Healthy Life Ad
Health Tips

“ခွဲခွာရမှာ ကြောက်လွန်းသူ”

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

ဦးနှောက်လျှပ်စစ်လှိုင်း

အသက် ၃ နှစ်မပြည့်မီ ကလေးငယ်က မိမိချစ်ခင်တွယ်တာ၊ သံယောဇဉ်ရှိနေတဲ့သူ (မိဘ/အုပ်ထိန်းသူ)နဲ့ ခွဲခွာပြီး မနေနိုင်ဘူး။ ခွဲခွာခြင်းခံရရင်လည်း ဝမ်းနည်းပက်လက်ဖြစ်မယ်၊ ငိုယိုကန့်ကွက်မယ်၊ အဲဒီလို စိတ်ခံစားမှု တုံ့ပြန်တတ်တာက ကလေးငယ်ရဲ့ သဘာဝဖြစ်ပါတယ်။

ဒါပေမဲ့ အသက် ၆ နှစ်ကျော်တဲ့အထိ မိဘအုပ်ထိန်းသူနဲ့ ခေတ္တခဏတောင်မှ မခွဲနိုင်မခွာရက် ဖြစ်လာရင် သဘာဝမကျတော့ဘူး။ မူမမှန်တော့ဘူး။ ရောဂါဆန်လာပါတယ်။ မိမိချစ်ခင်တွယ်တာ သံယောဇဉ်ရှိနေသူကို တောက်တဲ့ကပ်ကပ်ပြီး နေချင်တဲ့ရောဂါကို “ခွဲခွာရမှာ စိုးရိမ်စိတ်လွန်ကဲရောဂါ” (Separation Anxiety Disorder) (SEPAD) လို့ ခေါ်ပါတယ်။

SEPAD ရောဂါမှာ တွေ့ရှိရတဲ့အပြုအမူ လက္ခဏာတွေကတော့-

(၁) မိမိသံယောဇဉ်ရှိနေသူနဲ့ ခွဲခွာရမှာကို အရွယ်နဲ့မလိုက်အောင် အလွန်အမင်း စိုးရိမ်ပူပင်စိတ်ရှိခြင်း၊

(၂) မိမိသံယောဇဉ်ရှိသူနဲ့ ခွဲခွာရမယ့် အခြေအနေရှိလာရင် ကြောက်ရွံ့တုန်လှုပ်မှုရှိခြင်း၊

(၃) မိမိသံယောဇဉ်ရှိသူ ဆုံးရှုံးရမှာကို ကြိုတင်စဉ်းစားပြီး ပူပင်သောက ပွားများခြင်း၊

(၄) မိမိသံယောဇဉ်ရှိသူ နေထိုင်မကောင်းဖြစ်မှာ၊ မတော်တဆဒဏ်ရာရမှာ၊ သေဆုံးသွားမှာကို အကြောင်းမဲ့ ပူပင်နေတတ်ခြင်း၊

(၅) မိမိသံယောဇဉ်ရှိသူနဲ့ ခွဲခွာရမယ့် အဖြစ်အပျက်တွေ (ဥပမာ-လမ်းပျောက်နေခြင်း၊ ပြန်ပေးဆွဲခံရခြင်း)ကို ကြိုတင်စဉ်းစားပြီး စိုးရိမ်စိတ်လွန်ကဲနေခြင်း၊

(၆) မိမိသံယောဇဉ်ရှိသူနဲ့ ခွဲခွာရမှာကို စိုးရိမ်ပူပင်မှုကြောင့် နေအိမ်အပြင် မထွက်ဝံ့ခြင်း၊ ကျောင်းတက်ဖို့ ငြင်းဆန်ခြင်း၊ အလုပ်မသွားလိုခြင်း၊

(၇) မိမိသံယောဇဉ်ရှိသူ အနီးအနားမှာသာ အိပ်စက်လိုခြင်း၊ မိမိသံယောဇဉ်ရှိသူနဲ့ ခွဲခွာရတဲ့ အိပ်မက်ဆိုးတွေ မြင်မက်ခြင်း၊

(၈) မိမိသံယောဇဉ်ရှိသူနဲ့ ခွဲခွာရမယ့် စိုးရိမ်စိတ်ကြောင့် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ရင်ကျပ်ခြင်း စတဲ့ ခန္ဓာကိုယ်လက္ခဏာတွေ ခံစားရခြင်း စတာတွေ ဖြစ်ပါတယ်။

အဲဒီလိုမိမိသံယောဇဉ်ရှိသူနဲ့ ခွဲခွာရမှာကို စိုးရိမ်စိတ်လွန်ကဲမှုလက္ခဏာတွေ လနဲ့ချီပြီး ကြာရှည်လာရင် “ခွဲခွာရမှာ စိုးရိမ်စိတ်လွန်ကဲ”ရောဂါလို့ သတ်မှတ်ပါတယ်။

“ကလေးသူငယ်တွေထဲမှာ ခွဲခွာရမှာ စိုးရိမ်စိတ်လွန်ကဲရောဂါ (SEPAD) ဖြစ်ပွားနှုန်းက ၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ မိန်းကလေးတွေထဲမှာ ယောကျာ်းလေးတွေထက် ဖြစ်ပွားမှုနှုန်း ပိုမိုများပြားတယ်။ အသက် ၆ နှစ်၊ ၇နှစ်အရွယ်နဲ့ မူလတန်းအဆင့်အောင်ပြီးစ အရွယ်တွေမှာ ရောဂါစတင်ဖြစ်ပွားတတ်ပါတယ်။ အရွယ်ရောက်သူ လူကြီးတွေထဲမှာလည်း” . . .

ရောဂါဖြစ်ပွားနှုန်း

ကလေးသူငယ်တွေထဲမှာ ခွဲခွာရမှာ စိုးရိမ်စိတ်လွန်ကဲရောဂါ (SEPAD)ဖြစ်ပွားနှုန်းက ၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မိန်းကလေးတွေထဲမှာ ယောကျာ်းလေးတွေထက် ဖြစ်ပွားမှုနှုန်း ပိုမိုများပြားတယ်။ အသက် ၆ နှစ်၊ ၇ နှစ်အရွယ်နဲ့ မူလတန်းအဆင့် အောင်ပြီးစ အရွယ်တွေမှာ ရောဂါစတင်ဖြစ်ပွားတတ်ပါတယ်။ အရွယ်ရောက်သူ လူကြီးတွေထဲမှာလည်း ရောဂါရရှိနိုင်ပါတယ်။ ကလေးသူငယ်ဘဝမှာ SEPAD ရောဂါရှိသူ သုံးပုံတစ်ပုံက အသက်ကြီးလာရင် SEPAD ရောဂါဆက်လက်ခံစားရတယ်။ အရွယ်ရောက်သူ SEPAD ရောဂါရရှိရင် အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးနဲ့ခွဲခွာရမှာကို စိုးရိမ်စိတ်လွန်ကဲမှု ရှိပါတယ်။

ရောဂါဖြစ်ပွားစေတဲ့ အကြောင်းရင်းများ

မိသားစုထဲမှာ စိုးရိမ်စိတ်လွန်ကဲရောဂါရှိရင် မိဘက အလိုလိုက်လွန်းခြင်း၊ နေရာတိုင်းမှာ ကလေးကို အကာအကွယ်ပေးခြင်း၊ တိကျတဲ့ စည်းကမ်းထိန်းသိမ်းသင်ကြားပြသပေးမှု မရှိခြင်း၊ ကြောက်တတ်တဲ့ စိတ်ရှိတဲ့ ကလေးဖြစ်ခြင်း၊ တခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံမှုနည်းပါးခြင်း စတဲ့ အချက်အလက်တွေက SEPAD ရောဂါဖြစ်ပွားဖို့ အလားအလာများပြားစေတယ်။

နေအိမ်ပြောင်းခြင်း၊ ကျောင်းပြောင်းခြင်း မိသားစုဝင်တစ်ဦးဦးသေဆုံးခြင်း၊ မိဘတွေလင်မယား ကွာရှင်းမှုဖြစ်ခြင်း စတဲ့ဘဝအတွေ့အကြုံက SEPAD ရောဂါ စတင်ဖြစ်ပွားစေပါတယ်။

ခွဲခွာရမှာ စိုးရိမ်စိတ်လွန်ကဲရောဂါအကြောင်း ရေးသားနေတော့ အသက် ၁၁ နှစ်အရွယ် ဂျိုးဆက်ကို သတိရမိတယ်။ ဂျိုးဆက် ၅ တန်းအောင်တဲ့နှစ်မှာ သူ့မိဘတွေ အိမ်ထောင်ရေးပျက်စီးသွားတယ်။ ဂျိုးဆက်က သူ့အမေရှီလာနဲ့အတူ နေထိုင်ပြီး ရပ်ကွက်အသစ်တစ်ခုမှာ ပြောင်းရွှေ့နေတယ်။ ၆ တန်းစတက်တော့ ကျောင်းသစ်မှာ ပြောင်းလဲပြီး ကျောင်းတက်ရတယ်။ ကျောင်းစတက်ပြီး တစ်လလောက်ကြာတော့ ဂျိုးဆက်က ကျောင်းတက်ဖို့ ငြင်းဆန်လာတယ်။ ကျောင်းတက်ချိန်ရောက်လာရင် ဝမ်းဗိုက်နာတာ၊ ခေါင်းကိုက်တာ၊ ရင်ဘတ်နာတာတွေ ခံစားရတယ်။

သူ့အမေ အပြင်ထွက်ရင်လည်း အိမ်ထဲမှာ တစ်ယောက်တည်း မကျန်ရစ်ခဲ့ချင်ဘူး။ သူ့အမေနောက်က တကောက်ကောက်လိုက်နေတယ်။ ကျောင်းပျက်ရက်တွေများလာတော့ အတန်းပိုင်ဆရာမက ရှီလာနဲ့တွေ့ဆုံဆွေးနွေးပါတယ်။ ဂျီပီဆရာဝန်နဲ့ ဆေးစစ်ကြည့်ဖို့ သဘောတူကြတယ်။ ဂျီပီဆရာဝန်က ဂျိုးဆက်ရဲ့ အပြုအမူတွေက ကျောင်းကြောက်ရောဂါ (School Phobia or School Refusal) လို့ထင်မြင်ယူဆပြီး စာရေးသူရဲ့ဆေးခန်းကို လွှဲပြောင်းပေးလိုက်တာပါ”

ဂျိုးဆက်ကို လိုအပ်သလို စစ်ဆေးစမ်းသပ်ပြီး စာရေးသူက ရောဂါသတ်မှတ်ပေးပါတယ်။

“ရှီလာရဲ့သား ဂျိုးဆက်ရောဂါက ခွဲခွာရမှာ စိုးရိမ်စိတ်လွန်ကဲရောဂါ (SEPAD)လို့ ကျွန်တော်မှတ်ချက်ချနိုင်ပါတယ်။ ကျောင်းတက်ဖို့ ငြင်းဆန်တဲ့ အပြုအမူက SEPAD ရောဂါရဲ့ လက္ခဏာတစ်ခုပါ။ ကျောင်းကြောက်တာ မဟုတ်ပါဘူး။ နေအိမ်က ခွဲခွာရမှာကို ကြောက်နေတာပါ။ မိခင်နဲ့ ခွဲခွာရမှာကို ကြောက်နေတဲ့ ရောဂါပါ”

စာရေးသူနဲ့အတူ တွဲဖက်ထားတဲ့ အလုပ်သင်ဆရာဝန်က ကြားဖြတ်မေးမြန်းပါတယ်။

“ဂျိုးဆက် ကျောင်းမတက်ချင်တာကို ကျောင်းပြေးရောဂါ (Trauncy)လို့ ခေါ်ဆိုနိုင်သလား ဒေါက်တာအုန်း”

“ဂျိုးဆက်ကျောင်းတက်ဖို့ ငြင်းဆန်တာကို ကျောင်းပြေးရောဂါလို့ မခေါ်နိုင်ဘူး။ ကျောင်းပြေးရောဂါမှာ ကျောင်းသားက ကျောင်းတက်တော့မလိုနဲ့ အိမ်ကထွက်သွားမယ်။ ဒါပေမဲ့ ကျောင်းကိုရောက်အောင်မသွားဘူး။ တစ်နေရာရာသွားပြီး ကြိုက်သလို အချိန်ဖြုန်းနေတာပါ။ ကျောင်းပြေးတဲ့ကျောင်းသားက တခြားဆိုးသွမ်းလူငယ်အပြုအမူတွေလည်း ရှိပါတယ်။ ဂျိုးဆက်ကျောင်းမတက်ချင်တာကို သူ့အမေကသိတယ်။ သူက အိမ်ကမခွဲဘဲ အိမ်မှာကပ်နေတာ ဖြစ်ပါတယ်”

ရှီလာက သူ့အမြင်ကို ပြောပြပါတယ်။

“ဂျိုးဆက်က လိမ္မာပါတယ်။ အမေကို ကူညီလုပ်ကိုင်ပေးလေ့ရှိပါတယ်။ ကျောင်းစာလည်း တော်တဲ့ကလေးပါ။ ဒေါက်တာပြောသလို အမေကို အားကိုးစိတ်၊ တွယ်တာစိတ်တော့များပြားပါတယ်။ အရင်တုန်းက ဒီလိုမဖြစ်ဖူးပါဘူး”

“အခြေအနေအရပေါ့ ရှီလာ၊ အခုအတောအတွင်းမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်မဟုတ်လား”

“ဂျိုးဆက်ကို ဆေးကုပေးဖို့ လိုပါသလား”

“SEPAD ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးရှိလာတော့ ဒီရောဂါကို ကုသပေးဖို့ လိုအပ်လာပါတယ်”

“ကျွန်မဘာလုပ်သင့်သလဲ”

“ဂျိုးဆက်က သူ့စိတ်ခံစားမှုကို ပြောပြနိုင်တဲ့အရွယ်၊ မိခင်ရှင်းပြရင် နားလည်နိုင်တဲ့အရွယ် ရောက်နေပါပြီ”

“ဒီလိုဆိုတော့ . . .”

“အဲဒီတော့ ဂျိုးဆက်နဲ့ထိုင်ပြီး စကားပြောရမယ်။ သူ့အမေနဲ့ ခွဲခွာရမှာကို ဘာကြောင့် စိုးရိမ်စိတ်လွန်ကဲနေရသလဲဆိုတာကို မေးကြည့်။ သူ့စိတ်ခံစားမှုတွေကို ရင်ဖွင့်ခိုင်း။ နောက်ပြီး သူကြိုတင်စဉ်းစား စိုးရိမ်နေတဲ့ အကြောင်းရင်းတွေကို ချေပ၊ ရှင်းလင်းပြ။ သူထင်သလိုဖြစ်လာနိုင်ဖို့ အလားအလာက မရှိသလောက်နည်းပါးတယ်ဆိုတာကို ထောက်ပြ။ ဥပမာ-အမေက သူ့ကိုစွန့်ခွာသွားမှာလား၊ သူ့အိမ်မှာမရှိတုန်း အမေဗြုန်းကနဲ သေဆုံးသွားမှာလားဆိုတဲ့ အတွေးမျိုးတွေကို လက်မခံဖို့ ရှင်းပြနိုင်ပါတယ်။ ဒါက အတွေးကို ပြောင်းလဲပေးနိုင်တဲ့ နည်းပရိယာယ်ပါ။ Cognitive Therapy နည်းပေါ့ဗျာ။ အဲဒါအပြင် အပြုအမူကုထုံး(Behaviour Therapy) မှာ အသုံးပြု တဲ့နည်းပရိယာယ်လည်း ရှိသေးတယ်”

“ရှင်းပြပါ ဒေါက်တာ”

“ဂျိုးဆက်က ရှီလာနဲ့ ခွဲခွာရရင် ကြောက်တဲ့စိတ်ကို ရိုးသွားအောင် လုပ်ရမယ်။ ဥပမာ-ဂျိုးဆက်ကို အိမ်ထဲမှာ ဆွေမျိုးမိတ်ဆွေတစ်ယောက်နဲ့အတူ ထားခဲ့။ ရှီလာက ခဏလောက် အပြင်ထွက်သွား။ ပြန်လာမယ့်အချိန်ကို ပြောထား။ အဲဒီအချိန်အတွင်း အိမ်ပြန်လာခဲ့။ ဒီလိုနည်းနဲ့ အချိန်ကြာကြာ ခွဲနိုင်အောင် တဖြည်းဖြည်း လေ့ကျင့်ရမယ်။

အလားတူပဲ။ ဂျိုးဆက်ကို အိမ်နားက ကစားကွင်းမှာ သူ့သူငယ်ချင်းတွေနဲ့ ကစားခိုင်း။ ဂျိုးဆက်က ရှီလာနဲ့ခွဲခွာမသွားချင်ရင် ရှီလာပါလိုက်သွား။ ဂျိုးဆက်က သူငယ်ချင်းတွေနဲ့ စတင်ကစားနေရင် ရှီလာက အိမ်ကိုပြန်ခဲ့”

“ကျောင်းသွားတာနဲ့ ပတ်သက်ပြီး လေ့ကျင့်ပေးနိုင်တယ်။ ရှီလာက ဂျိုးဆက်နဲ့အတူ ကျောင်းကိုလိုက်သွား။ ကျောင်းတက်တဲ့အထိစောငေ့်န၊ စာသင်ခန်းထဲအထိလိုက်ပို့၊ အတန်းပိုင်ဆရာမက စာစသင်မှ ရှီလာအိမ်ပြန်ခဲ့။ အဲဒီလိုနည်းတွေနဲ့ လေ့ကျင့်ပေးလို့ အောင်မြင်ရင် ဂျုးဆက်ကို ချီးကျူးအားပေး။ သူထင်သလို အန္တရာယ်တွေဖြစ်ပေါ်မလာတာကို ထောက်ပြ၊ ရှင်းပြ”

“ပြောသလောက် လက်တွေ့မှာ မလွယ်ဘူးလို့ ထင်ပါတယ်”

“ကျွန်တော်တို့က ဝိုင်းဝန်းကူညီပြသပေးမှာပါ”

Most Popular

Healthy Life Ad
To Top