Healthy Life Ad
Health Tips

အမျိုးသားများ ဗိုက်ပူလျှင်

———၊ ကိုထက် ၊———

ဗိုက်ပူတာက ကြည့်ရတာ ရယ်စရာကောင်းရုံသက်သက်တင် မကပါဘူး။ ဗိုက်ပူတာကြောင့် အမျိုးသားတွေမှာ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူရတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ဗိုက်ပူတာလျော့ကျစေမယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

ဗိုက်ပူခြင်းနှင့် နောက်ဆက်တွဲပြဿနာ

ဗိုက်မှာ အဆီများတဲ့သူတွေဟာ ခန္ဓာကိုယ်က အလေးချိန်နဲ့ မသက်ဆိုင်ဘဲ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ တချို့ကင်ဆာရောဂါတွေ၊ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ၊ သွေးတွင်းမကောင်းတဲ့ ထရိုင်ဂလစ်စရိုက် အဆီများတာ၊ ကောင်းတဲ့ကိုလက်စထရော နည်းပါးတာ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေနဲ့ Meta-bolic Syndrome ရောဂါစု စတာတွေကို ဖြစ်စေနိုင်ပါတယ်။

ဗိုက်ပူနေသလား . . .

ခါးအရွယ်အစားဟာ သင့်မှာ ဗိုက်ပူနေသလား၊ ပုံမှန်ပဲလားဆိုတာကို သိနိုင်တဲ့ အကောင်းဆုံး ခန့်မှန်းချက်ပါ။ နိုင်ငံတကာစံချိန်အရ အမျိုးသားတွေမှာ ခါးအရွယ်အစား ၄၀ လက်မကျော်ရင် နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်နေတယ်လို့ ဆိုထားပါတယ်။ ခါးအရွယ်အစားကို တိုင်းတဲ့အခါမှာ ဗိုက်ကိုရှပ်မထားပါနဲ့။

အသက်ကြီးခြင်းနှင့် ဗိုက်ပူခြင်း

အသက်ကြီးလာတဲ့အခါမှာ ကြွက်သားထုထည်က ဆုံးရှုံးလာတာကြောင့် ခန္ဓာကိုယ်ကနေ ကယ်လိုရီလောင်ကျွမ်းနှုန်းကို နှေးကွေးလာစေပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ ကယ်လိုရီစားသုံးမှုကို ထိန်းချုပ်မှုမရှိရင် ဒါမှမဟုတ် လေ့ကျင့်ခန်းမလုပ်ရင် ကိုယ်အလေးချိန်ဟာ အလွယ်တကူ တက်လာပါလိမ့်မယ်။

ဗိုက်ပူခြင်းနှင့် မျိုးရိုးဗီဇ

သင်ဟာ အဝလွန်နေသလား၊ ကိုယ်အလေးချိန်က ပုံမှန်ထက်များနေသလားဆိုတာက မျိုးရိုးဗီဇနဲ့ ဆက်စပ်မှုရှိပါတယ်။ အမျိုးသားတွေရဲ့ဗိုက်မှာ အဆီပိုတွေရှိတာကတော့ မျိုးရိုးဗီဇထက် ဘဝနေထိုင်စားသောက်မှုပုံစံနဲ့ ပိုမိုဆက်စပ်မှု ရှိနေပါတယ်။

ဘီယာဗိုက်

အယ်လ်ကိုဟောကို ပုံမှန်ထက်ပိုသောက်ရင် ဗိုက်ပူလာနိုင်တာကြောင့် ဘီယာဗိုက်လို့ ခေါ်ပါတယ်။ အယ်လ်ကိုဟောကို များများသောက်တာဟာ ဗိုက်ပူစေနိုင်တာကြောင့် အရက်ကို မသောက်ရမနေနိုင်ရင် အသင့်အတင့်ပမာဏကိုပဲ သောက်ပေးပါ။

ဗိုက်ပူခြင်း လျော့ပါးအောင် . . .

ဗိုက်ပူတာ လျော့ပါးစေဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ကယ်လိုရီလျှော့ချပါ – စားတဲ့အစားအစာပမာဏကို လျှော့ချပါ။ ကယ်လိုရီနည်းတဲ့အစားအသောက်တွေနဲ့ အစားထိုးပြီး ဗိုက်ပြည့်အောင်ကြိုးစားပါ။

လေ့ကျင့်ခန်းကို တိုးလုပ်ပါ – အသက်ကြီးလာလေလေ၊ များများထိုင်တာမျိုးရှောင်ပြီး လှုပ်ရှားမှုကို တိုးလုပ်သင့်လေလေပါပဲ။ ညစာစားပြီးတာနဲ့ ကလေးတွေနဲ့အတူ လမ်းလျှောက်တာမျိုး လုပ်ဆောင်ပေးပါ။

ထိုင်-ထလေ့ကျင့်ခန်းလုပ်ပါ – ထိုင်ထလေ့ကျင့် ခန်းလုပ်တာဟာ ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းလာစေပြီး အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းတစ်မျိုးတည်းနဲ့တော့ ဗိုက်ပူတာ လျော့ကျဖို့ မလွယ်ပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တာနဲ့အတူ အစားအသောက်ကို ထိန်းချုပ်စားသောက်ပြီး အယ်လ်ကိုဟောပါတဲ့ အရည်တွေကို ရှောင်ရှားဖို့ လိုပါတယ်။

ဗိုက်အဆီလျော့ကျလာတာနဲ့အမျှ သင်ဟာ အရင်ထက်ပိုပြီး နေလို့ကောင်းလာပြီး ကျန်းမာရေးအန္တရာယ်တွေရဲ့ ဖြစ်နိုင်ခြေဟာလည်း လျော့ပါးသွားမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top