Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်မိခင်တိုင်း သိသင့်သည် ရက်ပေါင်းတစ်ထောင်

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

ကလေးငယ်တွေလိုအပ်တဲ့ အာဟာရရရှိမှုနဲ့ ပတ်သက်လို့ အခုတလောမှာ The First 1000 Days ဆိုတဲ့ အစီအစဉ်တွေ အတော်လေး ခေတ်စားနေပါတယ်။ WHO- ကမ္ဘာ့ကျန်းမာရေးအဖွဲ ့အစည်းကလည်း ဒါကို အရမ်းအရေးကြီးတယ်လို့ ဆိုထားတာကြောင့် The First 1000 Days ဆိုတာ ကလေးတွေ အာဟာရရရှိမှုအတွက် အရေးကြီးတဲ့ ပထမဦးဆုံး ရက်ပေါင်း ၁၀ဝ၀ ကို ဆိုလိုတာဖြစ်ပါတယ်။ ကလေးတွေ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းမွန်ဖို့ရာ ဒီရက်ပေါင်း ၁၀ဝ၀ ကစလို့ အာဟာရဓာတ်တွေ ပြည့်စုံလုံလောက်အောင် ဖြည့်ဆည်းပေးတာဟာ အင်မတန်မှကောင်းမွန်သေချာတဲ့ အခွင့်အရေးတစ်ခု ပေးလိုက်တာနဲ့ တူတယ်လို့ ပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ထားပါတယ်။

ရက်ပေါင်း ၁၀ဝ၀ ဆိုတာ . . .

ရက်ပေါင်း ၁၀ဝ၀ ကို ဘယ်ကနေ အစပျိုးရမလဲဆိုတော့ ကလေးကိုယ်ဝန်စရှိတဲ့ အချိန်ကတည်းကလို့ ဆိုရမှာပါ။ မိခင်က ကိုယ်ဝန်စရှိတဲ့ အချိန်ကစပြီး ကလေး၂၄ လ (၂နှစ်) အထိ ဂရုတစိုက်ရှိဖို့ပြောတာ ဖြစ်ပါတယ်။ အတိအကျ ရေတွက်ကြည့်မယ်ဆိုရင် အမေက ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်တဲ့အခါ ရက်ပေါင်း ၂၇၀ ကြာပါတယ်။ ကလေးမွေးပြီး မိခင်နို့တိုက်ကျွေးတာက ၃၆၅ ရက် (၁နှစ်) ယူပါတယ်။ အဲဒီမှာမှ ၆ လတိတိကို မိခင်နို့တစ်မျိုးတည်းတိုက်ပြီး ကျန်တဲ့ ၆ လ (Weaning Diet Period) မှာတော့ တခြားဖြည့်စွက်စာတွေ ကျွေးပေးလို့ရတဲ့အချိန် ဖြစ်ပါပြီ။ နောက်တစ်မျိုးက Toddler Food ဆိုပြီး တစ်နှစ်ကနေ နှစ်နှစ်ကြားအချိန် ၃၆၅ ရက် ယူပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်တဲ့အချိန် ရက်ပေါင်း ၂၇၀၊ မိခင်နို့တိုက်တာနဲ့ ဖြည့်စွက်စာကျွေးမွေးတဲ့ အချိန်က ရက်ပေါင်း ၃၆၅ ရက်၊ Toddler Food က ၃၆၅ ရက်ဆိုတော့ အားလုံးစုစုပေါင်း ရက် ၁၀ဝ၀ ပြည့်သွားပါတယ်။ အဲဒီတော့ ဒီရက်ပေါင်း ၁၀ဝ၀ မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝအောင် စနစ်တကျ ကျွေးမွေးပြုစုမယ်ဆိုရင်တော့ ကလေးတစ်ယောက်ကြီးပြင်းမယ့် နောင်နှစ်ပေါင်းများစွာတိုင် အသက်ရှည်ကျန်းမာမှာပဲ ဖြစ်ပါတယ်။

“အတိအကျရေတွက်ကြည့်မယ်ဆိုရင် အမေက ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်တဲ့အခါ ရက်ပေါင်း ၂၇၀ ကြာပါတယ်။ ကလေးမွေးပြီး မိခင်နို့တိုက်ကျွေးတာက ၃၆၅ ရက်(၁နှစ်) ယူပါတယ်။ အဲဒီမှာမှ ၆ လတိတိကို မိခင်နို့တစ်မျိုးတည်းတိုက်ပြီး ကျန်တဲ့ ၆လ (Weaning Diet Period) မှာတော့ တခြားဖြည့်စွက်စာတွေ ကျွေးပေးလို့ရတဲ့ အချိန်ဖြစ်ပါပြီ။”

ကိုယ်ဝန်ဆောင်ချိန် ရက်ပေါင်း ၂၇၀

ကိုယ်ဝန်ဆောင်စဉ် ပထမသုံးလပတ်ကာလထဲက အလုံးလေးစဖြစ်မယ်။ အချင်းဖြစ်မယ်။ တဖြည်းဖြည်းနဲ့ ကြီးထွားလာမယ်။ ဒုတိယသုံးလပတ်ကာလဖြစ်တဲ့ ကိုယ်ဝန်ဆောင် ၁၃ ပတ်ကနေ ၂၇ ပတ်အတွင်းမှာ သန္ဓေသားက အကောင်အထည်ပေါ်လာပါပြီ။ အသက်ရှူတာတွေ၊ အင်္ဂါအစိတ်အပိုင်းတွေ ဖွံ ့ဖြိုးတာတွေ ဖြစ်လာပါပြီ။ ဦးနှောက်ကြီးထွားမှုလည်း စဖြစ်လာတာကြောင့် ဒီအချိန်လည်း အရေးကြီးပါတယ်။ တတိယသုံးလပတ် ကာလမှာဆိုရင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းနဲ့ ခန္ဓာကိုယ်ကြီးထွားနှုန်းတွေက သိပ်ကိုမြန်သွားပါပြီ။ ဒါကြောင့် ဒီလိုအချိန်မှာ အာဟာရပြည့်ဝအောင် စားဖို့လိုအပ်ပါတယ်။ ဒီလိုစားတဲ့အခါ မိခင်က နဂိုကတည်းက ကိုယ်အလေးချိန်ကျနေတာ၊ ကိုယ်အလေးချိန်များနေတာမျိုး ဖြစ်နေရင် ကလေးမှာလည်း အဲဒီအကျိုးဆက်တွေ ပါသွားနိုင်ပြီး ကလေးကြီးလာတဲ့အခါ ကိုယ်အလေးချိန်နည်းလွန်းတာ ဒါမှမဟုတ် များလွန်းတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး နာတာရှည်ရောဂါတွေလည်း ဖြစ်သွားနိုင်ပါတယ်။

စားတဲ့အခါ ထမင်းတို့၊ ကစီဓာတ်တို့ အများကြီးစားဖို့ မလိုပါဘူး။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေသာ အလုံအလောက် ရရှိဖို့ပဲ လိုအပ်ပါတယ်။ နောက်ပြီး ဖောလစ်အက်စစ် ပုံမှန်သောက်ပေးဖို့ အဓိကလိုအပ်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ်လည်း သောက်ရပါမယ်။ ကလေးရဲ ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် DHA လိုအပ်ပါတယ်။ ဗီတာမင်ဒီလည်း လိုပါတယ်။

ဗီတာမင်ဒီကို ငါးသေးသေးလေးတွေ စားပေးရင် ရနိုင်သလို နေရောင်ခြည်ကနေလည်း ရရှိနိုင်ပါတယ်။ ဆရာမတို့နိုင်ငံမှာက နေရောင်ခြည် အလွယ်တကူ ရရှိနိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် မနက် ၆ နာရီခွဲကနေ ၈ နာရီခွဲလောက်ထိ မိနစ် ၂၀ လောက် အချိန်ပေးပြီး ဗီတာမင် ဒီဓာတ်ကို ခံယူနိုင်ပါတယ်။ ကျန်တဲ့ဗီတာမင်တွေဖြစ်တဲ့ အေ၊ ဘီ ၁၊ ဘီ ၂၊ ကယ်လ်စီယမ် စတာတွေလည်း အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်ဒီဓာတ် အပြည့်အဝရရှိဖို့ လိုအပ်သလို တခြားဓာတ်တွေလည်း မချို ့တဲ့အောင် ဂရုစိုက်ပေးသင့်ပါတယ်။

နို့ချိုတိုက်ကျွေးချိန် ၃၆၅ ရက်

ကလေးမွေးတဲ့အခါ ကလေးတွေကို ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ရပါမယ်။ အမေနို့ရဲ ့ ပရိုတင်းမှာ Whey ပရိုတင်းဆိုပြီး ပါပါတယ်။ ပရိုတင်းက နှစ်မျိုးရှိပါတယ်။ Whey ပရိုတင်းနဲ့ Casein ပရိုတင်းပါ။ အမေနို့ကထွက်တဲ့ Whey ပရိုတင်းမှာ ကလေးရဲ ့ ဦးနှောက်ဖွံ ့ဖြိုးမှုနဲ့ ကလေးကို လွယ်လွယ်ကူကူ အိပ်မောကျစေတဲ့ အစွမ်းတွေ ပါဝင်ပါတယ်။

ကလေးဖြည့်စွက်စာကျွေးချိန် ၃၆၅ ရက်

ကလေးတွေကို အစာစကျွေးတော့မယ်ဆိုရင် အသီးအနှံလေးတွေနဲ့ စတင်သင့်ပါတယ်။ ဆရာမတို့ဆီမှာက ကလေးကို ဆန်ပြုတ်လိုမျိုး ကျွေးပါတယ်။ အများအားဖြင့် ထမင်းတစ်ဇွန်းရယ်၊ ကြက်သားတစ်တုံး၊ အာလူးတစ်တုံး အကုန်ရောကျိုပြီး ကျွေးတတ်ပါတယ်။ နောက်ပြီး အရည်ဆိုလည်း လိမ္မော်ရည်၊ ကမ္ဗလာရည် စတာတွေကို အများကြီးမဟုတ်ဘဲ နည်းနည်းချင်းစီ ၅၀ မီလီလီတာလောက် တိုက်သင့်ပါတယ်။ ဒီလိုနဲ့ Healthy Eating Habit ကိုအသီးတွေနဲ့ စတင်ပြီး တစ်နှစ်အထိ တဖြည်းဖြည်းချင်း အသားနည်းနည်း၊ အရွက်နည်းနည်း စတင်ကျွေးလို့ ရပါတယ်။

ကလေးတစ်ယောက်က လူကြီးတစ်ယောက်လိုအပ်တဲ့ အာဟာရထက် ခုနှစ်ဆ လိုအပ်ပါတယ်။ လူကြီးတွေစားသလို အများကြီး မစားနိုင်ပေမယ့် အာဟာရဓာတ်ကတော့ ခုနစ်ဆအချိုးနဲ့ ညီမျှပါတယ်။ အဲလိုကျွေးတဲ့အခါ အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကတော့ သံဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ လူတိန်းဓာတ်၊ ကိုလင်းဓာတ်၊ Alpha-lactalbumin ၊ Alpha-linoliec Acid ၊ Linoliec Acid ၊ DHA စတဲ့ ဓာတ်တွေအကုန်လုံး ပါရပါမယ်။ ဒီဓာတ်တွေအားလုံးက ကလေးတွေရဲ ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အရမ်းကို အရေးကြီးပါတယ်။

တစ်နှစ်ကျော်လာတဲ့အခါ ကလေးက ကောင်းကောင်းစားတတ်လာပါပြီ။ ဒီအချိန်မှာ မိဘတွေက ကလေးကို ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစာတွေအများကြီး ကျွေးခဲ့မယ်ဆိုရင် ကြီးလာတဲ့အခါ အဝလွန်ရောဂါ ဖြစ်နိုင်ပါတယ်။ အငန်ဓာတ်များတာ ကျွေးလွန်းရင် သွေးဖိအားတိုးတဲ့ရောဂါတွေ ခံစားရမှာပါ။ အဆီများတာကျွေးရင်လည်း အသက်ရလာတဲ့အခါ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေ ခံစားရစေပါတယ်။ သကြားဓာတ်များရင် ဆီးချိုသွေးချိုရောဂါ၊ သွားပိုးစားတာတွေ ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top