Healthy Life Ad
Life Style

မိန်းမသားတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အလှအပပြဿနာများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

မိန်းမသားတွေအတွက် အသားအရေ၊ အလှအပနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ပြဿနာတွေရှိပါတယ်။

(၁) ကျီးကန်းခြေထောက် သို့မဟုတ် မျက်ဝန်းထောင့်အရေးကြောင်း

ကျီးကန်းခြေထောက်ဟာ အသက်ကြီးလာတဲ့အခါ အရေပြားအိုမင်းမှုလက္ခဏာတစ်ရပ်အနေနဲ့ အမျိုးသားရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်တဲ့ အရေးကြောင်းပါ။ ပြုံးရယ်လွန်းတာ၊ မျက်မှောင်ကြုတ်တာနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရတာတို့ကြောင့် ကျီးကန်းခြေထောက်ဖြစ်ရတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားဟာ ဆွဲဆန့်နိုင်စွမ်း လျော့ကျလာပြီး မျက်နှာမှာ ကျီးကန်းခြေထောက် ဖြစ်လာပါတယ်။

ကျီးကန်းခြေထောက် ကင်းဝေးစေရန်

ကျီးကန်းခြေထောက်ဟာ အသက်ကြီးလာတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။ ဈေးကွက်ထဲမှာ အရေးကြောင်းလျော့ပါးစေတဲ့ ခရင်မ်တွေ အများအပြားရှိပါတယ်။ အရွယ်မတိုင်ခင် အရေပြားအိုမင်းမှုကို ရှောင်လွှဲနိုင်ဖို့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။

သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး မျက်ဝန်းထောင့်နေရာပေါ် ပုံမှန်ကပ်ပေးပါ။ ပြီးရင် မိနစ် ၂၀ ခန့်ထားပြီးမှ ဆေးကြောလိုက်ပါ။

အာလူး

အာလူးကို ရေစင်အောင်ဆေးကာ ပါးပါးလှီးပြီး မျက်ဝန်းတစ်ဝိုက်ကပ်ပေးရင်လည်း မျက်ဝန်းညိုတာကို သက်သာစေသလို အရေးကြောင်းကို လျော့ကျစေပါတယ်။ အာလူးကို အရည်ညှစ်ပြီး မျက်ဝန်းထောင့်အနားကို သုတ်လိမ်းပေးပါ။ ပုံမှန်သုတ်လိမ်းပေးတာကြောင့် ရက်အနည်းငယ်အကြာမှာ မျက်ဝန်းထောင့်အရေးကြောင်းတွေက လျော့ပါးသက်သာသွားပါလိမ့်မယ်။

ကြက်ဥအကာ၊ ဘဲဥအကာ

မျက်ဝန်းထောင့်အရေးကြောင်း ကင်းစေမယ့် နောက်တစ်နည်းက ကြက်ဥ၊ ဘဲဥအကာကို သုံးရမှာ ဖြစ်ပါတယ်။ ကြက်ဥအကာကို မျက်ဝန်းတဝိုက်တင်မက မျက်နှာတစ်ပြင်လုံးကို သုတ်လိမ်းပေးပါ။ အချိန် ၁၅ မိနစ်အကြာမှာ ရေအေးစွတ်ထားတဲ့ ဂွမ်းစနဲ့ သုတ်လိမ်းပေးပါ။ ကြက်သီးနွေးရေနဲ့ မဆေးကြောပါနဲ့။

(၂) မျက်အိတ်တွဲကျခြင်း

မျက်စိယားယံမှုနဲ့ ဓာတ်မတည့်မှုတို့ကြောင့် မျက်လုံးကို လက်နဲ့မကြာခဏ ပွတ်သပ်မိရာက မျက်လုံးဖောင်းအစ်မှုဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ အောက်ပါနည်းငါးမျိုးကို လိုက်နာသင့်ပါတယ်။

(၁) မျက်စိကိုမထိတွေ့ခင် လက်ဆေးပါ

မျက်စိထဲကိုဝင်တဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့ ပိုးမွှားတွေက အဓိကအားဖြင့် လက်ကနေဝင်လာတာပါ။ လက်ကိုမကြာခဏ ဆေးကြောပေးပါ။ အထူးသဖြင့် လက်ကို ဆေးကြောသန့်စင်ပြီးမှ မျက်လုံးကို ထိတွေ့ကိုင်တွယ်သင့်ပါတယ်။

(၂) မျက်စိယားလျှင် မျက်စဉ်းဆေးခတ်ပါ

ဆားရည်နဲ့ မျက်ရည်တုတွေက မျက်စိတွင်း ဓာတ်မတည့်မှုတွေ သန့်စင်အောင် ဖယ်ရှားပေးနိုင်ပါတယ်။ မျက်စိခြောက်သွေ့မှုအတွက်သုံးတဲ့ မျက်ရည်တုတွေက မျက်စိယားယံမှုနဲ့ ခြောက်သွေ့မှုကို သက်သာစေပါတယ်။

(၃) အေးမြသော ပိတ်စတစ်စကပ်ပါ

မျက်စိယားယံမှုဖြစ်လွန်းရင် အေးမြသန့်ရှင်းတဲ့ပိတ်စကို မျက်စိပေါ်ကိုအုပ်ပေးပါ။ ဒါဆိုရင် မျက်လုံးဖောင်းအစ်မှုကို သက်သာစေပြီး မျက်စိရောင်ရမ်းမှုလျော့ကျကာ ယားယံတာကို သက်သာစေပါတယ်။

(၄) ပြတင်းပေါက်ကို ပိတ်ထားပါ

ပြင်ပက ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကို အမြဲရှောင်လွှဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မျက်စိထဲကို ဖုန်မှုန့်တွေ မဝင်ဖို့ဆိုရင် အိမ်ထဲမှာနေရင်တောင် ပြတင်းပေါက်ကိုပိတ်ထားဖို့ လိုပါတယ်။ အထူးသဖြင့် ဖုန်မှုန့်ထူထပ်တဲ့ နေရာတွေမှာ ပြတင်းပေါက်ပိတ်ပြီး အဲကွန်းဖွင့်ထားပေးရပါမယ်။ လေအပြင်းအထန်တိုက်တဲ့ အချိန်တွေမှာ ပြတင်းပေါက်ကိုပိတ်ပြီး အိမ်ထဲမှာနေပါ။

(၅) နေကာမျက်မှန်တပ်ပါ

နေကာမျက်မှန်နဲ့ ပုံမှန်မျက်မှန်တပ်ရင် မျက်စိထဲကို ဖုန်မှုန့်တွေ၊ ပန်းဝတ်မှုန်တွေမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နေကာမျက်မှန်ဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မျက်စိထိခိုက်မှုမရှိအောင် ကာကွယ်နိုင်ပါတယ်။

(၃) နှုတ်ခမ်းသားညိုမည်းခြင်း

တချို ့လူတွေမှာ နှုတ်ခမ်းသားတွေ ညိုမည်းနေတတ်သလို တချို ့လူတွေကျတော့ အရည်အသွေးနိမ့်တဲ့ နှုတ်ခမ်းဆိုးဆေးအရောင်ကို ကြာရှည်ဆိုးတာကြောင့် နှုတ်ခမ်းသားက ညိုမည်းနေတတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းအများစုက နှုတ်ခမ်းနီထဲက ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းကြောင့် အရောင်ညိုမည်းရတာပါ။

နှုတ်ခမ်းသားထိခိုက်စေတဲ့ နှုတ်ခမ်းနီကို ဆက်မဆိုးသင့်ပါ

အရင်က သင့်နှုတ်ခမ်းသားကို ထိခိုက်စေခဲ့တဲ့ နှုတ်ခမ်းဆိုးဆေးတောင့်ကို ဆက်မသုံးသင့်တော့ပါဘူး။

ကြေးချွတ်သန့်စင်ပါ

နှုတ်ခမ်းသားကို သွားတိုက်တံအဟောင်းတစ်ချောင်း ဒါမှမဟုတ် နူးညံ့ပျော့ပျောင်းတဲ့ သွားတိုက်တံနဲ့ ပွတ်တိုက်ကာ သန့်စင်ပေးပါ။ ဒီနည်းကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်တိုင်း သုံးသင့်ပါတယ်။

သံပရာရည်နှင့် ပျားရည်သုံးပါ

သံပရာရည်၊ ပျားရည်နဲ့ ဂလစ်ဆရင်းအလှဆီတို့ကို သမအောင် ရောမွှေပြီး နှုတ်ခမ်းသားပေါ် ပုံမှန်လိမ်းပေးရင် သီတင်းပတ်အနည်းငယ်အကြာ သိသာထင်ရှားတဲ့ရလဒ်ကို တွေ့မြင်နိုင်ပါတယ်။

နှုတ်ခမ်းသားကို အစိုဓာတ်ထိန်းပါ

နှုတ်ခမ်းသားကို သန့်စင်ကြေးချွတ်ပြီးရင် ဗက်ဆလင်းအလှဆီ ဒါမှမဟုတ် သံလွင်ဆီလိမ်းကာ အစိုဓာတ်ထိန်းပါ။

သံပရာသီး၊ ရှောက်သီးသုံးပါ

သံပရာရည်၊ ရှောက်ရည်မှာ အရေပြားကို လင်းလက်စေတဲ့ အာနိသင်ရှိပါတယ်။ သံပရာရည်၊ ဒိန်ချဉ်နဲ့ ပျားရည်တို့ကို ဆတူရောပြီး နှုတ်ခမ်းသားပေါ်လိမ်းကာ နာရီဝက်ခန့်ထားပြီး ရေနဲ့ဆေးပါ။

နှုတ်ခမ်းသားကို နေရောင်ကာကွယ်ပါ

နှုတ်ခမ်းသားကို နေရောင်ကာနိုင်ဖို့ နေရောင်ကာနိုင်တဲ့အစွမ်းရှိ နှုတ်ခမ်းဆိုးဆေးကို ဆိုးသင့်ပါတယ်။

နှုတ်ခမ်းသားညိုမည်းစေသော အရာတို့ကိုရှောင်ပါ

စီးကရက်၊ ဆေးရွက်ကြီး စတာတွေက နှုတ်ခမ်းသားကို ညိုမည်းကာ အစွန်းထင်စေတဲ့ အရာတွေဖြစ်တာကြောင့် ရှောင်သင့်ပါတယ်။

(၄) ဝက်ခြံအမာရွတ်

ဝက်ခြံကြောင့် အမာရွတ်ထင်ပြီဆိုရင် အချိန်ကြာတဲ့အထိ မျက်နှာပေါ်မှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်တဲ့အခါ လက်နဲ့မဖဲ့ဆိတ်ဖို့ သတိပေးကြတာပါ။

• လက်နဲ့ဖဲ့ဆိတ်လိုက်ရင် ဝက်ခြံပျောက်သွားတဲ့အခါ အမာရွတ်ထင်ကျန်ရစ်နိုင်ခြေ ပိုများပါတယ်။

• ပျားရည်က အသားအရေအတွက် ထိရောက်မှုရှိသလို အမာရွတ်တွေကို လျော့ပါးစေတဲ့ အစွမ်းရှိပါတယ်။ အသုံးပြုရမယ့်နည်းကတော့ ဝက်ခြံအမာရွတ်တွေပေါ် ပျားရည်လိမ်းပြီး အချိန် ၁၀ မိနစ်ကြာကြာထားပေးပါ။

• ဗီတာမင်အေများများပါဝင်တဲ့ ခရမ်းချဉ်သီးမှာ အကောင်းဆုံးအနာကျက်စေတဲ့ အစွမ်းရှိပြီး ဝက်ခြံအမာရွတ်တွေကို လျော့ပါးစေပါတယ်။ နေ့တိုင်း ခရမ်းချဉ်သီးကို အစိမ်းလိုက်ဖြစ်ဖြစ်၊ ချက်ပြီးဖြစ်ဖြစ်စားပါ။

• ရှားစောင်းလက်ပပ်က အရေပြားအပြစ်အနာအဆာအားလုံးအတွက် ကောင်းမွန်တဲ့ အိမ်သုံးပစ္စည်းပါ။ ဝက်ခြံအမာရွတ်ရှိတဲ့ အရေပြားပေါ်ကို ရှားစောင်းလက်ပပ်အနှစ်သား သုတ်လိမ်းပေးပါ။

• သကြားဓာတ်မပါတဲ့ သံပရာရည်၊ လိမ္မော်ရည်နဲ့ မန်ကျည်းဖျော်ရည်တို့ကို သောက်ပါ။

• မျက်နှာပြင်ပေါ်ကို ရေခဲတုံး ပုံမှန်ကပ်ပေးတာက အချိန်ကြာလာချိန်မှာ သင့်တော်တဲ့ရလဒ်ကောင်းကို ရရှိစေပါတယ်။ နေ့စဉ် ဝက်ခြံအမာရွတ်တွေပေါ်မှာ ရေခဲတုံးကို အချိန် ၁၀-၁၅ မိနစ်ခန့် ကပ်ပေးပါ။

(၅) အရေးကြောင်း ထင်ခြင်း

မိန်းကလေးတိုင်း နုပျိုတင်းရင်းတဲ့အလှကို အလိုရှိကြပါတယ်။ ဒါပေမဲ့ ငယ်စဉ်က အသားအရေကို စနစ်တကျ ထိန်းသိမ်းမှုမရှိခဲ့တာကြောင့် အရွယ်မတိုင်ခင် အရေးကြောင်းထင်လာတတ်ပါတယ်။ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်နဲ့ နှုတ်ခမ်းဘေးပတ်လည်မှာ အရေးကြောင်း စတင်ပေါ်လာတတ်ပါတယ်။

အဆီများသော ငါးကိုစားပါ

တူနာ၊ ဆယ်လ်မွန်၊ မက်ကရယ်အစရှိတဲ့ အဆီများငါးတွေဟာ သင့်ကိုကျန်းမာစေပြီး ငယ်ရွယ်နုပျိုစေပါတယ်။ အကြောင်းကတော့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာကြောင့် အသားအရေကို အားဖြည့်ပေးပြီး ပြည့်တင်းစေကာ အရေးကြောင်းကင်းစေလို့ပါ။

ပက်လက်လှန်အိပ်စက်ပါ

ညဘက်မှာ မှောက်အိပ်တာနဲ့ ဘေးစောင်းပြီး အကြာကြီးအိပ်တာကြောင့် မျက်နှာမှာအရေးကြောင်း ထင်လာနိုင်ပါတယ်။ ဘေးစောင်းအိပ်တာကြောင့် ပါးနဲ့မေးမှာ အရေးကြောင်းဖြစ်နိုင်သလို မှောက်အိပ်တာကြောင့် နဖူးမှာ အရေးကြောင်းထင်နိုင်ပါတယ်။ ဒီအရေးကြောင်းတွေက ကြာလာရင် ထင်ရှားသိသာလာတတ်တာကြောင့် ပက်လက်လှန်အိပ်စက်တာ အကောင်းဆုံးဖြစ်ပါတယ်။

ဆေးလိပ် မသောက်သင့်ပါ

ဆေးလိပ်သောက်တာကြောင့် သေဆုံးသူများစွာရှိပါတယ်။ ဆေးလိပ်ဟာ ကျန်းမာရေးပြဿနာအများစုကို ဖြစ်စေနိုင်သလို အရေပြားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် ကော်လာဂျင်ကို ထိခိုက်စေလို့ပါ။ ကော်လာဂျင်ဆိုတာ အရေပြားရှိ ဆံချည်မျှင်သွေးကြောတွေကို သန်စွမ်းစေတဲ့ အရာဖြစ်ပါတယ်။

မျက်မှောင်မကြုတ်သင့်ပါ

နေပူတဲ့အခါ မျက်မှောင်ကြုတ်မိတတ်ပါတယ်။ ဒါက မျက်လုံးအောက်ရှိ အရေပြားကို တွန့်လွယ်စေတာကြောင့် နေပူထဲသွားတဲ့အခါ မျက်မှောင်ကြုတ်တာကို ရှောင်ရှားပါ။ မျက်မှန်တပ်ဖို့လိုရင် မျက်မှန်တပ်ပါ။ စာဖတ်တဲ့အခါ၊ ကွန်ပျူတာသုံးတဲ့အခါ မျက်မှောင်မကြုတ်မိအောင် သတိထားပါ။

အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ

အစိုဓာတ်ထိန်းခရင်က အသားအရေကို ကျန်းမာစေတဲ့ အဓိကသော့ချက်ပါ။ အရေပြားက ခြောက်သွေ့ရင် အရေးကြောင်းထင်လွယ်တာကြောင့် အရေပြားစိုပြည်နေအောင် အစိုဓာတ်ထိန်းခရင်မ်ကို မှန်မှန်လိမ်းပေးဖို့ လိုပါတယ်။

အင်တီအောက်ဆီးဒင့်ကိုစားပါ၊ လိမ်းပါ

ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အရေပြားက စုပ်ယူမိတဲ့အခါ ဖရီးရယ်ဒီကယ်တွေ ထွက်လာပြီး ဒီအန်အေကို ထိခိုက်စေကာ အရေးကြောင်းထင်လာပါတယ်။ ဒီလိုမဖြစ်အောင် အင်တီအောက်ဆီးဒင့်က ကူညီနိုင်တာကြောင့် အင်တီအောက်ဆီးဒင့်ပါတဲ့ သလဲသီး၊ ဘလူးဘယ်ရီသီး၊ လက်ဖက်စိမ်း စတာတွေကို စားသုံးပေးနိုင်သလို အဲဒီပစ္စည်းတွေပါတဲ့ ခရင်မ်ကိုလည်း လိမ်းပေးသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက အရေးကြောင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားရှိ ကော်လာဂျင်ပမာဏ လျော့ကျလာပြီး အရေးကြောင်းထင်လာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ကော်လာဂျင်အထွက်တိုးစေတဲ့အပြင် အရေပြားဆီ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ကို များများရောက်ရှိစေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အရေပြားရှိ ကြွက်သားတင်းအားကို သန်စွမ်းစေပါတယ်။

Most Popular

Healthy Life Ad
To Top