Healthy Life Ad
Health Tips

ယနေ့ခေတ် လူနေမှုဘဝကို ခြိမ်းခြောက်လာနေသည့် အဆင်သင့်အစာ (Junk Food) နှင့် ကျန်းမာရေး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အဆင်သင့်စာ၊ အမြန်စာ စသဖြင့် ခေါ်လေ့ရှိတဲ့ Junk Food တွေက အမေရိကန်လူမျိုးတွေရဲ့ ဘဝနေထိုင်စားသောက်မှုပုံစံမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ အခုခေတ်မှာ မြန်မာလူမျိုးတွေဟာလည်း အချိန်ကုန်ခံပြီး ပြင်ဆင်စရာမလိုဘဲ အဆင်သင့် အလွယ်တကူစားလို့ရတဲ့ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ ဒိုးနတ်မုန့်ဝိုင်း၊ အချိုရည်၊ အကင်၊ ဝက်အူချောင်း၊ ကြက်အူချောင်း အစရှိတဲ့ Junk Food တွေကို စားတဲ့သူ များလာကြပါပြီ။ လေ့လာမှု အများအပြားအရ ဒီအဆင်သင့်စာတွေဟာ အဝလွန်တာ၊ အာဟာရချို့တဲ့တာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာနဲ့ အသည်းရောဂါတွေ အပါအဝင် ကျန်းမာရေးပြဿနာအများစုနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရတာကြောင့် အထူးသတိပြုဆင်ခြင်ဖို့ လိုနေပါပြီ။

Junk Food နှင့် အဝလွန်ခြင်း

နိုင်ငံတကာကျန်းမာရေးတက္ကသိုလ်ရဲ့ လေ့လာမှုကြီးအရ Junk Food တွေကို တစ်ပတ်မှာ နှစ်ကြိမ်ထက် ပိုစားတဲ့ လူငယ်တွေဟာ တစ်ပတ်တစ်ကြိမ်အောက်ပဲ စားသူတွေထက် ကိုယ်အလေးချိန် ၁၀ ပေါင် ပိုမိုမြင့်တက်နေတာကို တွေ့ရှိရပါတယ်။ အာလူးချောင်းကြော် ပွဲသေးတစ်ပွဲနဲ့ ဟမ်ဘာဂါတစ်ခုမှာ ကယ်လိုရီ ၈၀ဝ ခန့် ပါဝင်နေပါတယ်။

Junk Food နှင့် အာဟာရချို့တဲ့ခြင်း

အမေရိကန် အစားအသောက် အဖွဲ့အစည်း ဂျာနယ်ရဲ့ လေ့လာမှုအရ အရွယ်ရောက်သူ တစ်သောင်းခုနစ်ထောင်ကျော်ကို လေ့လာခဲ့တဲ့အခါ အဆင်သင့်အစာတွေကို မကြာခဏ စားတဲ့သူတွေက ဗီတာမင် အေ၊ ဗီတာမင် စီ၊ အမျှင်ဓာတ် စတာတွေရရှိမှု လျော့နည်းနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အဆင်သင့်စာ စားသူတွေက တခြားသူတွေထက် ကယ်လိုရီ၊ ပြည့်ဝဆီ၊ ဆိုဒီယမ် စတာတွေ ရရှိမှု ပိုများနေပါတယ်။ အဆင်သင့်စာစားသူတွေက အချိုရည်သောက်နှုန်း နှစ်ဆပိုမြင့်မားပြီး အာဟာရတန်ဖိုး ပြည့်ဝတဲ့ အစာတွေကို စားနှုန်းလျော့နည်းနေပါတယ်။

Junk Food နှင့် ဆီးချိုရောဂါ

ဟားဗတ်မှတ်တမ်းအရ တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုပြီး Junk Food တွေကို စားတာကြောင့် အင်ဆူလင် Resistance ကို ဖြစ်စေပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ သိရပါတယ်။ အချိုရည်တွေကလည်း ဆီးချိုရောဂါ၊ နှလုံးရောဂါတို့နဲ့ ဆက်စပ်မှုရှိတာကို တွေ့ရှိရပါတယ်။ Junk Food တွေဟာ လေဖြတ်ဝေဒနာနဲ့လည်း ဆက်စပ်မှုရှိကြောင်း၊ Junk Food ရောင်းတဲ့ စားသောက်ဆိုင်မှာထိုင်ပြီး တစ်ကြိမ်စားတိုင်း လေဖြတ်နိုင်ခြေ ၁ ရာခိုင်နှုန်း တိုးလာကြောင်း တက်ဆက်လေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ အဆင်သင့်စာတွေမှာ ဆိုဒီယမ်များစွာ ပါဝင်တဲ့အတွက် သွေးတိုးရောဂါနဲ့ လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေတို့ကို မြင့်တက်စေတာကြောင့် ဖြစ်ပါတယ်။

Junk Food နှင့် အသည်းထိခိုက်မှု

Junk Food တွေကို များများစားပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးလွန်းတာက အသည်းကို ထိခိုက်မှုဖြစ်စေနိုင်တယ်လို့ ဆွီဒင်လေ့လာမှုတစ်ခုအရ သိရပါတယ်။ လေ့လာမှုမှာ ကျန်းမာတဲ့ လူငယ် ၁၈ ဦးကို တစ်နေ့ ခြေလှမ်း ၅၀ဝ၀ အောက်သာ လှမ်းခိုင်းပြီး Junk Food ကို တစ်နေ့အနည်းဆုံးနှစ်ကြိမ် စားစေခဲ့ရာ လေးပတ်အကြာမှာ ကိုယ်အလေးချိန် မြင့်တက်လာတဲ့အပြင် အသည်းထိခိုက်တဲ့ လက္ခဏာတွေ စတင် ပေါ်ပေါက်လာတာကို တွေ့ရှိခဲ့ရပါတယ်။ Junk Food တွေက ကယ်လိုရီတိုးစေတဲ့အပြင် အသည်းကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။

Junk Food ကြောင့် ကျန်းမာရေးထိခိုက်မှု လျော့ကျစေရန်

Junk Food ကြောင့် ကျန်းမာရေးထိခိုက်မှု အန္တရာယ်လျော့ကျစေဖို့ရာအတွက် လိုက်နာသင့်တဲ့ အချက်တွေကို အမေရိကန် နှလုံးအသင်းက အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

(၁) ဖြစ်နိုင်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ ပြင်ဆင်ချက်ပြုတ်စားသောက်ပါ။

(၂) Junk Food ကို စားမယ်ဆိုရင် အရွယ်အစား သေးငယ်တဲ့ ပမာဏကိုပဲ မှာစားပါ။

(၃) ပါကင်ဘူးနဲ့လာတဲ့ Junk Food တွေကို မစားခင် အညွှန်းကို အရင်ဖတ်ပါ။ အဆီ၊ ဆိုဒီယမ်၊ သကြားဓာတ်၊ ကယ်လိုရီ စတဲ့ ပမာဏတွေကို များလွန်းနေရင် ရှောင်သင့်ပါတယ်။

(၄) Junk Food ကို ကျန်းမာရေးနဲ့ ပိုညီညွတ်တာကို ပြောင်းစားပါ။ ဥပမာ- ကြက်သားဟမ်ဘာဂါ စားမယ့်အစား ကြက်သားဆင်းဒဝှစ်ချ်ကို ပြောင်းစားပါ။ ဟမ်ဘာဂါထဲထည့်တဲ့ ကြက်သားက အဆီများပြီး ဆင်းဒဝှစ်ချ်ကြားညှပ်တဲ့ ကြက်သားက အဆီနည်းတတ်ပါတယ်။

(၅) ဟင်းရွက်သုပ်ကို မှာစားပါ။ သစ်သီးဖျော်ရည် သောက်ပါ။

(၆) အချိုရည်အစား ရေ ဒါမှမဟုတ် အဆီနည်းနွားနို့ ဒါမှမဟုတ် Diet လုပ်ထားတဲ့ အချိုရည်ကို သောက်ပါ။

(၇) Junk Food စားပြီးတိုင်း ကယ်လိုရီတွေကို ပြန်လည်လောင်ကျွမ်းသွားစေဖို့ လေ့ကျင့်ခန်းများများ လုပ်ဆောင်ပေးရပါမယ်။

Most Popular

Healthy Life Ad
To Top