Healthy Life Ad
Health Tips

၀မ်းဗိုက်ချပ်ရပ်စေရုံသာမက ကျန်းမာရေးပိုမိုကောင်းမွန်စေသည့် အပြုအမူများ

———၊ ငွေကြယ်စင်ယံ ၊———

ခါးအတိုင်းအတာကို သွယ်လျလှပစေတဲ့ အပြုအမူတွေက ကိုယ်အလေးချိန်အပိုတွေကို လျော့ကျစေရုံသာမက ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ခြင်း

စိတ်ဖိစီးမှုကြောင့် ဗိုက်အဆီစုပုံစေနိုင်ပြီး ဗိုက်ပူတာကို မထိန်းချုပ်နိုင်ရင် ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ဖိစီးမှုဟော်မုန်းကို လျှော့ချနိုင်တဲ့ အမြန်ဆုံးနည်းက အသက်ပြင်းပြင်းရှူသွင်း/ ရှူထုတ်တာပဲ ဖြစ်ပါတယ်။ အချိန်ကြာကြာ အသက်ပြင်းပြင်း ရှူသွင်း/ ရှူထုတ်တာကြောင့် သင့်ကို ချက်ချင်းအပန်းပြေကာ စိတ်ဖိစီးမှုအားလုံး လျော့ကျစေနိုင်ပါတယ်။

တရားထိုင်ခြင်း

တရားထိုင်တာက ဝင်လေ၊ ထွက်လေကိုမှတ်တဲ့ ကျင့်စဉ်ဖြစ်ပြီး အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ကောင်းမွန်စေကာ စိတ်ဖိစီးမှု လျော့ကျစေပါတယ်။ လေ့လာမှုတွေအရ ပုံမှန်တရားထိုင်သူတွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ကျဝေဒနာ လျော့ကျစေတယ်လို့ သိရပါတယ်။

အချိန်တို လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းစတင်ပြုလုပ်စဉ်မှာ မိနစ် ၃၀ လုပ်ဆောင်တာထက် တစ်ကြိမ် ၁၀ မိနစ်နှုန်းနဲ့ တစ်နေ့သုံးကြိမ်ခန့် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ဝမ်းဗိုက်အဆီကို ပိုမိုလျော့ကျစေပါတယ်။

အိပ်စက်ခြင်း

အိပ်စက်တာက ဝမ်းဗိုက်အဆီ လျော့ကျစေဖို့အတွက် အရေးကြီးတဲ့အချက်ပါ။ လုံလောက်တဲ့ အိပ်စက်မှုမရှိရင် စိတ်ဖိစီးမှုအဆင့်မြင့်တက်လာပြီး ကိုယ်အလေးချိန်တိုးကာ ဝမ်းဗိုက်ပတ်လည်မှာ အဆီတွေစုလာနိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့် ဆာလောင်မှုနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းချုပ်ပေးနိုင်တဲ့ လက်ပ်တင်ဟော်မုန်းလျော့ကျသွားပါတယ်။ ဒါကြောင့် ဗိုက်ပိုဆာကာ အစာများများစားဖြစ်ပြီး ဝမ်းဗိုက်အဆီလည်း တိုးလာနိုင်ပါတယ်။

အစာကို ဖြည်းဖြည်းချင်း ဝါးစားခြင်း

အစာကို မြန်မြန်စားတဲ့အခါ အလုံအလောက် စားဖြစ်တယ်ဆိုတဲ့ သတင်းအချက်အလက်ကို သင့်ဦးနှောက်က မရရှိပါဘူး။ ဒါကြောင့် အစာကိုဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားနိုင်ဖို့ တစ်လုတ်စားတိုင်း အနည်းဆုံး ၁၀ ကြိမ်ဝါးပြီး စားသင့်ပါတယ်။

မကြာခဏ သရေစာစားခြင်း

ကိုယ်အလေးချိန်ကိုထိန်းနိုင်ဖို့နဲ့ ဝမ်းဗိုက်ချပ်ရပ်စေဖို့ရာအတွက် သရေစာကို မကြာခဏ စားပေးသင့်ပါတယ်။ ဒါမှ ဗိုက်ဆာလွန်းတာမျိုး မဖြစ်မှာပါ။ ဗိုက်ဆာလွန်းရင် အစာကို စားချင်စိတ်များပြီး အများအပြားစားမိသွားနိုင်လို့ပါ။

ရေဓာတ်ပြည့်ဝအောင်နေခြင်း

ရေဓာတ်အနည်းငယ်လိုအပ်နေရင် ခန္ဓာကိုယ်က ရေကိုစွဲထားကာ ဖောင်းပွမှုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်ပတ်လည်မှာ ဖောနေတတ်ပါတယ်။ ဒါကြောင့် ရေကို တစ်နေ့ရှစ်ခွက်ခန့် သောက်ပေးပါ။

ဆားလျှော့စားခြင်း

ဆိုဒီယမ်ကို ပိုပြီးစားလေလေ၊ ခန္ဓာကိုယ်က ရေကို ပိုပြီးဆွဲထားနိုင်လေလေ ဖြစ်ပါတယ်။ ရေကြောင့် ဗိုက်ပူသလို ထင်ရတတ်ပါတယ်။ ဒါကြောင့် ဆားနဲ့ပြုပြင်ထားတဲ့ အစာတွေအစား လတ်ဆတ်တဲ့အစာတွေကို စားပေးသင့်ပါတယ်။

အကြောဆန့်ထုတ်ခြင်း

အကြောဆန့်ထုတ်တာက ခန္ဓာကိုယ်ကို ပျော့ပျောင်းသန်စွမ်းမှုဖြစ်စေပြီး ကြွက်သားတွေကို သန်မာစေကာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ပုံမှန်အကြောဆန့်ထုတ်တာကြောင့် လေ့ကျင့်ခန်းနဲ့ ဆက်စပ်နေတဲ့ ထိခိုက်ဒဏ်ရာတွေကို လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top