Healthy Life Ad
Health Tips

အမျိုးသမီး ၁၀ဝ ဦးကို သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးမည်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ အမျိုးသမီး ၁၀ဝ ဦးကို အခမဲ့ သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

“သားအိမ်ခေါင်းကင်ဆာက ကြိုတင်ကာကွယ်လို့ရတဲ့ ကင်ဆာအမျိုးအစားထဲမှာပါတယ်။ ကြိုတင်ကာကွယ်တဲ့နေရာမှာ အစိုးရက အသက် ၉ နှစ် နဲ့ ၁၁ နှစ်ကြား မိန်းကလေးတွေကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ထိုးနှံတဲ့ အစီအစဉ်ဆောင်ရွက်နေတယ်။ တစ်ဖက်ကလည်း အသက် ၂၅ နှစ်အထက် အိမ်ထောင်ရှိသူတွေက သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ ကြိုတင်စစ်ဆေးရင် သားအိမ်ခေါင်းကင်ဆာအဆင့်အထိ မရောက်ခင်မှာ ကြိုတင်သိရှိနိုင်တယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ အသိပညာပေးလဖြစ်တဲ့ ဒီလမှာ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးချင်တာရယ်၊ ကြိုတင်ကာကွယ်ပေးချင်တာရယ်ကြောင့် စစ်ဆေးမှုကိုပါ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း စာရင်းကောက်ခံခဲ့ပြီး လိင်ဆက်ဆံဖူးသူ၊ အိမ်ထောင်ရှိသူအမျိုးသမီးများ၊ အသက် ၂၅ နှစ်မှ ၆၅ နှစ်အတွင်းနှင့် ပြီးခဲ့သည့် (၃)နှစ်တာကာလအတွင်း သားအိမ်ခေါင်းမစစ်ဆေးဖူးသူများကို ဦးစားပေးစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာပေါ်မှာ ၂မိနစ်တိုင်းမှာ သားအိမ်ခေါင်းကင်ဆာကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးနေပါတယ်တဲ့။ သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ စစ်ဆေးတာ ၂မိနစ်လောက်ပဲကြာတာပါ။ မရှက်ပါနဲ့၊ မကြောက်ပါနဲ့။ လက္ခဏာမပြခင် စစ်ဆေးပါမှ ကင်ဆာအကြိုအဆင့်ရှိနေရင်တွေ့နိုင်လို့ ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါမယ်။

စစ်ဆေးပြီး အနည်းဆုံး ၃-၅ ရက်အတွင်း အဖြေရမယ်။ ထွက်လာတဲ့အဖြေပေါ်မူတည်ပြီး ကောင်းတဲ့သူတွေက တစ်အုပ်စုထွက်မယ်။ သူတို့က နောက်သုံးနှစ်ကြာမှ တစ်ခါထပ်စစ်ရမယ်။ နောက်တစ်အုပ်စုက ကင်ဆာအစပျိုးအခြေအနေပေါ့။ သူတို့ကို သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန်တွေဆီ လွှဲပေးမယ်။ အကြိုအဆင့်တွေမှာ ကုသတဲ့နည်းတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အကြံပြုမယ်။ နောက်ဆုံးအုပ်စုကတော့ ကင်ဆာဖြစ်နေတဲ့ အဆင့်ဆိုရင် သားဖွားမီးယပ်အထူးကု ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ခွဲစိတ်ကုသမှု၊ ဆေးသွင်းကုသမှုနဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေကို ဆက်လက်ခံယူဖို့ အကြံပြုပါမယ်”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

စာရင်းပါဝင်သူများအနေဖြင့် ၁၅-၁-၂၀၂၁ မှ ၁၅-၇-၂၀၂၁ ရက်နေ့အထိ လှိုင်သာယာမြို ့နယ်၊ ပန်းလှိုင်ဆေးရုံနှင့် ဒဂုံမြို ့နယ်နှင့် မြောက်ဒဂုံမြို ့နယ်တို့ရှိ ပန်းလှိုင်အထူးကုဆေးခန်းတို့တွင် ဖုန်း – ဝ၉ ၅၁၃ ၇၈၁၂ (ပန်းလှိုင်အထူးကုဆေးခန်း)သို့တိုက်ရိုက်ဆက်သွယ်၍ ဆေးစစ်ခံယူရန် ကြိုတင်ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top