Healthy Life Ad
Life Style

ကျွန်မတို့ကို ၁၀ နှစ်ပိုနုပျိုစေမည့် အစာ ၁၀ မျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———-

ကျွန်မတို့က လက်ရှိအသက်ထက် ပိုနုပျိုလိုကြတယ်။ အရွယ်တင်နုပျိုတယ်ဆိုတာ မျိုးရိုးကလည်း အရေးပါသလို စားသောက်တဲ့ အစားအသောက်တွေကလည်း လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် သင့်အသက်ကို လက်ရှိထက် ၁၀ နှစ်ငယ်တယ်လို့ အမြဲထင်ရလောက်အောင် နုပျိုဖို့ ဘာတွေစားပေးသင့်သလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) ထောပတ်သီး

ထောပတ်သီးမှာပါတဲ့ အဆီက ကောင်းတဲ့အဆီပါ။ တစ်နေ့ ထောပတ်သီးတစ်လုံးစားတာက သွေးတွင်းကိုလက်စထရောအဆီကို လျော့ကျစေတဲ့အပြင် အရေပြားပြန်လည်ကောင်းမွန်စေမယ့် ဖြစ်စဉ်ကို အားပေးပါတယ်။ သင့်ခန္ဓာကိုယ်ကို ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အင်တီအောက်ဆီးဒင့်တွေ ရရှိစေပါတယ်။

(၂) ဘယ်ရီသီး

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ စပျစ်သီး စတဲ့ ဘယ်ရီသီးအနွှယ်ဝင် အသီးတွေမှာ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပြီး ဆဲလ်ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးကာ အဆစ်ရောင်ရမ်းနာကျင်မှုကို လျော့ကျစေပါတယ်။ ဘလူးဘယ်ရီသီးက ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာတွေ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းရောဂါတို့ကို သက်သာစေပါတယ်။

(၃) မုန်လာဥနီ

မုန်လာဥနီမှာ ဘီတာကယ်ရိုတင်းပါတဲ့အတွက် မျက်စိရဲ ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အရေပြားမှာ ခရမ်းလွန်ရောင်ခြည် နဲ့ ထိတွေ ့မှုကြောင့် အရွယ်မတိုင်ခင် အရေးကြောင်းထင်တာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ မုန်လာဥနီကို အကျက်မလွန်အောင် သတိပြုပါ။ ဒါမှသာ မရှိမဖြစ် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးမှုမဖြစ်မှာပါ။

(၄) အချဉ်အရသာရှိ သစ်သီးဝလံများ

အချဉ်အရသာရှိတဲ့ သစ်သီးဝလံတွေမှာ ဗီတာမင်စီနဲ့ ဖောလစ်အက်စစ် ပါဝင်မှုများပြီး သွေးတွင်းကိုလက်စထရော လျော့ကျစေပါတယ်။ မှန်မှန်စားရင် သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿနာတွေ၊ နှလုံးကျန်းမာရေးဝေဒနာတွေနဲ့ အဆစ်နာကျင်စေတဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၅) ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို စားပေးရင် ကူးစက်ပိုးအများစုကို တွန်းလှန်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ ပိုးသတ်အစွမ်းက အိုမင်းမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူစားရင် သွေးတွင်းကိုလက်စထရောအဆင့်ကို ဟန်ချက်ညီစေပြီး သွေးလှည့်ပတ်မှုကောင်းစေကာ သွေးဖိအားကို ထိန်းပေးပါတယ်။ ဒါ့အပြင် တချို ့သော ကင်ဆာရောဂါဝေဒနာတွေ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၆) အညိုရောင်ချောကလက်

အညိုရောင်ချောကလက်မှာ ဖလေဗနွိုက်လို အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်၊ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပါတယ်၊ အရေပြားကိုလည်း ရေဓာတ်ပြည့်ဝစေပြီး အသားအရေတင်းရင်းစေပါတယ်။ ချောကလက်မှာ အင်တီအောက်ဆီးဒင့် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

(၇) သံလွင်ဆီ

သံလွင်ဆီက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတစ်စိတ်တပိုင်းဖြစ်တဲ့အပြင် အသားအရေထိန်းသိမ်းမှုမှာလည်း အထောက်အကူပြုပါတယ်။ သံလွင်ဆီမှာပါတဲ့ အယ်လ်ဖာလီနိုလနင်းနစ်အက်စစ် ပါဝင်တာကြောင့် အသားအရေကို တင်းရင်းစိုပြည်စေတဲ့အတွက် အိုမင်းမှုကို ကာကွယ်ပေးပါတယ်။ ဟင်းရွက်သုပ်တွေထဲ သံလွင်ဆီထည့်စားပါ၊ မအိပ်ခင် မျက်ဝန်းတဝိုက်ကို သံလွင်ဆီအစက်အနည်းငယ် လိမ်းပေးပါ။

(၈) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက အရည်ရွှမ်းပြီး အရသာရှိရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ အာဟာရဓာတ်အပြည့်ပါပြီး ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဖောလစ်အက်စစ်ပါဝင်တဲ့ ခရမ်းချဉ်သီးစားပေးရင် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောထိခိုက်ခြင်းနဲ့ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

(၉) အဆီများတဲ့ငါး

ဆယ်လ်မွန်၊ တူနာစတဲ့ အဆီများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်ပြီး ဆဲလ်ယိုယွင်းမှုမဖြစ်အောင် ကူညီပေးသလို ကိုလက်စထရောအဆင့်ကိုလည်း လျော့ကျအောင် ထိန်းပေးပါတယ်။ အသားအရေထိန်းသိမ်းမှုမှာ အရေးပါပြီး အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင် ကူညီပေးတဲ့ ငါးအဆီပါ။

(၁၀) နနွင်းမှုန့်

နနွင်းမှုန့်မှာ ကင်ဆာကို ဟန့်တားပေးနိုင်စွမ်း၊ ရောင်ရမ်းမှုလျော့ကျစေခြင်းနဲ့ အစာကြေညက်စေခြင်း စတဲ့ အစွမ်းသတ္တိတွေရှိပြီး ဟင်းလျာတွေ အရသာတိုးအောင် ခတ်နိုင်ပါတယ်။ နနွင်းမှုန့်က အိုမင်းမှုဖြစ်စဉ်ကို နှေးစေပြီး စွမ်းအင်တိုးစေသလို စိတ်ခံစားမှုကိုလည်း မြင့်တက်ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top