Healthy Life Ad
Health Tips

တလွဲဆံပင်ကောင်းသူများ (Body hair)

———၊ ဒေါက်တာတင့်ဆွေ ၊———

ကျွန်တော်တို့လူသားများရဲ့ခန္ဓာကိုယ်တချို့နေရာတွေမှာ အမွေးအမှင်ထူထဲစွာ ပေါက်ရောက်ပေမယ့် အချို့နေရာတွေမှာကျတော့ မပေါက်ပါဘူး။ အဲဒါဘာကြောင့်ပါလဲ။ နောက်ပြီး တချို့အမွေးတွေဟာ တချို့လူတွေမှာပေါက်ပေမယ့် တချို့လူတွေမှာတော့ မပေါက်ပြန်ဘူး။ ဘယ်လိုအမွေးတွေဟာ လူတိုင်းပေါက်ရောက်ပြီး ဘယ်အမွေးတွေ မပေါက်ပါသလဲ။ လူတစ်ယောက်မှာ အမွေးအမှင်ဟာ ပဓာနကျပါသလား။

လူတွေမှာ Hair ဆံပင်၊ Vellus hair ကိုယ်မွေးနု၊ ထူးခြားတဲ့အမွေးတွေဆိုပြီး သုံးမျိုးသုံးစားရှိတယ်။ ပါးစပ်-နုတ်ခမ်း၊ လက်ဖဝါး-ခြေဖဝါး၊ နားနောက်၊ ချက်၊ လိင်အင်္ဂါနေရာတချို့နဲ့ အမာရွတ်နေရာတွေကလွဲရင် အဲဒီအမွေးသုံးမျိုးထဲက တမျိုးမျိုးပေါက်နေတယ်။ အထူအပါးတော့ မတူခြားနားကြတယ်။ အရွယ်ရောက်ချိန်လောက်စပြီး ကိုယ်ခန္ဓာမှာ ပေါက်လာတဲ့ အမွေးတွေကို Body hair လို့ခေါ်သလို Androgens ဆိုတဲ့ ကျားဟော်မုန်းနဲ့ ဆက်စပ်နေလို့ Androgenic hair လို့လဲ ခေါ်တယ်။ ဒီဟော်မုန်းက ကျားရောမပါရှိပေမယ့် ယောကျာ်းတွေမှာ ပိုများတယ်။

ဆံပင်ကလဲ Androgen ကိုလိုက်ပြီး များတာ၊ ထူတာရှိတယ်။ မျိုးဗီဇက အထူ-အပါး၊ အနဲ-အများနဲ့ အရောင်၊ အမျိုးအစားကိုပါ အများကြီးလွှမ်းမိုးတယ်။ အာရပ်တွေ ကုလားတွေက အမွေးလဲများ၊ အမွှေးလည်းကြိုက်ကြတယ်။ သူတို့ကသာမွှေးတာ၊ သူများတွေက အတော်မခံနိုင်ဘူး။ ဗမာပြည်ကသုံးတဲ့ မဆလာနဲ့ ကုလားပြည်ကသုံးတာ တူကို မတူဘူး။ ဗမာပြည်က ကုလားဟင်းကောင်းမှကောင်း။ ဒီမှာ(ဖိုက်စတား)သွားမစားချင်နဲ့။

ဟော်မုန်းများလာတဲ့ အရွယ်ရောက်ချိန်မှာ Pubic hair ဆီးစပ်မွေးက အစဦးဆုံး ပေါက်လာတယ်။ ယောကျာ်းလေးတွေဆိုရင် ပိုသိသာတယ်။ မျက်နှာ၊ ရင်ပတ်၊ ဗိုက်၊ ပေါင်၊ ခြေထောက်၊ လက်မောင်းနေရာတွေမှာပါ များလာတယ်။ အရွယ်ရလာရင် အမွေးတွေ ရင့်-သန်-များလာတယ်။ အမွေးများတာကို Hirsuitism ခေါ်တယ်။ Institute for Endocrinology and Reprodu­ctive Medicine သုတေသနအရ Testosterone androgen ဟော်မုန်းများတာနဲ့ အမွေးများတာ အသေအချာ ဆက်စပ်မှုရှိတယ်လို့ သိရတယ်။ အမျိုးသမီးတွေမယ် မျက်နှာ၊ ရင်ဘတ်၊ ဗိုက်တွေမှာ အမွေးများနေရင် ကျားဟော်မုန်းတွေ လိုတာထက် သိပ်များနေလို့ပါ။ မြေထဲပင်လယ်ဒေသ (ဂရိ၊ အီတလီ) နိုင်ငံသူတွေက တခြားမိန်းမတွေထက် အမွေးများကြတာ ပုံမှန်ပါ။

“ချိုင်းမွေးမရိတ်ပါနဲ့။ ဖြတ်ပေးပါ။ ရင်ဘတ်မွေးရှိတာ-များတာကို မကြိုက်သူများပေပေမယ့် ထူးပြီး ကြိုက်တဲ့သူတွေရှိတယ်။ တချို့က Don’t go Brazilian ယောကျာ်းတွေ အမြဲဆီးစပ်မွေးရိတ်တာ မကောင်းပါလို့ ပြောကြတယ်။ ဒါပေမဲ့ ပခုံးမွေး၊ ကျောမွေး မကြိုက်သူများတယ်။ တို-ဖြတ်ပေးပါ။ အမွေးကို ပုံစံသွင်း ပြုပြင်တာရှောင်ပါ။”

အမွေးဆိုတာ ကိုယ်အပူချိန်ထိန်းရာမှာ အသုံးကြတယ်။ နို့တိုက်သတ္တဝါတွေရဲ့ ထူးခြားမှုလည်း ဖြစ်တယ်။ ဝန်ရိုးစွန်းဒေသမှာ နေတဲ့အကောင်တွေ ကြည့်ပါလား။ နှုတ်ခမ်းမွေးနဲ့ လိင်အင်္ဂါတဝိုက်က ဆီးစပ်မွေးတွေကတော့ အာရုံကြောတွေနဲ့ ဆက်စပ်နေလို့ အာရုံခံအင်္ဂါများ သဘောဆောင်ကြတယ်။ ထိတာ၊ ကလိတာနဲ့ စိတ်ကို တမျိုးတမည် ဖြစ်စေနိုင်တယ်။

ခန္ဓာကိုယ်မွေးဆိုတာ သန္ဓေသားဘဝ ကိုယ်ဝန် ၁၀ ပတ်လောက်မှာကတည်းက စခဲ့တယ်။ ၅ လ (၂၂ ပါတ်)အရွယ်ရှိရင် အမွေးအိတ် Hair follicles အရေအတွက် ၅ သန်းရှိနေပြီ။ နောက်ထပ် ဖြစ်မလာတော့ပါ။ ကျား-မအပေါ်မူတည်ပြီးတော့ ပျက်စီးသွားတာတွေသာ ရှိလိမ့်မယ်။ အမျိုးသမီးတွေမှာ အမွေးများတာနဲ့အတူ ဝက်ခြံပေါက်တာ၊ ရာသီမမှန်တာ၊ ကလေးမရနိုင်တာတွေပါ တွဲနေတတ်တယ်။ ၄၀% လောက်မှာ Adrenal gland အိတ်ကနေထွက်မဲ့ ကျားဟော်မုန်းများတာက (အင်ဇိုင်း)တမျိုး နည်းနေလို့ဖြစ်တယ်။ Cortisone နဲနဲပေးကုတယ်။ မျိုးဥအိမ် Ovary ကနေဖြစ်ရတာဆိုရင် Birth control pills ကိုယ်ဝန်တားဆေးပေးကုနိုင်တယ်။ ဆေးအမျိုးအစားရွေးဘို့တော့ လိုတယ်။ ဥရောပမှာ Diane or Dianette ဆေးတွေသုံးတယ်။ Ethinyl estradiol နဲ့ Cyproterone acetate တွေပါတယ်။

မကြာသေးခင်က သိလာရတာတခုကတော့ တချို့လူတွေမှာ ဆီးချိုထိန်းဆေး Insulin ကို ခံနိုင်ရည်ဖြစ်နေလို့ Ovaries မျိုးဥအိမ်၊ Adrenals (အဒြီနယ်)နဲ့ Pancreas သရက်ရွက်တွေ အလုပ်လုပ်တာ ထိခိုက်စေတယ်။ အမွေးများသူတွေကို Androgen ဟော်မုန်းဆန့်ကျင်ဆေး Spirono lactone နဲ့ Ald-actone ပေးတတ်တယ်။ Proscar ဆေးက အသစ်ဖြစ်တယ်။ ဒီဆေးတွေပေးရင် သွေးစစ်နေရမယ်။

အမွေးများနေတာ ဘာ့ကြောင့်လဲ။ ဟော်မုန်းများနေတာလား။ အမျိုးသမီးဆိုရင် ဒီဟော်မုန်းများတာက ဘယ်ကနေလာတာလဲ။ နှစ်နေရာက ဖြစ်နိုင်လို့ Adrenals ကျောက်ကပ်အထက်နားကလား Ovaries မျိုးဥအိမ်ကလား။ လိုအပ်ရင် စနစ်တကျကုပါ။ ၆ လဆိုရင် သိသာပါမယ်။ သတိပြုဖို့က နောက်ဆက်ဖြစ်လာမှာတွေကိုသာ ကာကွယ်နိုင်ပြီး၊ ရှိပြီးသားတော့ ရမှာမဟုတ်ဘူး။ ၂ နှစ်လောက်ကြာမှ အမွေးဖြစ်စဉ်အရ ရှိထားတာတွေ သက်သာလာပါမယ်။ ရှိပြီးသားတွေအတွက် Electrolysis လျှပ်စစ်နည်း၊ Laser လေဆာနည်းနဲ့ ကုရတယ်။

ချိုင်းမွေးမရိတ်ပါနဲ့။ ဖြတ်ပေးပါ။ ရင်ဘတ်မွေးရှိတာ-များတာကို မကြိုက်သူများပေမဲ့ ထူးပြီးကြိုက်တဲ့သူတွေရှိတယ်။ တချို့က Don’t go Brazilian ယောကျာ်းတွေ အမြဲဆီးစပ်မွေးရိတ်တာ မကောင်းပါလို့ ပြောကြတယ်။ ဒါပေမဲ့ ပခုံးမွေး၊ ကျောမွေး မကြိုက်သူများတယ်။ တို-ဖြတ်ပေးပါ။ အမွေးကို ပုံစံသွင်းပြုပြင်တာ ရှောင်ပါ။ တချို့က Bleach အရောင်ဖြော့အောင် ဆေးသုံးတယ်။ ဈေးချိုတဲ့နည်းက Shave ရိတ်ရတာ။ Pluck or wax နည်းက ကုလားမတွေ အများဆုံးသုံးကြရတယ်။ အမျိုးသမီးများ ချိုင်းမွေးနည်းနည်းပါးပါး ရှိနေတာကို (မော်ဒယ်) မဟုတ်ရင် မရိတ်-မဖြတ်ပါနဲ့။

Hypertrichosis ဆိုတာက ကိုယ်ခန္ဓာမှာ အမွေးတွေ ပုံမှန်မဟုတ်ဘဲ များလွန်းနေတဲ့ အခြေအနေကိုခေါ်တယ်။ မွေးရာပါရှိသလို နောက်မှဖြစ်တာလည်းရှိတယ်။ တကိုယ်လုံးများနေတာနဲ့ နေရာသစ်တခုခုမှာ များနေတာဆိုပြီး ၂ မျိုးရှိတယ်။ အမွေးပေါက်တာကို သက်ရောက်တဲ့ ဟော်မုန်းနဲ့မဆိုင်တဲ့ နေရာတွေ ဥပမာ မျက်နှာလိုနေရာတွေမှာ များနေတာကို ပြောတာပါ။ နှုတ်ခမ်းမွေးထားတဲ့ ပဌမဆုံး မြန်မာမင်းသား ကွယ်လွန်သူ ရုပ်ရှင်မင်းသား ဝင်းဦးက ပါးပေါ်ကမှည့်မှာ အမွေးရှည်ကို တသသထားတယ်။

ထူးထူးခြားခြား အမွေးများတဲ့ လူမျိုးကရှားပြီး လူတွေကိုစိတ်ဝင်စားစေတာမို့ ဆပ်ကပ်တွေမှာ သုံးတတ်ကြတယ်။ ဥပမာ Julia Pastrana “မုတ်ဆိပ်မွေးနဲ့ အမျိုးသမီး”၊ သူ့မှာ လက်ဝါးတွေမှာပါ အမွေးတွေပေါက်နေတယ်။ သူ့လို အမေရိကန်မှ မဟုတ်ပါ။ မြန်မာပြည်ကလည်း ဒီနေရာမှာ ကမ္ဘာကျော်ပါတယ်။ အင်္ဂလိပ်လက်ထက်က အင်းဝမှာနေခဲ့တဲ့(ရွှေမောင်း) မိသားစုဆိုတာရှိတယ်။ သူ့ရဲ့ ကလေးသုံးယောက်ထဲက သမီး(မဖုံး)နဲ့ သူ့သား (ဖိုးဆက်)၊ မြေး(မမဲ)တို့ဟာ Hypertrichosis ရောဂါရှိကြတယ်လို့ အိန္ဒိယဘုရင်ခံ John Crawford က မှတ်တမ်းတင်ထားတယ်။ ထိုင်းနိုင်ငံက Krao (၁၈၇၅) ကိုလဲ ထိုင်းလို Ape “လူဝံမ”လို့ ခေါ်ကြတယ်။

Hirsutism ဆိုတာကြတော့ အမျိုးသမီးနဲ့ ကလေးတွေမှာ ရင်ဘတ်နဲ့ ကျောဘက်မှာ အမွေးတွေများတာကို ခေါ်တယ်။ “တလွဲဆံပင်ကောင်းသူတွေ”ပေါ့။ တချို့မှာ ကင်ဆာရောဂါနဲ့ တွဲနေတတ်တယ်။ Min-oxidil ဆိုတဲ့ ဆံပင်ပေါက်ဆေးကြောင့် ကွက်ပြီး အမွေးတွေ များလာတတ်တယ်။ မွေးရာပါ Hypertrichosis ရှိသူ ခုထိ အလယ်ခေတ်ကတည်းက ရေတွက်တာ လူပေါင်း ၁၀ဝ တောင် မရှိသေးဘူးတဲ့။ မွေးရာပါဆိုရင် ကုမရပါ။ သမိုင်းမှာ Petrus Gonzales မိသားစုက ၁၇ ရာစုမှာ အစောဆုံးမှတ်တမ်းတင်ခံရတယ်။ Fedor Jeftichew ကို Jo-Jo the Russian Dog Faced Boy “ခွေးမျက်နှာနဲ့လူ” လို့ ခေါ်တယ်။ Stephan Bibrowski ကို Lionel the Lion-Faced Man “ခြင်္သေ့မျက်နှာနဲ့လူ” လို့ ခေါ်တယ်။

အမေရိကားက Dime Museum ပြတိုက်မှာ ပြောစမှတ်တခုရှိတယ်။

“မနေ့ညက ဟိုမုတ်ဆိတ်နဲ့မိန်းမ သေသွားတာကြားလား။”

“ကြားတယ်၊ စိတ်မကောင်းစရာ အစစ်ဘဲ။ သူ့မှာ မိန်းမနဲ့ ကလေးသုံးယောက် ကျန်ရစ်တယ်လေ”

Most Popular

Healthy Life Ad
To Top