Healthy Life Ad
Life Style

ဥယျာဉ်ထဲက လူစိမ်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

တစ်ခါတုန်းက ဥယျာဉ်ကြီးတစ်ခုထဲမှာ အမျိုးသားတစ်ယောက်ရှိပါသတဲ့။ သူကသစ်သီးသီးမယ့် အပင်ပေါင်းများစွာ စိုက်ပျိုးခဲ့ပြီး သစ်သီးတွေ သီးလာတဲ့အထိ မပျင်းမရိ ပျိုးထောင်ခဲ့တယ်။ သူက သစ်သီးတွေကို ခူးဆွတ်ပြီး ရောင်းချလို့ရတဲ့ငွေကို မိသားစုကို ပေးချင်ခဲ့တယ်။

သာယာတဲ့နေ့တစ်နေ့မှာ သူ့သားနဲ့အတူ သစ်သီးတွေ ခူးနေချိန် သစ်ပင်အကိုင်းတစ်ခုပေါ်မှာထိုင်ပြီး သစ်သီးတွေခူးနေတဲ့ လူစိမ်းတစ်ယောက်ကို မြင်တွေ့ခဲ့ရတယ်။ ဥယျာဉ်စိုက်သူလည်း အလွန်အမင်းဒေါသထွက်သွားပြီး –

“ဟေ့လူ . . ငါ့သစ်ပင်ပေါ်မှာ ဘာလုပ်နေတာလဲ၊ သူများသစ်သီးတွေ ခိုးစားရတာကို မရှက်ဘူးလား”လို့ အော်ဟစ်ပြောဆိုလိုက်ပါတယ်။

သစ်ကိုင်းပေါ်ထိုင်နေတဲ့ လူစိမ်းက ဥယျာဉ်စိုက်သူကိုကြည့်ပြီး ဘာမှစကားပြန်မပြောတော့ဘဲ သစ်သီးတွေကို ဆက်ခူးမြဲခူးနေခဲ့ပါသတဲ့။ ဥယျာဉ်စိုက်သူလည်း ပိုပြီးစိတ်တိုလာကာ ထပ်အော်ပြန်ပါတယ်။

“ငါတစ်နှစ်လုံး ဒီသစ်ပင်တွေကို ပျိုးထောင်လာခဲ့ရတာကွ။ ငါ့ခွင့်ပြုချက်မရဘဲ ဒီသစ်သီးတွေကို ခူးယူခွင့်မရှိဘူး။ အခုချက်ချင်းဆင်းစမ်း”

သစ်ပင်ပေါ်က လူစိမ်းက-

“ဘာလို့ဆင်းရမှာလဲ၊ ဒါက ဥယျာဉ်စောင့်နတ်ပိုင်တာဖြစ်ပြီး ငါက ဥယျာဉ်စောင့်နတ်ရဲ ့ ကျေးကျွန်ဖြစ်တယ်။ ဒီတော့ ငါ့မှာ ဒီသစ်သီးတွေကို ခူးယူပိုင်ခွင့်ရှိတယ်”လို့ ပြန်ဖြေခဲ့တယ်။

အဲဒီအဖြေကြားတော့ ဥယျာဉ်စိုက်သူလည်း အကြီးအကျယ်အံ့အားသင့်သွားပြီး လူစိမ်းကို သစ်ပင်ပေါ်ကနေ အောက်ကိုဆင်းဖို့ပြောခဲ့တယ်။ လူစိမ်းဆင်းလာချိန်မှာ ဥယျာဉ်စောင့်သူက လူစိမ်းကို သစ်ပင်မှာ ကြိုးနဲ့ချည်ပြီး တုတ်နဲ့ရိုက်ခဲ့တယ်။

လူစိမ်းက စူးစူးရှရှအော်ဟစ်ပြီး-

“မင်းဘာလို့ ငါ့ကိုရိုက်တာလဲ၊ မင်းမှာ ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး”လို့ ပြောတယ်။

ဥယျာဉ်စိုက်သူက ဘာမှမဖြေဘဲ ဆက်ရိုက်ခဲ့ပါတယ်။

လူစိမ်းက-“မင်းဥယျာဉ်စောင့်နတ်ကို မကြောက်ဘူးလား၊ အပြစ်မဲ့သူကို မင်းရိုက်နေတာ” လို့ ပြောချိန်မှာ ဥယျာဉ်စိုက်သူက-

“ငါက ဘာကိုကြောက်သင့်တာလဲ၊ ငါ့လက်ထဲကတုတ်က ဥယျာဉ်စောင့်နတ်ကော အစေခံပါ ပိုင်တယ်လေ။ တုတ်ရဲ ့လုပ်ဆောင်မှုကို ဥယျာဉ်စောင့်နတ်နဲ့ သူ့ကျေးကျွန်က အနှောင့်အယှက်မပြုသင့်ဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။

လူစိမ်းလည်း ချက်ချင်းပဲ”ခဏနေပါဦး၊ မရိုက်ပါနဲ့တော့။ သစ်သီးတွေခူးခဲ့မိလို့ တောင်းပန်ပါတယ်။ ဒါက ခင်ဗျားဥယျာဉ်ပါ၊ သစ်သီးတွေ မခူးခင် ခင်ဗျားခွင့်ပြုချက်ကို တောင်းသင့်တာပေါ့။ ဒါကြောင့် ကျွန်တော့်ကို ခွင့်လွှတ်ပြီး လွှတ်ပေးပါဗျာ”

အဲဒီအချိန်မှာ ဥယျာဉ်စိုက်သူကပြုံးပြီး “ခင်ဗျားရဲ ့မကောင်းတဲ့ အကျင့်တွေကို ချေဖျက်ဖို့ ဥယျာဉ်စောင့်နတ်ရဲ ့နာမည်ကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ပါနဲ့”လို့ ပြောကာ လူစိမ်းကို လွှတ်ပေးလိုက်ပါတော့တယ်။

Most Popular

Healthy Life Ad
To Top