Healthy Life Ad
Health Tips

အမျိုးသမီးများတွင် အဖြစ်များသော ရောဂါလက္ခဏာများအကြောင်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

မျက်စိခြောက်သွေ့တာ၊ ကြွက်သားတွေနာကျင်တာနဲ့ အဆစ်တွေနာတာ စတဲ့ ကျန်းမာရေးပြဿနာတွေက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီအဖြစ်များတဲ့ လက္ခဏာတွေနဲ့ ပတ်သက်တဲ့ အချက်တွေကို သိရှိထားမှသာ သက်သာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ရောဂါလက္ခဏာ- မျက်စိခြောက်သွေ့ခြင်း

ပြဿနာ – မျက်စိက အမြဲတမ်းယားယံတာနဲ့ ခြောက်သွေ့တာတွေ ဖြစ်နေတတ်ပါတယ်။ မျက်စိခြောက်သွေ့ခြင်းဖြစ်စေသည့် အဓိကအကြောင်းရင်း – လေတိုက်တဲ့နေရာမှာ ကြာကြာနေတာ၊ ကွန်ပျူတာအကြည့်များတာ၊ လေးအေးပေးစက်က ထွက်လာတဲ့လေတွေနဲ့ ထိတွေ့မိတာတွေကြောင့် မျက်စိခြောက်သွေ့မှု အဖြစ်များပါတယ်။ ဆေးဝါးတချို့နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း မျက်စိခြောက်သွေ့ရတတ်ပါတယ်။

လုပ်ဆောင်ရန် – မျက်စိခြောက်သွေ့မှု သက်သာစေဖို့ မျက်ရည်တုတွေကို ထည့်ပေးနိုင်ပါတယ်။ ကွန်ပျူတာကို အချိန်ကြာကြာ မသုံးသင့်ပါဘူး။ မျက်လုံးကို တစ်နာရီတစ်ကြိမ် ခဏမှိတ်ပြီး အနားပေးပါ။

ဆက်စပ်နေနိုင်သည့် ရှားပါးသောရောဂါ- မျက်စိခြောက်သွေ့တာက Autoimmune Disorder (ခန္ဓာကိုယ်ရှိ ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ ဆဲလ်တွေဖောက်ပြန်မှုကြောင့် ကိုယ်တွင်းစနစ်တွေကို ပြန်တိုက်ဖျက်တဲ့ဝေဒနာ)ရဲ့ လက္ခဏာတစ်ရပ်အနေနဲ့ ရှားရှားပါးပါး ပြတတ်ပါတယ်။

ရောဂါလက္ခဏာ-အဆစ်ချိုးလိုက်ပါက အသံမြည်ခြင်း

ပြဿနာ – လက်ဆစ်ခြေဆစ်၊ ခါးနဲ့လည်ပင်းတွေက ကိုယ်နေဟန်ထားမမှန်တာကြောင့် နာကျင်နေတာပါ။ အဆစ်ချိုးလိုက်ပါက အသံမြည်ရသော အကြောင်းရင်း – ခန္ဓာကိုယ်မှာ ဓာတ်ငွေ့တွေနဲ့ ပြည့်နေတာကြောင့် အကြောဆန့်တဲ့အချိန်တိုင်း၊ အဆစ်ကို လှုပ်ရှားလိုက်တဲ့အခါတိုင်း ဓာတ်ငွေ့တွေက ပိတ်မိနေနိုင်ပါတယ်။ အဆစ်တွေကို ချိုးတာလိုမျိုး ပြင်းထန်တဲ့လှုပ်ရှားမှုကို လုပ်ပါက အဆစ်နေရာကနေ ဓာတ်ငွေ့တွေက အမြန်ထွက်သွားပြီး အသံမြည်လာပါတယ်။

လုပ်ဆောင်ရန် – အဆစ်တွေနဲ့ ကြွက်သားတွေ သန်စွမ်းကျန်းမာစေဖို့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လက်ချောင်းတွေနဲ့ လည်ပင်းတွေကို လိမ်ချိုးတာမျိုး မလုပ်ပါနဲ့။

ဆက်စပ်နေနိုင်သည့် ရှားပါးသောရောဂါ – အဆစ်ရောင်နာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာ- ကြွက်သားတောင့်တင်းခြင်း

ပြဿနာ-ပေါင်နဲ့ခြေသလုံးနေရာက ကြွက်သားတွေ တောင့်တင်းရတာပါ။

ကြွက်သားတောင့်တင်းရသောအကြောင်းရင်း – ရေဓာတ်ခမ်းခြောက်တာကြောင့် ဒါမှမဟုတ် နေ့ဘက်မှာ ကိုယ်လက်လှုပ်ရှားမှုကို အလုံအလောက် မလုပ်ဆောင်တာကြောင့် ဖြစ်တတ်ပါတယ်။

လုပ်ဆောင်ရန် – အရည်များများသောက်ပြီး တစ်နာရီမှာ အနည်းဆုံးတစ်ကြိမ်ခန့် ထိုင်ခုံမှထကာ အကြောဆန့်ပေးပါ။ သင့်ခန္ဓာကိုယ်အတွက် သင့်တော်ကောင်းမွန်တဲ့ ဖိနပ်စီးပါ။

ဆက်စပ်နေနိုင်သည့် ရှားပါးသောရောဂါ-သွေးကြောပိတ်တာနဲ့ ရှားရှားပါးပါး ဆက်စပ်နေနိုင်ပါတယ်။

ရောဂါလက္ခဏာ-နှုတ်ခမ်းခြောက်သွေ့ခြင်း

ပြဿနာ – နှုတ်ခမ်းဆိုးအဆီကို ဘယ်လောက်ပဲဆိုးဆိုး၊ နှုတ်ခမ်းတွေခြောက်ပြီး သွေးထွက်နေတာမျိုးပါ။

နှုတ်ခမ်းခြောက်သွေ့သော အကြောင်းရင်း – နှုတ်ခမ်းတွေကို လျှာနဲ့သပ်မိလွန်းတာကြောင့်နဲ့ ပတ်ဝန်းကျင်က ခြောက်သွေ့လွန်းတာကြောင့် နှုတ်ခမ်းတွေ ခြောက်သွေ့ရတတ်ပါတယ်။ သံဓာတ်ချို့တဲ့တာကြောင့်လည်း နှုတ်ခမ်းတွေ ဖြူဖျော့ခြောက်သွေ့နေတတ်ပါတယ်။

လုပ်ဆောင်ရန် – ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ။ လိုအပ်ရင် လေထုစိုထိုင်းစေတဲ့စက်ကို အသုံးပြုပါ။ နှုတ်ခမ်းတွေ စိုပြေကာ အနက်ကျေစေတဲ့အစွမ်းရှိတဲ့ ဗီတာမင်အီးပါတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကို ဆိုးပေးပါ။

ဆက်စပ်နေနိုင်သည့် ရှားပါးသောရောဂါ – မှိုစွဲတာနဲ့ ရှားရှားပါးပါး ဆက်စပ်မှုရှိပါတယ်။

ရောဂါလက္ခဏာ – ညဘက်ချွေးထွက်များခြင်း

ပြဿနာ – ညဘက်ချွေးထွက်များတာကြောင့် ညဉ့်လယ်လောက်မှာ အဝတ်အစားတွေနဲ့ အိပ်ရာခင်းတွေမှာ ချွေးတွေနဲ့ ရွှဲနေတတ်ပါတယ်။

ညဘက်ချွေးထွက်များရသော အကြောင်းရင်း – ဆေးကုသမှုခံယူနေရတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်နိုင်စွမ်း ထိခိုက်နိုင်သလို ရာသီစက်ဝန်းနဲ့ သွေးဆုံးတာကြောင့်လည်း ညဘက်ချွေးထွက်များရတတ်ပါတယ်။

လုပ်ဆောင်ရန် – အေးမြနေတဲ့ အခန်းထဲမှာ အိပ်ရတာက သင့်ခန္ဓာကိုယ်အတွက် အဆင်အပြေဆုံးဖြစ်ပါတယ်။ ညဘက်မှာ ချည်သားညအိပ်ဝတ်စုံကိုဝတ်ပါ။

ဆက်စပ်နေနိုင်သည့် ရှားပါးသောရောဂါ – ကင်ဆာ၊ ချွေးအလွန်ထွက်တဲ့အခြေအနေ(Hyperhidrosis)နဲ့ Lupus လို Autoimmune Disorder တွေနဲ့ ရှားရှားပါး ပါးဆက်စပ်နေတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top