Healthy Life Ad
Life Style

ဆောင်းရာသီတွင် ကျန်းမာစွာ ကိုယ်အလေးချိန်ထိန်းနည်းများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဆောင်းရာသီမှာ သက်သောင့်သက်သာ လုပ်ဆောင်နိုင်ပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းချုပ်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) သစ်ပင်ပန်းပင် စိုက်ပျိုးပါ

သစ်ပင်ပန်းမန်တွေကို ပြုစုပျိုးထောင်တာကြောင့် ဥယျာဉ်မှူးတွေမှာ စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ဓာတ်တွေ အထွက်တိုးလာစေပါတယ်။ ဒါ့အပြင် သစ်ပင်တွေကို ပေါင်းသင်တာ၊ ရေလောင်းတာ၊ မလိုအပ်တဲ့ အမှိုက်တွေကို ရှင်းလင်းတာတွေ လုပ်ရတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတာကြောင့် ကိုယ်အလေးချိန် ကျစေပါတယ်။

(၂) အိမ်မှာ ချက်ပြုတ်စားသောက်ပါ

အိမ်မှာ ချက်ပြုတ်စားသောက်တာကြောင့် အလုပ်ရှုပ်တယ်ဆိုပေမယ့် အရသာရှိပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်းအသားတွေကို ကိုယ်တိုင်စီမံထားတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာတွေကို စားရပါတယ်။ လေ့လာမှုအရ အပြင်ထွက်စားတဲ့ ညစာတစ်ကြိမ်ဟာ အိမ်မှာညစာစားတာထက် ပျမ်းမျှအားဖြင့် ကယ်လိုရီ ၁၄၄ ပိုရရှိစေတယ်လို့ သိရပါတယ်။

(၃) အိပ်ရေးဝဝ အိပ်စက်ပါ

ဆောင်းရာသီမှာ နေဝင်တာ စောပါတယ်။ ဒါကြောင့် ညဘက်စောစော အိပ်ရာဝင်ပြီး တစ်ညမှာ ၇-၈ နာရီခန့် အိပ်စက်တာကြောင့် စိတ်ကြည်လင်လန်းဆန်းမှု ဖြစ်ပေါ်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ အိပ်ရေးပျက်ရင် အထွက်များတဲ့ လက်ပ်တင်ဟော်မုန်းတွေက အစာစားချင်စိတ်ကို ဖြစ်ပေါ်စေလို့ပါ။

(၄) ကိုယ်အလေးချိန်ကို တစ်ပတ်တစ်ခါချိန်ပါ

ဝိတ်ချနေသူတွေအနေနဲ့ နေ့စဉ်လိုလို ပေါင်ချိန်စက်ပေါ်တက်ပြီး ကိုယ်အလေးချိန်တိုင်းတာကို ရှောင်ပါ။ ပြောင်းလဲမှုမရှိတဲ့ ကိုယ်အလေးချိန်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ကာ ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်ကို လက်လျှော့ပစ်လိုက်တာမျိုး ဖြစ်တတ်လို့ပါ။ ဒါက ကျပ်လွန်းတဲ့ ဂျင်းဘောင်းဘီဝတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ ကိုယ်အလေးချိန်တိုင်းပေးပါ။

(၅) စိမ်းစိုသော ပတ်ဝန်းကျင်တွင် လမ်းလျှောက်ပါ

စိမ်းစိုတဲ့ နေရာဒေသမှာ လမ်းလျှောက်တာကြောင့် စိတ်ဖိစီးမှုလျော့ကျပြီး ဦးနှောက်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ဒီလို စိတ်ခံစားချက် ကောင်းစေတာကြောင့် နေ့စဉ်ပုံမှန် လမ်းလျှောက်ထွက်ချင်စိတ်ကို ဖြစ်ပေါ်စေကာ သွေးလှည့်ပတ်မှု ကောင်းစေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်။

Most Popular

Healthy Life Ad
To Top