Healthy Life Ad
Q & A

ဆီးချိုသွေးချိုရောဂါနှင့် ကိုယ်လက်လှုပ်ရှားအားကစား

—၊ ပါမောက္ခဦးသိန်းမြင့် (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မကွေးဆေးတက္ကသိုလ်၊ ဆေးပညာဌာန ၊—

Q. ဆီးချိုသွေးချိုရောဂါနဲ့ ကိုယ်လက်လှုပ်ရှားမှုက ဘယ်လောက်အထိ ဆက်စပ်မှုရှိပါသလဲ ဆရာ။

A. ဆီးချိုသွေးချိုရောဂါနဲ့ ကိုယ်လက်လှုပ်ရှားမှုကတော့ ဆက်စပ်မှု အများကြီးရှိပါတယ်။ ဆီးချိုသွေးချိုရောဂါမဖြစ်ခင် တစ်မျိုး၊ ဖြစ်ပြီးရင် တစ်မျိုးပေါ့။ အကယ်၍ ဆီးချိုသွေးချိုရောဂါ မဖြစ်သေးတဲ့သူတွေ အထူးသဖြင့် အကြိုဆီးချို သွေးချိုရောဂါအဆင့် . . နောက်မကြာခင် ငါးနှစ်အတွင်း ဆီးချိုသွေးချိုရောဂါ ဖြစ်လာနိုင်ခြေ ရှိတဲ့သူတွေက အစားအသောက်ကိုလည်း ဆင်ခြင်မယ်၊ ကိုယ်လက်လှုပ်ရှားအားကစားကိုလည်း တစ်နေ့ မိနစ် ၃၀-တစ်ပတ်မှာ ငါးရက်၊ မိနစ် ၁၅၀ ကျကျနနလုပ်မယ်ဆိုရင် ဆီးချိုသွေးချိုရောဂါအဆင့် ကူးပြောင်းလာနိုင်မှုက တစ်ဝက်လျှော့ချနိုင်ပါတယ်။

နောက်တစ်ခုက တကယ်လို့ ဆီးချိုသွေးချိုရောဂါ ဖြစ်သွားခဲ့ပြီဆိုပါတော့။ ဒီလူတွေက အစားအသောက်လည်း ဆင်ခြင်မယ်၊ ဆေးဝါးကိုလည်း စနစ်တကျ ကုသမယ်ဆိုရင် ကိုယ်လက်လှုပ်ရှားအားကစား လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ ယှဉ်ကြည့်တဲ့အခါ ကိုယ်လက်လှုပ်ရှားအားကစား လုပ်တဲ့သူတွေက ဆီးချိုသွေးချိုရောဂါ ထိန်းချုပ်နိုင်မှု ပိုကောင်းတာကို တွေ ့ရပါတယ်။ ဆီးချိုသွေးချို ထိန်းချုပ်နိုင်ကြောင်း သေချာအောင် တစ်ဖက်ကလည်း HbA1c စစ်ကြည့်လိုက်တဲ့အခါ သုံးလအကြာမှာ ံ HbA1c က ဝ ဒသမ ၅ ကနေ ၁ လောက်အထိ ကျဆင်းသွားတယ်ဆိုတာကို တွေ ့ရပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချိုရောဂါရဲ ့ နောက်ဆက်တွဲရောဂါဝေဒနာတွေ၊ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ လေငန်းရောဂါ ဖြစ်ပွားနှုန်းကိုလည်း လျှော့ချနိုင်တယ်ဆိုတာ တွေ ့ရပါတယ်။ ဒါတွေအပြင် ဆီးချိုသွေးချိုရောဂါ ရှိသူချင်းယှဉ်လိုက်တဲ့အခါ အားကစားလုပ်သူတွေက မလုပ်သူတွေထက် ကြံ့ခိုင်မှုပိုကောင်းတာကို တွေ ့ရပါတယ်။ သူတို့က အသက်အရွယ်ကြီးတဲ့အထိ ကျန်းကျန်းမာမာ ကြံ့ကြံ့ခိုင်ခိုင်နဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝမှာ နေထိုင်နိုင်ပါတယ်။ စိတ်ဓာတ်ကျဆင်းမှုလည်း နည်းပါးတယ်ဆိုတာ တွေ ့ရပါတယ်။

“အထူးသဖြင့် အကြိုဆီးချိုသွေးချိုရောဂါအဆင့် နောက်မကြာခင် ငါးနှစ်အတွင်း ဆီးချိုသွေးချိုရောဂါ ဖြစ်လာနိုင်ခြေရှိတဲ့သူတွေက အစားအသောက်ကိုလည်း ဆင်ခြင်မယ်၊ ကိုယ်လက်လှုပ်ရှားအားကစားကိုလည်း တစ်နေ့ မိနစ် ၃၀-တစ်ပတ်မှာ ငါးရက်၊ မိနစ် ၁၅၀ ကျကျနန လုပ်မယ်ဆိုရင် ဆီးချိုသွေးချိုရောဂါအဆင့် ကူးပြောင်းလာနိုင်မှုက တစ်ဝက်လျှော့ချနိုင်ပါတယ်။”

ခြုံပြောရရင် ကိုယ်လက်လှုပ်ရှားအားကစား လုပ်တာက ရောဂါမရှိသေးရင်လည်း ကာကွယ်နိုင်တယ်၊ ရှိနေရင်လည်း ထိန်းချုပ်မှုပိုကောင်းအောင် လုပ်ပေးနိုင်တယ်၊ နောက်ဆက်တွဲရောဂါမဖြစ်အောင်လည်း ကာကွယ်နိုင်တယ်။ အနည်းဆုံးတော့ ကျန်းမာကြံ့ခိုင်တဲ့ဘဝမှာ နေနိုင်အောင် ကူညီပေးတယ်ဆိုတာ တွေ ့ရပါတယ်။

Q. ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆရာ။

A. ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့နေရင် ကာကွယ်နိုင်ပါတယ်။ အဓိကကတော့ နေထိုင်စားသောက်လို့ ပြောတဲ့အတွက် အနေအထိုင်နဲ့ အစားအသောက်ဆိုပြီး နှစ်ပိုင်းကွဲသွားပါတယ်။ အစားအသောက်မှာမှ အစားနဲ့အသောက်ဆိုပြီးလည်း နှစ်ပိုင်းထပ်ကွဲနေပါတယ်။

အစားအနေနဲ့ ကျန်းမာရေးနဲ့မညီတဲ့ အစာတွေကို ရှောင်ရမယ်၊ ကျန်းမာရေးနဲ့ညီတဲ့ အစာတွေကို စားပေးရမယ်။ ကျန်းမာရေးနဲ့မညီတဲ့ အစာတွေမှာ အဓိကအားဖြင့် ချိုလွန်း၊ ငံလွန်း၊ အဆီများလွန်းတဲ့ အစာတွေကို ရှောင်ကြဉ်ရမယ်။ ပြန်ကြော်ဆီ၊ ပြည့်ဝဆီတွေပါတဲ့ အစာတွေကို ရှောင်ရပါမယ်။ ဒါတွေက နှလုံးသွေးကြောကျဉ်းစေတယ်၊ အဝလွန်စေတယ်၊ အဝလွန်တော့ ဆီးချိုသွေးချိုဖြစ်နိုင်ခြေကို ပိုများလာစေပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်ကို များများစားပေးရပါမယ်။ ဖြစ်နိုင်ရင် ကိုယ်စားတဲ့ အစာတွေရဲ ့ တစ်ဝက်က ဟင်းသီးဟင်းရွက်ဖြစ်ရပါမယ်။ မပြည့်ဝဆီကို စားပေးရပါမယ်။

အသောက်ပိုင်းအနေနဲ့ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှုကို ရှောင်ကြဉ်ရပါမယ်။ အန္တရာယ် ဖြစ်စေနိုင်လောက်အောင် အရက်သေစာသောက်သုံးမှုကို ရှောင်ကြဉ်ရပါမယ်။ ရေဆာရင် ရေသောက်တာ အကောင်းဆုံးပါပဲ။ ဖြည့်စွက်အချိုရည်သောက်သုံးတာကို ရှောင်ကြဉ်ရပါမယ်။ အနေအထိုင်နဲ့ ပတ်သက်ရင် ကျန်းမာပျော်ရွှင်တဲ့ နေထိုင်မှုပုံစံရဖို့ဆိုရင်တော့ တစ်နေ့နာရီဝက်- တစ်ပတ် ၅ ရက်လောက် ပြင်းထန်မှုအသင့်အတင့်ရှိတဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးရပါမယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့နေရာမှာ ချွေးလေးပြန်လာမယ်၊ အသက်ရှူမြန်လာမယ်၊ နှလုံးခုန်နှုန်းမြန်လာမယ်၊ အဲဒီလောက်အထိ ပြင်းထန်မှုရှိဖို့ လိုပါတယ်။ အဲဒီလိုလုပ်ပေးရင် အကြိုဆီးချိုသွေးချိုရောဂါ အဆင့်ကနေ ဆီးချိုမဖြစ်အောင် ထက်ဝက်လျှော့ချနိုင်ပါတယ်။ ဘာမှမဖြစ်သေးတဲ့ သူအတွက်ဆိုရင် ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝရရှိမှာ ဖြစ်ပါတယ်။

Q. ဆီးချိုရောဂါဖြစ်နှုန်းက မြင့်တက်လာပါသလား ဆရာ။

A. နှစ်စဉ် ကိန်းဂဏန်းအချက်အလက်တွေအရ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းက လျော့သွားတယ်လို့ မရှိပါဘူး။ တိုးတက်လာတာချည်းပါပဲ။ ဒါက မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာလည်း ဒီအတိုင်းပါပဲ။ ဒါကလည်း အခြေအနေ ပြန်သုံးသပ်ကြည့်လိုက်တော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ပြည်သူလူထုကော၊ ကျန်းမာရေးစောင့်ရှောက်သူတွေဘက်ကပါ ပိုပြီးသိလာလို့ပါ။ သိလာတော့ ပိုပြီးစစ်ဖြစ်လာတယ်၊ စစ်တော့ ရောဂါတွေ ့တယ်။ နောက်တစ်ပိုင်းကတော့ တစ်ကမ္ဘာလုံးနဲ့ ပတ်သက်ရင် မြို ့ပြဆန်လာတယ်၊ မြို ့ပြဆန်တော့ အစားအသောက်ပုံစံတွေကလည်း ပြောင်းလဲလာတယ်။ အဆီများလွန်းတဲ့ အစားအစာ၊ အငန်များလွန်းတဲ့ အစားအစာ၊ အချိုများလွန်းတဲ့ အစားအစာတွေ ပိုများလာတယ်။ ရယ်ဒီမိတ် Fast Food တွေကို စားသုံးမှု ပိုများလာတယ်။ တစ်ဖက်ကတော့ အကြောင်းကြောင်းကြောင့် အလုပ်အကိုင် အနေအထားအရကော အလုပ်မအားကြတာကြောင့်ပါ ကိုယ်လက်လှုပ်ရှားအားကစား လုပ်တဲ့သူတွေက အရမ်းကိုနည်းသွားတယ်။ ခရီးနီးနီးလေးတောင် ကားစီးသွားလိုက်ကြတယ်။ လမ်းလျှောက်တာ သိပ်မရှိတော့ဘူး။ အထပ်မြင့်တက်မယ်ဆိုရင် ဓာတ်လှေကား စီးလိုက်ကြတယ်။ ဘယ်သူမှ လှေကားကနေ မတက်တော့ဘူး။ ဒီလိုပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံတင်မက တစ်ကမ္ဘာလုံးမှာပါ ဆီးချိုဖြစ်နှုန်းက မြင့်တက်လာတဲ့ အနေအထားအနေနဲ့ ရှိနေတာပါ။

Most Popular

Healthy Life Ad
To Top