Healthy Life Ad
Health Tips

စိတ္တဇရောဂါနှင့် အယူအဆလွဲမှားမှုများ

———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊———

ပီတာက အသက် ၁၉ နှစ်အရွယ်၊ မိဘနဲ့အတူ နေထိုင်သူဖြစ်တယ်။ ၁၂ တန်းအောင်ပြီးပေမယ့် အမှတ်မကောင်းလို့ အလုပ်သင်စက်ပြင်သင်တန်း တက်နေပါတယ်။ အားလပ်တဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ ဆေးခြောက်ရှူတဲ့ အကျင့်ရှိတယ်။ တစ်ခါတရံ စိတ်ကြွရူးသွပ်ဆေးအထိ သုံးစွဲလာတတ်တယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစပြီး ပီတာရဲ ့ အပြုအမူနဲ့ အပြောအဆိုတွေက ပြောင်းလဲလာတယ်။ သူ့ဖခင်ကို အကြောင်းမဲ့ရန်လုပ်တယ်။ “အဖေ့အကြံဉာဏ်တွေကို ကျွန်တော်သိတယ်နော်။ မနေညက ဟိုဘက်အိမ်က ဂျော့နဲ့ ကျွန်တော့်အကြောင်း ဘာတွေပြောနေသလဲ”လို့ မဆီမဆိုင် မေးမြန်းတယ်။ အိပ်ခန်းထဲမှာ တစ်ယောက်တည်း စကားပြောနေသံကိုလည်း မိဘတွေကြားရတယ်။ မနေ့ညကတော့ ပီတာက မြို ့ပတ်ပြီး ကားမောင်းနေတယ်။ ခွင့်ပြုနှုန်းကျော်ပြီး အရှိန်ပြင်းပြင်းမောင်းနေတယ်။ ယာဉ်ထိန်းရဲကစစ်ဆေးတော့ ပီတာဆေးမူးလက္ခဏာတွေ ပြနေတယ်။ “ကျွန်တော့်ကို ဒီလူတွေက နောက်ယောင်ခံလိုက်နေလို့၊ သူတို့မျက်ခြေပြတ်အောင် ကားမြန်မြန်မောင်းတာလို့ပြောတယ်။ မူးယစ်ဆေးမူးနေစဉ် ကားမောင်းမှုနဲ့ ရဲက ပီတာကို အမှုဖွင့်လိုက်တယ်။ တရားရုံက ပီတာရဲ ့ စိတ်အခြေအနေကို စစ်ဆေးပေးဖို့ စိတ်ကျန်းမာရေးဌာကို လွှဲပြောင်းပေးလိုက်ပါတယ်။

ပီတာကို အတွင်းလူနာအဖြစ် စစ်ဆေးပြီး နောက်တစ်နေ့မှာ သူ့မိဘတွေကို စာရေးသူ တွေ့ဆုံဆွေးနွေးပါတယ်။

“ပီတာဘာဖြစ်တာလဲဒေါက်တာ”လို့ သူ့မိခင်က မေးမြန်းတယ်။

“စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) ဖြစ်ပွားစအခြေအနေလို့ ကျွန်တော်ယူဆတယ်။

ပီတာရဲ ့ဖခင်က သဘောမတူဘူး။

“စိတ်ကြွရူးသွပ်ဆေးသုံးစွဲလို့ စိတ်ဖောက်ပြန်တာ မဖြစ်နိုင်ဘူးလားဒေါက်တာ”

“ပီတာကို သေသေချာချာ စစ်ဆေးကြည့်တော့ သူစိတ္တဇရောဂါလက္ခဏာတွေ ခံစားနေရတာ ၆ လကျော်ရှိပြီ။ တစ်ခါတရံ နားထဲမှာ စကားပြောသံကြားတာမျိုး။ ပတ်ဝန်းကျင်က ထူးဆန်းနေသလို ဗြုန်းကနဲ သိမြင်လိုက်တာမျိုး။ လူတွေက သူ့ကို ထူးခြားတဲ့အဓိပ္ပါယ်နဲ့ အချက်ပြနေသလိုမျိုး။ သူ့ကိုရည်ညွှန်းပြောဆိုနေကြတာမျိုး။ သူ့ကို အန္တရာယ်ပြုဖို့ အရိပ်အရောင်ပြနေတာမျိုးတွေကို တွေ့ကြုံခံစားနေရပါတယ်။ ဒါကြောင့် အလိုလိုနေရင်း စိုးရိမ်စိတ် ကြောက်စိတ်နဲ့ ဒေါသစိတ်တွေလည်း ဖြစ်ပွားနေတယ်။ ဒီလိုဖြစ်နေတာကို ပီတာပြောမပြဘူးလား”

ပီတာမိဘနှစ်ယောက်လုံးက ပြိုင်တူအဖြေပေးတယ်။

“ဘာမှပြောမပြဘူးဒေါက်တာ”

“ဒါကြောင့် ပီတာမူးယစ်ဆေးစတင်သုံးစွဲလာတာ ဖြစ်ပါတယ်။ ပီတာက မူးယစ်ဆေးသုံးစွဲလို့ စိတ်ဖောက်ပြန်တာ မဟုတ်ဘူး။ စိတ္တဇရောဂါရှိလာလို့ မူးယစ်ဆေးသုံးစွဲလာတာ ဖြစ်ပါတယ်”
ပီတာ့မိခင်က မေးခွန်းထုတ်ပါတယ်။

“ကျွန်မတို့အမျိုးတွေထဲမှာ စိတ်ကစဉ့်ကလျားရောဂါရှိတဲ့ ရာဇဝင်မရှိပါဘူး။ မျိုးရိုးမရှိဘဲ ဒီရောဂါမျိုး ဖြစ်တတ်လို့လား”

“ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်ပြီးစိတ္တဇရောဂါ ဖြစ်ပွားတတ်တာမှန်ပါတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းပြည့် မမှန်ကန်ဘူး”

“ရှင်းပြပါ”

“စိတ်ကစဉ့်ကလျားရောဂါက လူတစ်ရာမှာတစ်ယောက်နှုန်းလောက် ဖြစ်ပွားတတ်ပါတယ်။ မိဘတစ်ဦးဦးမှာ ရောဂါရှိရင် သားသမီးတွေထဲမှာ ရောဂါဖြစ်ပွားနှုန်းက ၁၃ ရာခိုင်းနှုန်းရှိတယ်။ ညီအကိုမောင်နှမအရင်းမှာ ရောဂါရှိရင် ကျန်ညီအကိုမောင်နှမတွေထဲမှာ ၁၂ ရာခိုင်နှုန်း ရောဂါရရှိနိုင်တယ်။ ဗီဇမျိုးစေ့ တထေရာတည်း တူညီတဲ့ သားဥတူအမြွှာပူး (Monozy Go Tic Twin) မှာတောင် တစ်ယောက်ဒီရောဂါရှိရင် ကျန်အမြွှာပူးထဲမှာ ၄၆ ရာခိုင်နှုန်းကျော်သာ ရောဂါရရှိတာ တွေ့ရတယ်။ ဒါကြောင့် မျိုးရိုးရှိတိုင်း ရောဂါမရရှိဘူး။ နောက်ပြီး စိတ်ကစဉ့်ကလျားရောဂါရှိသူ အများအပြား (၈၅ ရာခိုင်နှုန်း)ရဲ ့ မိဘနဲ့ ညီအကိုမောင်နှမ အရင်းတွေထဲမှာ ဒီရောဂါဖြစ်ပွားမှုမရှိတာ တွေ့ရှိရတယ်”

ပီတာရဲ ့မိခင်က သူ့အမြင်ကို ပြောပြတယ်။

“ကျွန်မတို့က တောင်အမေရိကတိုက်သားဇာတိပါ။ ကျွန်မအမေက တစ္ဆေသရဲ မကောင်းဆိုးဝါးနဲ့ စုန်းကဝေပညာတွေကို ယုံကြည်တယ်။ သူ့မြေးက လူပြုစားတာခံရတာလို့ ပြောနေပါတယ်”

“ဒီလိုရိုးရာအယူအဆမျိုးကို နိုင်ငံတိုင်းမှာ လူမျိုးဘာသာမရွေး ယုံကြည်တတ်ကြပါတယ်။ စိတ်ကစဉ့်ကလျား ရောဂါရှိသူ ၄၀ ရာခိုင်နှုန်းကျော်က ဒီရောဂါက ပြင်ပပယောဂတစ်ခုခုကြောင့် ဖြစ်တာလို့ ယုံကြည်တာ တွေ့ရှိရတယ်။ ဒါကြောင့် ပယောဂကုထုံးအမျိုးမျိုးနဲ့ စတင်ကုသနေကြတာ ရှိပါတယ်။ ရောဂါနုစမှ ခေတ်သစ်ဆေးပညာကုထုံးနဲ့ မကုသရင် ရောဂါပိုမိုဆိုးရွားလာမယ်။ ရောဂါအမြစ်တွယ်လာမယ်။ ကုသရာခက်ခဲပြီး၊ နာတာရှည် မသန်စွမ်းမှု ပိုမိုတွေ့ရှိရမယ်”

ပီတာရဲ ့မိခင်က ညည်းတွားပါတယ်။

“ကျွန်မတို့ သွန်သင်ဆုံးမတာမကောင်းလို့ ပီတာစိတ်ကစဉ့်ကလျားရောဂါ ရရှိတာ ဖြစ်နိုင်သလားဒေါက်တာ”

“မိခင်က သားသမီးကို ပြုစုပျိုးထောင်ပေးပုံမှားလို့ စိတ်ကစဉ့်ကလျားရောဂါ ရရှိတယ်ဆိုတဲ့ အယူအဆ ရှိပါတယ်။ ပြင်ပလောကမှာ ယုံကြည်မှုလွဲသာတာမကဘဲ ဆေးပညာစာအုပ်တွေထဲမှာလည်း ဖော်ပြလေ့ရှိတယ်။ “စိတ်ကစဉ့်ကလျားရောဂါ ဖြစ်စေသောမိခင် (SchizoPhrenogenic Mother) လို့ခေါ်တယ်။ ၁၉၅၀ ဆယ်စုနှစ်ပိုင်းမှာ ပြောလာကြတာပါ။ ဒါပေမဲ့ ၁၉၇၀ ခုနောက်ပိုင်းမှာ၊ ဒီအယူအဆကို လက်မခံတော့ပါဘူး။ ဒီအတွက် မိဘက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေသင့်ဘူး”

ပီတာရဲ ့ဖခင်က သူစိုးရိမ်နေတဲ့ အချက်အလက်တစ်ခုကို မေးမြန်းတယ်။

“ပီတာက ကျွန်တော့်အပေါ်မှာ မယုံသင်္ကာမှုများနေတယ်။ အဲဒါ ကိုယ်ထိလက်ရောက် အကြမ်းဖက်လာနိုင်တဲ့ အန္တရာယ်ရှိမလားလို့ သတိထားနေရတယ်”

“လူငယ်ပိုင်းအရွယ် စိတ်ကစဉ့်ကလျား ဖြစ်ပေါ်စအခြေအနေမှာ အကြမ်းဖက်မှုဖြစ်ပွားနိုင်ပါတယ်။ လူနာ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းက လူကိုဖြစ်ဖြစ်၊ ပစ္စည်းကိုဖြစ်ဖြစ် အကြမ်းဖက်တိုက်ခိုက်ခြင်း ဖျက်ဆီးခြင်း ပြုတတ်တာ တွေ့ရှိရတယ်။ ဒါပေမဲ့ လူသတ်မှုကျူးလွန်တဲ့အထိ အကြမ်းဖက်တာက နည်းပါတယ်။ လူသတ်မှုကျူးလွန်သူတွေထဲမှာ ၅ ရာခိုင်နှုန်းသာ စိတ်ကစဉ့်ကလျားရောဂါ ရှိပါတယ်။ ကျန်တဲ့လူသတ်မှုတွေကို လူဆိုးလူမိုက်နဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနကြီးသူတွေကသာ ကျူးလွန်တာပါ။ ဒီတော့ ပီတာကို ဆေးကုပေးဖို့တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ကစဉ့်ကလျားရောဂါရှိတယ်ဆိုတာနဲ့ အကြောက်လွန်းပြီး ပြစ်ပယ်ဆက်ဆံတာတွေကို ရှောင်ကြဉ်သင့်တယ်”

ပီတာရဲ ့ မိခင်က ပါဝင်ဆွေးနွေးတယ်။

“ဆေးကုပေးဖို့ ကျွန်မတို့သဘောတူပါတယ်။ ဒါပေမဲ့ စိတ်ကစဉ့်ကလျားရောဂါရှိရင် ကုသလို့မရဘူး။ နာတာရှည်ရောဂါလို့ ပြောဆိုသံတွေကို ကြားရပါတယ်။ ကျွန်မသားလေးနောင်ရေးအတွက် ရင်လေးမိပါတယ်”

“အဲဒီအယူအဆက ရာနှုန်းပြည့်မမှန်ပါဘူး။ စိတ်ကစဉ့်ကလျားလူနာတွေကို နှစ်ပေါင်းများစွာ ရေရှည်လေ့လာထားတဲ့ သုတေသနအများအပြားရှိတယ်။ ခြုံငုံပြီးပြောရရင် ၂၅ ရာခိုင်နှုန်း စည်းမျဉ်းအတိုင်းလို့ ဆိုနိုင်တယ်”

“ဘာကိုဆိုလိုတာလဲ ဒေါက်တာ”

“စိတ်ကစဉ့်ကလျားရောဂါ ရှိသူတွေကို ရေရှည်လေ့လာကြည့်တဲ့အခါ ၂၅ ရာခိုင်နှုန်းက ရောဂါပျောက်ကင်းသွားတာ တွေ့ရှိရတယ်။ ဒုတိယ ၂၅ ရာခိုင်နှုန်းကတော့ မပြင်းထန်တဲ့ ရောဂါလက္ခဏာအနည်းငယ်သာ ကျန်ရှိနေပေမယ့် ပုံမှန်ဘဝလမ်းကို လျှောက်လှမ်းနိုင်ကြတယ်။ တတိယ ၂၅ ရာခိုင်နှုန်းက ရောဂါလက္ခဏာလက်ကျန် အသင့်အတင့် ခံစားရပြီး မကြာခဏ ရောဂါပြန်လည်ဆိုးရွားလာတတ်တယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကသာ ရောဂါလက္ခဏာ သိသိသာသာ သက်သာမှုမရှိဘဲ ရေရှည်စိတ်ကျန်းမာရေး မသန်စွမ်းမှုရှိကြပါတယ်။ အဲလိုလူနာမျိုးကိုသာ ရပ်ကွက်ထဲမှာ လှည့်လည်သွားလာနေတာနဲ့ စိတ်ကျန်းမာရေးဆေးရုံတွေမှာ နာတာရှည်လူနာအဖြစ် ကုသခံနေရတာကို လူတွေက မြင်တွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကစဉ့်ကလျားရောဂါက ကုသလို့မရနိုင်တဲ့ရောဂါလို့ လူတွေက အယူလွဲနေကြတာပါ။ ဒီတော့ ပီတာအတွက် သိပ်ပြီးစိတ်မပူပါနဲ့”

ပီတာရဲ ့မိခင်က ထပ်ဆင့်ညည်းတွားပါတယ်။

“ပီတာစက်ပြင်သင်တန်းပြီးရင် အလုပ်ရပါ့မလားလို့ ပူပင်မိပါတယ်။ တစ်သက်လုံးဆေးပင်စင်နဲ့ ဘဝမဆုံးစေချင်ဘူး”

“အဲဒါလည်း အယူအဆလွဲမှားမှုတစ်ခုပါ။ အမေရိကန်နိုင်ငံ စိတ်ပညာရှင်းများအသင်းရဲ ့ လေ့လာမှုတစ်ခုရှိပါတယ်။ စိတ်ကစဉ့်ကလျားရောဂါ ဖြစ်ပွားတဲ့ လူနာတွေထဲမှာ ၄၀ ရာခိုင်နှုန်းခန့်က ၂ နှစ်အတွင်း အလုပ်အကိုင်ရရှိတာ တွေ့ရှိရပါတယ်”

ပီတာရဲ ့ဖခင်က လက်တွေ့ကျတဲ့ မေးခွန်းတစ်ခုကို မေးပါတယ်။

“စိတ်ကစဉ့်ကလျားရောဂါရှိရင် တစ်သက်လုံး ဆေးသောက်နေရမယ်ဆိုတာ မှန်ပါသလားဒေါက်တာ”

“ရောဂါဖြစ်စမှာ ဆေးသောက်ရမှာပါ။ လူနာက သူ့ရောဂါကို စိတ်ရောဂါလို့ လက်မခံနိုင်ဘဲ ဆေးသောက်ဖို့ ငြင်းဆိုနေတာလည်း ရှိတတ်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါရှိသူ ၇၄ ရာခိုင်နှုန်းက ၁၈ လအတွင်း မိမိဆန္ဒအတိုင်း ဆေးသောက်တာကို ရပ်ပစ်လိုက်ကြောင်း လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။ရေရှည်ဆေးသောက်သင့်၊ မသင့်ဆိုတာက လူနာရဲ ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ခုနက ကျွန်တော်ပြောခဲ့တဲ့ တတိယနဲ့ စတုတ္ထ ၂၅ ရာခိုင်နှုန်းထဲမှာ ပါဝင်နေရင်တော့ နှစ်ရှည်လများ ဆေးသောက်ဖို့ လိုပါတယ်။ ပထမနဲ့ ဒုတိယ ၂၅ ရာခိုင်နှုန်းထဲမှာ ပါဝင်နေတဲ့ လူနာဆိုရင် ၂ နှစ်လောက်အထိတော့ ဆေးဆက်သောက်ဖို့ လိုအပ်တယ်။ ရောဂါလက္ခဏာ သက်သာပျောက်ကင်းသွားပေမယ့် ချက်ခြင်းဆေးဖြတ်ဖို့ အားမပေးပါဘူး

Most Popular

Healthy Life Ad
To Top