Healthy Life Ad
Health Tips

နုပျိုကျန်းမာစွာ အသက်ရှည်ရေးအတွက် အင်တီအောက်ဆီးဒင့်၏ အစွမ်း

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လူတိုင်းဟာ ကျက်သရေရှိရှိ လှပတင့်တယ်စွာ အိုမင်းလိုကြပါတယ်။ ဒါပေမဲ့ နုပျိုကျန်းမာနေအောင် ဂရုစိုက်သင့်တဲ့ နည်းလမ်းတွေကို လူတိုင်းကတော့ မလိုက်နာနိုင်ကြပါဘူး။ နုပျိုကျန်းမာဖို့နဲ့ အသက်ရှည်ဖို့အတွက် မှော်လိုပဲအစွမ်းရှိတဲ့ ပါဝင်ပစ္စည်း တစ်မျိုးရှိပါတယ်။ အဲဒါကတော့ အင်တီအောက်ဆီးဒင့်(Antioxidant)လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပဲ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ ဖြစ်နေတဲ့ အိုမင်းခြင်းဖြစ်စဉ်ကို တွန်းလှန်ပေးတဲ့ ပစ္စည်းပါ။ အင်တီအောက်ဆီးဒင့်ကို ခန္ဓာကိုယ်ထဲက မထုတ်တာကြောင့် သင့်အနေနဲ့ မှီဝဲစားသောက်ပေးမှသာ အင်တီအောက်ဆီးဒင့်ကို ရရှိမှာဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အစားအစာတွေက ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်။

အင်တီအောက်ဆီးဒင့်၏ အရေးပါပုံ

လူ့ခန္ဓာကိုယ်ဟာ ဆဲလ်တွေကို အဆက်မပြတ် အားဖြည့်ပေးကာ စွမ်းအင်ထုတ်တာ၊ ဆဲလ်ပြုလုပ်တာနဲ့ ထိခိုက်နေတဲ့ ဆဲလ်တွေကို ပြုပြင်တာတွေကို လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်ရင်း ဘေးထွက်ပစ္စည်းအနေနဲ့ ဖရီးရယ်ဒီကယ်(Free Radicals) တွေ ထွက်ရှိလာပါတယ်။

ဖရီးရာယ်ဒီကယ်တွေက ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေတဲ့ မော်လီကျူးတွေပဲ ဖြစ်ပါတယ်။ သူတို့မှာ အီလက်ထရွန်တစ်လုံး ပျောက်ဆုံးနေတာကြောင့် မတည်ငြိမ်ပါဘူး။ သူတို့က တည်ငြိမ်ဖို့အတွက် ဆဲလ်တွေဆီက အီလက်ထရွန်ကို ခိုးယူပါတယ်။ ဒီလိုနည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ရတတ်ပါတယ်။ ရလဒ်အနေနဲ့ ခန္ဓာကိုယ်မှာ သိသာတဲ့ ပြောင်းလဲမှုတွေရော မမြင်သာတဲ့ ပြောင်းလဲမှုတွေရော ဖြစ်တတ်ပေမယ့် အချိန်တွေကြာ၊ အသက်တွေကြီးလာတဲ့အခါမှာ ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အဆစ်ရောင်ရောဂါနဲ့ နာ့ဗ်ကြောချို့တဲ့မှုတွေ ဖြစ်လာသလို အရေပြားမှာ အရေးကြောင်းတွေလည်း ပေါ်လာပါတော့တယ်။ အရိုးတွေလည်း ကြွတ်ဆတ်လာပါတယ်။

စီးကရက်မီးခိုး၊ ဓာတ်ရောင်ခြည်နဲ့ နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည် စတာတွေနဲ့ ထိတွေ့မှုကြောင့် ဖရီးရယ်ဒီကယ်ဟာ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပါတယ်။ ဒီလို ဖရီးရယ်ဒီကယ်တွေနဲ့ ထိတွေ့မှုများလေလေ၊ ခန္ဓာကိုယ်ထိခိုက်မှုက များလေပါပဲ။ ဒီလို အဆိပ်ပေါများတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရတာကြောင့် ဖရီးရယ်ဒီကယ်တွေက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲကို မမျှော်လင့်ဘဲ ရောက်ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီအရာတွေကို ချေဖျက်ပေးဖို့ အင်တီအောက်ဆီးဒင့်တွေ လိုအပ်တာ ဖြစ်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်မှာ နောက်ထပ်ထိခိုက်ပျက်စီးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

အင်တီအောက်ဆီးဒင့်များ

အင်တီအောက်ဆီးဒင့် အများအပြားပါဝင်တဲ့ အစားအသောက်တွေရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် ဗီတာမင် စီ၊ ဗီတာမင် အေ၊ ဗီတာမင် အီး၊ လူတင်၊ လိုင်ကိုပင်းနဲ့ ဘီတာကယ်ရိုတင်းတို့ကလည်း အင်တီအောက်ဆီးဒင့်တွေပါပဲ။

အင်တီအောက်ဆီးဒင့် ပါဝင်သော အရာများ

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ အင်တီအောက်ဆီးဒင့် အဓိကပါဝင်ပါတယ်။ လေ့လာမှုတွေအရ အရောင်ရှိတဲ့ သစ်သီးတွေက အင်တီအောက်ဆီးဒင့် ပိုမိုပါဝင်နေကြောင်း သိရပါတယ်။ ခရမ်းရောင်၊ အပြာရောင်နဲ့ အနီရောင်သစ်သီးတွေဟာ တခြားသစ်သီးတွေနဲ့ယှဉ်ရင် အင်တီအောက်ဆီးဒင့် ပါဝင်မှုအများဆုံး ဖြစ်ပါတယ်။ ဥပမာပြောရရင် စပျစ်သီး၊ ပန်းသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတာတွေပါ။ သရက်သီး၊ သစ်တော်သီးနဲ့ လိမ္မော်သီးတွေထဲမှာလည်း အင်တီအောက်ဆီးဒင့် များစွာပါဝင်ပါတယ်။

ဇင့်(သွပ်)နဲ့ ဆီလီနီယမ်တွေလို သတ္တုဓာတ်တွေက အင်တီအောက်ဆီးဒင့်တွေ မဟုတ်ပေမယ့် ဖရီးရယ်ဒီကယ်ကြောင့် ခန္ဓာကိုယ်ထိခိုက်မှုမဖြစ်အောင် ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဇင့်ပါဝင်တဲ့ သစ်သီးတွေက စပျစ်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီးနဲ့ ဖရဲသီးတို့ဖြစ်ပြီး ဆီလီနီယမ်ပါတဲ့ သစ်သီးတွေက ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသီးနဲ့ စပျစ်သီးတို့ပဲ ဖြစ်ကြပါတယ်။ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို နည်းအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။ သစ်သီးတွေကို ဖျော်ရည်ဖျော်သောက်ရင် သကြားအများကြီး မထည့်သင့်ပါဘူး။

အင်တီအောက်ဆီးဒင့်ဟာ အခွံမာသီး၊ ပဲသီး၊ အဆီများတဲ့ငါး၊ ပင်လယ်စာနဲ့ အနီရောင်အသားထဲမှာလည်း ပါဝင်ပါတယ်။

အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအစာတွေကို လုံလောက်အောင်မစားဖြစ်ဘူးဆိုရင် အားဖြည့်ဆေးအနေနဲ့ မှီဝဲပေးနိုင်ပါတယ်။

အစားအစာဆိုတာ ရွေးချယ်မှုမှန်ရင် မှန်သလို လူတွေကို အကျိုးပြုပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အစားအစာဟာ ဆာလောင်မှုကို ချိုးနှိမ်ပေးနိုင်ရုံသာမက နုပျိုကျန်းမာစေပါတယ်။

Most Popular

Healthy Life Ad
To Top