Healthy Life Ad
Health Tips

သင် စိတ်ဖိစီးမှုဖြစ်နေကြောင်း ပြသနေသည့် လက္ခဏာငါးမျိုး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

လူအများစုဟာ အလုပ်များတဲ့ နေထိုင်မှုပုံစံကြောင့် စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများဆိုသလို နေ့စဉ်ခံစားနေရပါတယ်။ စိတ်ဖိစီးမှု ခံစားနေရချိန်မှာ စိတ်ဖိစီးမှုသက်သာစေမယ့်နည်းတွေကို လိုက်နာပြီး သက်သာရာရအောင် လုပ်ဆောင်ဖို့လိုပါတယ်။ စိတ်ဖိစီးမှုခံစားရချိန်ကြာသွားရင် စိတ်ဝေဒနာအဖြစ် ပြောင်းသွားနိုင်လို့ စိတ်ဖိစီးမှုဖြစ်နေကြောင်း ပြသတဲ့ အောက်ပါလက္ခဏာငါးမျိုးကို သတိမူပြီး အမြန်ဆုံးလျှော့ချလိုက်ပါ။

(၁) ရုံးပိတ်ရက်တွင် ခေါင်းကိုက်ခြင်း

အလုပ်လုပ်ရတဲ့ တစ်ပတ်လုံး စိတ်ဖိစီးမှုများခဲ့တာကြောင့် လူအများစုဟာ ရုံးပိတ်ရက်မှာ ခေါင်းကိုက်ကာ ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာတွေလည်း ဖြစ်တတ်တဲ့အတွက် တစ်ပတ်လုံး စိတ်အေးချမ်းတည်ငြိမ်မှုရှိအောင် ကြိုးစားနေထိုင်ရင်း ရုံးပိတ်ရက်ကို ကျန်းမာလန်းဆန်းစွာ ဖြတ်သန်းပါ။

(၂) ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း

စိတ်ဖိစီးမှုကြောင့် ဟော်မုန်းတွေကို ဟန်ချက်မညီမျှမှုဖြစ်စေတဲ့အတွက် ရာသီလာစဉ်မှာ ကိုက်ခဲနာကျင်မှုအဖြစ်များကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက စိတ်ဖိစီးမှုနဲ့ ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။

(၃) ပါးစပ်နာနေခြင်း

စိတ်ဖိစီးမှုများရင် ညဘက်မှာ သွားတွေကြိတ်တတ်ပါတယ်။ အဲဒီအခါ မေးရိုးနာကျင်မှု ဖြစ်တတ်ပါတယ်။ မနက်အိပ်ရာထချိန် ပါးစပ်နာနေရင် သွားကြိတ်တာကြောင့် ဖြစ်တတ်တဲ့အတွက် သွားအကာ(Mouth Guard)တပ်ဆင်ပြီး အိပ်ရာဝင်ပါ။

(၄) အိပ်မက်ဆိုးများမက်ခြင်း

စိတ်ဖိစီးမှုများနေရင် အိပ်မက်ဆိုးမက်နိုင်ခြေ များပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်စက်မှုစက်ဝန်းကို အဟန့်အတားဖြစ်စေတဲ့အတွက် အိပ်မပျော်နိုင်လည်း ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို အိပ်ချိန်နဲ့ကပ်ပြီး မသောက်သုံးပါနဲ့။ အိပ်ရာမဝင်ခင် တရားထိုင်တာ၊ သီချင်းအေးအေးနားဆင်တာနဲ့ စာဖတ်တာတို့ ပြုလုပ်ရင်း စိတ်ဖိစီးမှုကို ဖြေလျှော့ပေးပါ။

(၅) သွားဖုံးသွေးယိုခြင်း

စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့် မြင့်တက်တာက ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေပြီး သွားဖုံးထဲကို ဘက်တီးရီးယားတွေ ကျူးကျော်ဝင်ရောက်ဖို့ ခွင့်ပြုသလို ဖြစ်သွားပါတယ်။ သွားနဲ့ သွားဖုံးကျန်းမာရေးကောင်းအောင် သွားတိုက်တံနဲ့ တစ်နေ့နှစ်ကြိမ်တိုက်ပါ။ စိတ်ဖိစီးမှု လျော့ကျစေဖို့ လေ့ကျင့်ခန်းလုပ်ပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူပေးရပါမယ်။

Most Popular

Healthy Life Ad
To Top