှာဖြစ်တဲ့ ရောဂါတစ်ခုပါ။ အလုံး-အကြိတ်ပေမဲ့ ကင်ဆာမဟုတ်တဲ့ အမျိုးအစားဖြစ်တယ်။ ကုနည်းကတော့ အစဉ်အလာအရ ခွဲထုတ်ရတာပါ။ ခွဲတဲ့အခါ အလုံးအခြေအနေ၊ လူနာအခြေအနေအရ အလုံးသပ်သပ်ထုတ်နည်း၊ သားအိမ်ပါထုတ်နည်း လုပ်ရတယ်။ နည်းသစ်တခုပေါ်လာတာက Uterine Fibroid Embolization (UFE) လို့ခေါ်ပါတယ်။

ခွဲစိတ်စရာမလိုတဲ့နည်းလို့ပြောတယ်။ လူနာစိတ်သက်သာရအောင်ခေါ်တာပါ၊ ခွဲခန်းတော့ ဝင်ရမှာဘဲ၊ ထုံဆေးလဲ ပေးရတာဘဲ။ Interventional Radiologist ဆိုတဲ့ ဓာတ်မှန်အထူးကျွမ်းကျင်သူ ဆရာဝန်ကနေ လုပ်ပေးရတာမို့၊ ခွဲစိတ်ဆရာဝန်က လုပ်ပေးရတာမဟုတ်လို့ ခေါ်တာလည်းဖြစ်မယ်။

UFE နည်းကို ၁၉၉၅ ကတည်းက စသုံးတာ အခုဆို အမျိုးသမီးလူနာပေါင်း တကမ္ဘာလုံးမှာ တသိန်းကျော်သွားပါပြီ။ သားအိမ်ထဲက အလုံးဆီသွားတဲ့ သွေးကြောကို Polyalcohol vinyl ဆေးထိုးပြီး ပိတ်ပေးနည်းဖြစ်ပါတယ်။

(MRI) ဖြစ်ဖြစ် Ultrasound ဖြစ်ဖြစ် အရင်လုပ်တယ်။ ဆေးရုံတက်ရမယ်။ မလုပ်ခင် ၄ နာရီ အစားအမာရှောင်ခိုင်းမယ်။ စိတ်ငြိမ်ဆေး ထိုးပေးလိမ့်မယ်။ ပေါင်ခြံမှာရှိတဲ့ သွေးလွှတ်ကြောကနေလုပ်မှာမို့ အမွှေး-အမျှင် သန့်ရှင်းရမယ်။

လုပ်မဲ့နေရာကို ပိုးသန့်ဆေးတွေသုတ်လိမ်းပြီး ထုံဆေးထိုးမယ်။ ဆေးထိုးအပ်နဲ့ သွေးလွှတ်ကြောထဲထိုးမယ်။ အပ်နဲ့အတူ ပိုက်သေးသေးလေးနဲ့ ဝိုင်ယာပါထည့်မယ်။ ဆရာဝန်ကနေ ဓာတ်မှန်နဲ့ကြည့်ရင်း သားအိမ်ထဲကဖြစ်နေတဲ့ အလုံးကိုသွားတဲ့ ဘယ်နဲ့ ညာသားအိမ်သွား သွေးလွှတ်ကြောတွေအထိ (ကသီတာ)နဲ့ (ဝိုင်ယာ) ရောက်အောင် ထည့်ပေးမယ်။ ဓါတ်မှန်မှာ ခွဲခြားမြင်နိုင်မဲ့ Dye ဆေးထိုးသွင်းလိုက်မယ်။ တကိုယ်လုံးနွေးလာတာ ခံစားရမယ်။ သေချာတဲ့အခါ သွေးကြောပိတ်ဆေး ထိုးလမ့်မယ်။ အလုံးသွေးမရတော့ဘူး ဖြစ်သွားမယ်။ ဘယ်ရော၊ ညာပါ လုပ်ရတယ်။ အားလုံးပေါင်းနာရီဝက်၊ တနာရီကြာလိမ့်မယ်။

ဆေးရုံမှာ တညသာထားမယ်။ အိမ်ရောက်ရင် ၃-၄ ရက်နားရမယ်။ နည်းနည်းဖျားနိုင်တယ်။ တချို့ ကနာမယ်။ အနာသက်သာဆေးပေးထားမယ်။ ပဋိဇီဝဆေးပေးမယ်။ သွေးနည်းနည်းဆင်းတတ်တယ်။ ၂ ပတ်လောက်ထိ ကြာချင်ကြာမယ်။ တချို ့ပိုကြာတယ်။ အလုံးပျောက်ဖို့ ၆ ပတ်ကနေ တနှစ်ကြာတတ်တယ်။ ၈%လောက်က ချက်ချင်းကောင်းသွားတယ်။ ၉၀% မက အရင်ခံစားနေတာတွေ ကင်းပျောက်သွားမယ်။ ၅-၁၀% တဝက်တပျက်ကောင်းပြီး၊ ၂၅% ပြန်ဖြစ်တယ်။

ဆိုးတာဖြစ်ရင် ပိုးဝင်တာဘဲ။ ၂%လောက်မှာဖြစ်တယ်။ တချို့က သားအိမ်ခြစ်တာလုပ်ဖို့ လိုချင်လိုတယ်။ သွေးဆင်းတာနဲ့ ရာသီလာချိန် ဗိုက်နာတာခံစားရတတ်တယ်။ ရှားရှားပါးပါး သားအိမ်ထုတ်ရမယ်။ ၁-၅% သွေးဆုံးတာ စောတတ်တယ်။ ဒီနည်းနဲ့လုပ်ပြီးမှ ကလေးရရင် ဂရုစိုက်ရမယ်။ ကောင်းချက်တွေကတော့ ထုံဆေးသာသုံးရတယ်။ ဒါးခွဲရာသေးသေးလေးနဲ့ရတယ်။ သားအိမ်တခုလုံးထုတ်စရာမလိုဘူး။ သွေးထွက်တာနည်းတယ်။ မြန်မြန်နလံထမယ်။ အနုတ်သဘောတွေကတော့ သွေးလွှတ်ကြောကိုလုပ်ရတဲ့ သတိထားစရာတွေရှိတယ်။ သွေးယိုတာ၊ သွေးခြည်ဥတာ၊ ပိုးဝင်တာ။ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်နေရင်၊ ကျောက်ကပ်မကောင်းရင်လဲ လုပ်မပေးဘူး။ ကင်ဆာသံသယရှိသူ၊ အလုံးရှိပေမယ့် ဘာမှမခံစားရသူ၊ ကိုယ်ဝန်ရှိနေသူတွေကို လုပ်မပေးဘူး။

Most Popular

Healthy Life Ad
To Top