Healthy Life Ad
Health Tips

နှစ်စဉ်နှစ်တိုင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသည် မြန်မာနိုင်ငံမှ လူဦးရေ ၆၅၆၅၁ ယောက်ကို အသက်ဇီဝိန်ခြွေလျက်ရှိ

၂၀၁၈ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စာတမ်းများအရ နှစ်စဉ်နှစ်တိုင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသည် မြန်မာနိုင်ငံမှ လူဦးရေ ၆၅၆၅၁ ယောက်ကို အသက်ဇီဝိန်ခြွေလျက်ရှိကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့က ပြုလုပ်သော ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါအရေအတွက်သည် မြန်မာနိုင်ငံရှိ သေဆုံးမှုများ၏ ၁၇.၆ ရာခိုင်နှုန်း နေရာယူလျက်ရှိကာ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် သေဆုံးမှုဖြစ်စေသော အဓိကရောဂါများမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါ (၃၂ ရာခိုင်နှုန်း)၊ ကင်ဆာရောဂါ (၂၈ ရာခိုင်နှုန်း)နှင့် နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့ဖြစ်ကြောင်း သိရသည်။

“ဆေးရွက်ကြီးနဲ့ နီကိုတင်းပါတဲ့ ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက နည်းလမ်းပေါင်းစုံသုံးပြီး လူငယ်တွေ ဆေးလိပ်စသောက်အောင် သွေးဆောင်နေကြပါတယ်။ ပွဲအခမ်းအနားတွေကို စပွန်ဆာပေးတယ်။ CSR လှုပ်ရှားမှုတွေလုပ်တယ်။ သူတို့ဆောင်ရွက်မှုတွေကို ဥပဒေကြောင်းအရ မျက်နှာသာပေးခံရအောင် လော်ဘီလုပ်ကြတယ်။ လူငယ်တွေက သူတို့ဘယ်လိုလွှမ်းမိုးသွေးဆောင်ခံရနေရလဲဆိုတာ သတိမထားမိကြပါဘူး”ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာဦးသန်းစိန်က ပြောသည်။

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို နှစ်စဉ် မေ လ ၃၁ ရက်နေ့တွင် ကျင်းပနေကျဖြစ်ပြီး ဆောင်ပုဒ်မှာ “ဆေးလိပ်ကုမ္ပဏီ လှည့်စားခြင်း၊ လူငယ်များကာကွယ်ရှောင်ကွင်း၊ ဆေးလိပ်နှင့်နီကိုတင်း”ဟူ၍ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့၏ ရည်ရွယ်ချက်များတွင် ဆေးရွက်ကြီးနှင့် နီကိုတင်းပါရှိသော ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများက လူငယ်များအတွင်း ဈေးကွက်ရှာဖွေခြင်း၊ အသစ်အသစ်သော ပစ္စည်းများ၊ အနံ့အရသာများ၊ အခြားဆွဲဆောင်မှုရှိသောအရာများဖြင့် ဈေးကွက်ရောင်းအားမြှင့်ခြင်း ဆောင်ရွက်ရာတွင် ပရိယာယ်ဉာဏ်ဆင် နည်းဗျူဟာများ သုံးစွဲခြင်းနှင့် ထင်ယောင်ထင်မှား မမှန်ကန်သော အကြောင်းအရာများ ပြသစည်းရုံးခြင်းများအား ဖော်ထုတ်ရန်ဆိုသည့် အချက်ပါဝင်ကြောင်း သတင်းရရှိသည်။

ဆေးလိပ်သောက်ခြင်းသာမက မီးခိုးငွေ့မထွက်သော ဆေးရွက်ကြီးထုတ်ပစ္စည်းသုံးစွဲမှုကလည်း အသက်အန္တရာယ်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကွမ်းစားခြင်းက ပါးစပ်နှင့် လည်ချောင်းကင်ဆာဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top