Healthy Life Ad
Health Tips

သင်ချစ်တဲ့တစ်စုံတစ်ယောက် အကြောက်လွန်တဲ့စိတ် ခံစားရတဲ့အခါ သင်ဘယ်လိုနှစ်သိမ့်နိုင်သလဲ . . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ထိန်းမနိုင်သိမ်းမရ အကြောက်လွန်တဲ့စိတ် ခံစားရတာက လူတစ်ယောက်ကို အလွန်အမင်း ထိတ်လန့်စေပါတယ်။ လူတစ်ယောက်က ထိန်းမနိုင်သိမ်းမရ အကြောက်လွန်တဲ့စိတ် ခံစားရတဲ့အခါ သူတို့ခင်ပွန်းတွေ၊ ဇနီးတွေ၊ မိဘတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေအဖို့ ဘယ်လိုနှစ်သိမ့်ပေးရမယ်ဆိုတာ မသိကြတာများပါတယ်။ အဲဒီအခါ အကြောက်လွန်စိတ် ခံစားရသူအဖို့ အစွမ်းအစမဲ့သလို ခံစားရပြီး ဒီအခြေအနေထဲကနေ ရုန်းထွက်နိုင်ဖို့ မလွယ်တတ်ပါဘူး။ အောက်ပါအချက်တွေက ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက်က ထိန်းမနိုင်သိမ်းမရ အကြောက်လွန်စိတ်ခံစားရရင် ဘယ်လိုနှစ်သိမ့်ပေးသင့်တယ် ဆိုတာကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

alignnone size-medium wp-image-61370
(၁) စိတ်တည်ငြိမ်အောင် ပွေ့ဖက်နှစ်သိမ့်ပါ

လူတစ်ယောက်က မီးတောက်လောင်နေချိန်မှာ လောင်စာမပေးမိဖို့ အရေးကြီးပါတယ်။ ကြောက်စိတ်လွန်ကဲဝေဒနာ ခံစားရချိန်မှာ စိတ်ဖိစီးမှုပေးမိတာက အကြောက်လွန်စိတ် ခံစားရတဲ့ကြာချိန်ကို ပိုကြာစေတဲ့အပြင် ဝေဒနာပိုဆိုးစေပါတယ်။ ဒီအချိန်မှာ တည်တည်ငြိမ်ငြိမ် စကားပြောပြီး ပွေ့ဖက်နှစ်သိမ့်ပေးတာ အသင့်တော်ဆုံးပါ။

(၂) သူတို့ခံစားချက်ကို လျစ်လျူမရှုပါနဲ့

ထိန်းမနိုင်သိမ်းမရ အကြောက်လွန်စိတ်ခံစား ရတာက အန္တရာယ်မရှိရင်တောင်မှ နာကျင်ရတာက နာကျင်ရတာပါပဲ။ တချို ့လူတွေဆိုရင် ဗိုက်အောင့်တာ၊ မူးဝေတာ၊ အသက်ရှူမဝတာ၊ နှလုံးခုန်နှုန်းမြန်တာ စတဲ့ မသက်မသာ ဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။ ထိန်းမနိုင်သိမ်းမရ အကြောက်လွန်တဲ့ စိတ်ခံစားနေရသူကို “ဒါဟန်ဆောင်နေတာပါ”၊ “ဒါကိုစိတ်ထဲထားမနေပါနဲ့” စသဖြင့် မပြောသင့်ပါဘူး။ “မင်းအရမ်းကြောက်နေတယ်ဆိုတာ ကိုယ်သိပါတယ်၊ ဒါပေမဲ့ အခု မင်းနဲ့အတူ ကိုယ်ရှိတယ်လေ”ဆိုတာမျိုး၊ “ဒီကြောက်ရွံ ့မှုကို ကိုယ်တို့အတူ ဖြတ်ကျော်ကြမယ်”ဆိုတာမျိုး ပြောသင့်ပါတယ်။

(၃) သူတို့ဘာလိုအပ်သလဲဆိုတာ မေးမြန်းပါ

သူတို့ကို ဝေဖန်ပြစ်တင်တာ လုံးဝမလုပ်ဘဲ သူတို့ဘာလိုအပ်သလဲ၊ ဘာပံ့ပိုးပေးဖို့ လိုသလဲဆိုတာကို ကြည့်ပြီး ကူညီသင့်ပါတယ်။ သင့်အနေနဲ့ ဘာလုပ်ပေးရင် အကူအညီရမလဲဆိုတာကို ညင်ညင်သာသာ မေးမြန်းပါ။ ဘာမှမလုပ်ပေးစေချင်ရင် လက်ကိုဆုပ်ကိုင်ပြီး ဘေးမှာ ငြိမ်ငြိမ်လေးနေပေးပါ။

alignnone size-medium wp-image-61379
(၄) ဒါက မကြာခင် ပြီးသွားမှာပါဆိုတာ ထပ်ခါထပ်ခါပြောပေးပါ

ထိန်းမနိုင်သိမ်းမရ အကြောက်လွန်စိတ်က နာရီဝက်ထက် ပိုကြာတယ်ဆိုတာ ရှားပါတယ်။ အများစုက ပထမဆုံး ၂-၁၀ မိနစ်အတွင်း အမြင့်ဆုံးအထွဋ်အထိပ်ကို ရောက်သွားတတ်ပါတယ်။ ဒါကြောင့် အကြောက်လွန်စိတ် ခံစားရသူတွေကို အချိန်ခဏကြာရင် သက်သာသွားမှာ ဖြစ်တယ်ဆိုတာ နှစ်သိမ့်ပေးရပါမယ်။

alignnone size-medium wp-image-61372
(၅) ဒါက အန္တရာယ်မရှိကြောင်း သတိပေးပါ

ထိန်းမနိုင်သိမ်းမရ အကြောက်လွန်စိတ်က နှလုံးရောဂါ အမောဖောက်တာနဲ့ တူတယ်လို့ တချို ့လူတွေက ဆိုပါတယ်။ တကယ်မှာတော့ အကြောက်လွန်စိတ်ဖြစ်တဲ့သူတွေက အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးတော့ မဖြစ်တတ်ပါဘူး။ ဆိုးဆိုးရွားရွားလည်း မဖြစ်တတ်ပါဘူး။ ဒါကို ကာယကံရှင်သိအောင် မကြာခဏ ပြောပြပေးရပါမယ်။

(၆) အတူတူ အသက်ရှူသွင်းတဲ့ လေ့ကျင့်ခန်းလုပ်ကြည့်ပါ

အကြောက်လွန်စိတ်ကို ဖြေရှင်းနိုင်တဲ့နည်းတစ်ခုက ပုံမှန်အသက်ရှူသွင်းတဲ့ နည်းလမ်းကို လိုက်နာဖို့ပါ။ အကြောက်လွန်စိတ် ခံစားနေရချိန်မှာ အသက်ရှူဖို့ မေ့လျော့နေတတ်ပါတယ်။ အဲဒီအချိန်မှာ သူနဲ့အတူ အသက်ရှူလေ့ကျင့်ခန်းကို အတူတူလုပ်ဆောင်ပေးပါ။ လုပ်ရမယ့်နည်းက အသက်ရှူသွင်းတာကို အာရုံစိုက်ပါ။ မျက်လုံးတွေကို မှိတ်ထားပါ။ ဖြည်းဖြည်းချင်း နှာခေါင်းကနေ အသက်ရှူသွင်းပြီး ၁ မှ ၅ အထိ ရေတွက်ပါ။ ဖြည်းဖြည်းချင်း ပါးစပ်ကနေ ပြန်လည်အသက်ရှူထုတ်ကာ ၁ မှ ၅ အထိ ရေတွက်ပါ။ သူသက်သာလာတဲ့အထိ မိနစ်အတော်များများ လုပ်ဆောင်ပေးပါ။

(၇) ကြောက်စိတ်ကို မတွန်းလှန်ဘဲ အလိုလိုဖြတ်ကျော်နိုင်အောင် အကြံပေးပါ

အကြောက်လွန်စိတ် ခံစားရသူတစ်ဦးက လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားရင် အတင်းခေါ်ဖို့ မကြိုးစားပါနဲ့။ နည်းနည်းလေးများတဲ့ လူကြားကို အရင်ခေါ်သွားပါ။ ကြောက်စိတ်ကို အတင်းရင်ဆိုင်ခိုင်းတာထက် ဖြည်းဖြည်းချင်း ရင်ဆိုင်ကျော်လွှားနိုင်အောင် ကူညီသင့်ပါတယ်။

alignnone size-medium wp-image-61373
(၈) သူတို့ကို အတင်းမရင်ဆိုင်ခိုင်းပါနဲ့

လူတစ်ယောက်က သူသိပ်ကြောက်တဲ့အရာကို ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးရင် ဒီနည်းလမ်းကို သုံးပေးပါ။ သူတို့မြင်ချင်တဲ့အရာ ၄ မျိုး၊ သူတို့ထိတွေ့ဖို့ သဘောကျတဲ့ အရာ ၄ မျိုး၊ သူတို့ကြားချင်တဲ့ အသံသုံးမျိုး၊ သူတို့အနံ့ခံချင်တဲ့ အရာ ၂ မျိုး၊ သူတို့စားချင်တဲ့ အရသာတစ်မျိုးကို မေးပါ။ အဲဒီအရာတွေရှိနေတဲ့ နေရာမျိုးကို အရင်ဆုံးခေါ်သွားပြီးမှ ကြောက်စိတ်ဖြစ်စေတဲ့ အရာနဲ့ ထိတွေ ့ရင်ဆိုင်ခိုင်းပါ။

Most Popular

Healthy Life Ad
To Top