Healthy Life Ad
Health Tips

လည်ကုပ်ညောင်းခြင်း၊ ဇက်ကြောတက်ခြင်း

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

လည်ကုပ်ညောင်းတာ (တစ်နည်းဇက်ကြောတက်တာ)ဟာ အလုပ်လုပ်တဲ့ ကိုယ်နေဟန်ထား ပုံစံမမှန်တာကြောင့် ဖြစ်လေ့ရှိပါတယ်။ လည်ကုပ်ညောင်းတာဟာ ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် လည်ပင်းကြွက်သားဝေဒနာ ရခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ လည်ကုပ်ညောင်းတာဟာ ဝေဒနာအသေးအဖွဲမှ အကြီးအမားအထိ ဖြစ်တတ်ပြီး လည်ကုပ်နာကျင်တာက ရုတ်တရက်နဲ့ အပြင်းအထန်ခံစားရရင် အဲဒီဝေဒနာကို ဇက်ကြောထိုးတယ်လို့ ခေါ်ပါတယ်။ လည်ကုပ်ညောင်းတာက သုံးလထက်ပိုကြာကြာခံစားနေရရင်တော့ အဲဒီဝေဒနာကို တာရှည်လည်ကုပ်ညောင်းခြင်းလို့ ခေါ်ပါတယ်။ လည်ကုပ်ညောင်းတာက အဖြစ်များတဲ့ ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်ပြီး အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ လူအများစုဟာ ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ လည်ကုပ်ညောင်းတတ်ပါတယ်။

ဘာကြောင့် လည်ကုပ်ညောင်းခြင်း ဖြစ်တတ်ပါသလဲ

လည်ကုပ်ကို ညောင်းညာခြင်းဖြစ်စေတဲ့ အခြေအနေတွေကတော့ အများကြီးရှိပါတယ်။အဖြစ်များတဲ့ အကြောင်းတွေကတော့-

လည်ကုပ်ထိခိုက်ဒဏ်ရာရခြင်း၊

စိတ်ဖိစီးမှုများခြင်းနဲ့ ပူပင်သောကများခြင်း၊

ပုံစံမမှန်တဲ့ အနေအထားမျိုးနဲ့ အိပ်မောကျခြင်း၊

ကွန်ပျူတာကီးဘုတ်ကို အသုံးပြုချိန် ကြာမြင့်ခြင်း စတဲ့ အချက်တွေပဲ ဖြစ်ကြပါတယ်။

လည်ကုပ်ညောင်းရင် ဘယ်လိုခံစားရတတ်ပါသလဲ

လည်ကုပ်ညောင်းတဲ့ ဝေဒနာဟာ

လည်ပင်းကြွက်သားနေရာတွေမှာ တောင့်တင်းမှုနဲ့အတူ နာကျင်မှု ခံစားရခြင်း၊

လည်ကုပ်ညောင်းတာဟာ ပခုံးတလျှောက်ပျံ့နှံ့သွားခြင်း၊

လည်ကုပ်နာကျင်တာက လက်မောင်း၊ လက်နဲ့ ဦးခေါင်းအထိ နာကျင်နေပြီး ခေါင်းကိုက်ခြင်းကိုပါ တွဲခံစားရခြင်း၊

လည်ပင်းကြွက်သားတွေက တောင့်တင်းတာ၊ နာကျင်တာနဲ့ ထိလိုက်ရင် မာကြောနေတာ စတဲ့ဝေဒနာတွေကို ခံစားနေရခြင်း၊

ဦးခေါင်းက တစ်ဖက်ကိုလိမ်နေပြီး ပုံမှန်မဟုတ်ဘဲ နာကျင်နေခြင်း၊ (ဒီဝေဒနာကို ဇက်စောင်းတယ်လို့ ခေါ်ပါတယ်။)

ဦခေါင်းခွံရဲ ့အခြေက နာကျင်မှုဟာ ပခုံးနဲ့ လက်မောင်းအားနည်းမှုနဲ့အတူ တွဲပြီး ခံစားနေရခြင်း၊

လက်မောင်းနဲ့ လက်ချောင်းတွေမှာ စူးရှရှနာကျင်တောင့်တင်းမှုကို ခံစားရခြင်း စတဲ့ ဝေဒနာတွေပဲ ဖြစ်ကြပါတယ်။

လည်ကုပ်ညောင်းခြင်းနှင့် ပတ်သက်သော အန္တရာယ်ရှိအချက်များ

လည်ကုပ်ညောင်းတာက အောက်ပါဝေဒနာတွေကို ခံစားရရင် အရေးပေါ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

လည်ကုပ်မှာ နီရဲနာကျင်မှုဟာ လက်ချောင်းနဲ့ဖိလိုက်ရင် ဖျော့တော့မသွားရင်

လည်ကုပ်ညောင်းတာနဲ့အတူ ဖျားနေရင်၊ နေထိုင်မကောင်းဖြစ်နေရင်

လည်ကုပ်နာပြီး မေးစေ့ကို ရင်ဘတ်အထိ ဆွဲမချနိုင်ဘူးဆိုရင်

အလင်းရောင်က မျက်စိကို နာကျင်စေတယ်ဆိုရင်

လည်ကုပ်ညောင်းတာဟာ အလွန်အမင်းခေါင်းကိုက်ခြင်း ဒါမှမဟုတ် အဆက်မပြတ်အန်ခြင်းတွေနဲ့ တွဲပြီး ခံစားနေရရင်

လည်ကုပ်ညောင်းတာက ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် လည်ပင်းအဆစ်ပြားထိခိုက်ခြင်း စတာတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်ခဲ့ရင်

လည်ကုပ်နာကျင်တာက လတ်တလောခေါင်းဒဏ်ရာရတာကြောင့်ဖြစ်ပြီး လူနာဟာ အိပ်ငိုက်နေရင် ၊ ဇဝေဇဝါဖြစ်နေရင် ၊ အန်နေရင်

လည်ကုပ်ညောင်းတာနဲ့အတူ အမြင်အာရုံ၊ အကြားအာရုံ၊ အရသာခံအာရုံနဲ့ ကိုယ်နေဟန်ထားတွေက ပုံမမှန်ထိခိုက်နေရင်၊

အလွန်အမင်းအန်နေရင်၊

လက်မောင်းနဲ့ခြေထောက် ကြွက်သားတွေရဲ ့ အစွမ်းသတ္တိက အားလျော့နေရင် အရေးပေါ် ပြသသင့်ပါတယ်။

လည်ကုပ်ညောင်းညာခြင်း သက်သာစေရန် အိမ်တွင်းစောင့်ရှောက်နည်း

ဖြစ်နိုင်သမျှ တက်တက်ကြွကြွနေပါ။ ပုံမှန်အတိုင်း အလုပ်ကိုသွားနိုင်အောင် ကြိုးစားပြီး ပုံမှန်နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကို လုပ်ပေးပါ။ အိပ်ရာထဲမှာ နားနေဖို့အထိ မလိုအပ်ပါဘူး။

ကော်လာပါတဲ့အင်္ကျီကို နှစ်ရက်လောက်အထိ မဝတ်ပါနဲ့။ လည်ပင်းကို ကောင်းကောင်းမလှည့်နိုင်ဘူးဆိုရင် ကားမမောင်းပါနဲ့။

လည်ကုပ်ညောင်းတာဟာ ပြင်းထန်တဲ့ နာမကျန်းမှုကြောင့် အဖြစ်နည်းပါတယ်။ တစ်ပတ်လောက်အတွင်းမှာ လည်ကုပ်ညောင်းတာက အလိုလိုသက်သာသွားပါလိမ့်မယ်။

လည်ကုပ်ညောင်းတာနဲ့အတူ အလိုလိုနေရင်း ကိုယ်အလေးချိန်လျော့ကျသွားရင်၊ လည်ကုပ်မှာ စူးရှတဲ့တောင့်တင်းနာကျင်မှုကို ခံစားနေရရင်၊ လက်တစ်ဖက် ဒါမှမဟုတ် လက်နှစ်ဖက်စလုံးမှာ အားနည်းနေရင် ဆရာဝန်နဲ့ ပြသပေးပါ။

ကုထုံးများ

လည်ကုပ်ညောင်းတာက ရုတ်တရက်ဖြစ်တဲ့ ဝေဒနာဆိုရင် ဆေးကုသမှုမလိုဘဲ အလိုလိုသက်သာသွားပါလိမ့်မယ်။ ပါရာစီတမော၊ NSAIDs စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးရုံနဲ့ သက်သာသွားပါလိမ့်မယ်။ တာရှည်ခံစားနေရတဲ့ ဝေဒနာဆိုရင်တော့ လက်နှိပ်ကုထုံး (Chiropractic treatment)၊ ကြွက်သားလေ့ကျင့်ခန်း၊ အကြောအဆစ်တို့ကို ကုသပေးခြင်းနဲ့ အပ်စိုက်ကုထုံး စတဲ့နည်းတွေနဲ့ ကုသပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top