Healthy Life Ad
Health Tips

အခုနောက်ဆုံးအချိန်ပိုင်းမှာ ကျန်းမာရေးထိခိုက်စေတဲ့ အမှားတွေကို လုပ်မိခဲ့ပါသလား

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

လူတိုင်း ကျန်းမာတဲ့ဘဝကို လိုလားတတ်ပါတယ်။ အနာဂတ်ကာလကို မှန်းမျှော်ကြည့်ရာမှာလည်း အကောင်းတွေကိုပဲ မျှော်လင့်တတ်ကြပါတယ်။ အဲဒီလို ကျန်းမာရေးကောင်းတဲ့ ဘဝကို ပိုင်ဆိုင်စေဖို့ သင်ကမသိလိုက်ဘဲ အပြုအမူမှားတွေကို လုပ်မိနေသလား။ အခုနောက်ဆုံး နာရီပိုင်းကို ပြန်စဉ်းစားကြည့်လိုက်ပါ။ အောက်ပါအပြုအမူတွေကို လုပ်မိခဲ့သလားဆိုပြီး ဆန်းစစ်ကြည့်ကာ နောင်မလုပ်ဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။

မျက်နှာကို လက်ဖြင့်ပွတ်သပ်ထိတွေ့ခြင်း

ပျမ်းမျှအားဖြင့် လူတွေဟာ တစ်နာရီမှာ လေးကြိမ်နီးပါးလောက် သူတို့မျက်နှာကို သူတို့လက်နဲ့ ပွတ်သပ်ထိတွေ့နေတတ်တယ်လို့ အမျိုးသားကျန်း မာရေးတက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ ရုံးခန်းထဲက အိမ်သာထိုင်ခုံထက် အလုပ်စားပွဲပေါ် မှာ ဘက်တီးရီးယားတွေ ပိုများနေတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ ပိုးရှိတဲ့ ပရိဘောဂပစ္စည်းတွေကို ထိတွေ့လိုက်၊ မျက်နှာပေါ် ပိုးတွေတင်လိုက် ဖြစ်နေတတ်ပါတယ်။ ဒါဟာ သင့်ကို နာမကျန်းဖြစ်စေတဲ့ အပြုအမူတွေလည်း ဖြစ်ပါတယ်။ မျက်နှာကို ပွတ်သပ်ထိတွေ့တာကြောင့် ဝက်ခြံအဖုအပိမ့်တွေကိုလည်း ထင်စေနိုင်ပါတယ်။

ထိုင်ခုံနှင့်တင်ပါး မြဲနေအောင်ထိုင်ခြင်း

အထိုင်များတာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ လေ့လာမှုအများအပြားက ဖော်ပြထားပြီးသားပါ။ အထိုင်များတာကြောင့် အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်းနဲ့ စောစောသေဆုံးနိုင်တဲ့ အန္တရာယ်တွေကိုတောင် မြင့်တက်စေနိုင်ပါတယ်။ အလုပ်ခွင်မှာ တစ်နေ့ထိုင်ချိန် တစ်နာရီပိုများလာတိုင်း ခန္ဓာကိုယ်ချည့်နဲ့နိုင်ခြေ ၅၀ ရာခိုင်နှုန်း မြင့်တက်မှုရှိတယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ ပိုဆိုးတာက အထိုင်များလွန်းရင် စိတ်ချမ်းသာမှုကိုပါ ထိခိုက်စေတာပါ။ ဒါကြောင့် ထိုင်ချိန် မိနစ် ၃၀-၆၀ ကြာတိုင်း မိနစ်အနည်းငယ်လောက် ထရပ်လိုက်ပါ။ ဒါမှမဟုတ် လမ်းထလျှောက်လိုက်ပါ။

ဖေ့စ်ဘွတ်ခ်ကို မကြာခဏ ကြည့်နေမိခြင်း

ဖေ့စ်ဘွတ်ခ်စွဲတဲ့ အလေ့အထဟာ လူမှုရေး၊ အိမ်ထောင်ရေးနဲ့ စီးပွားရေးတင်မက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ချီလီလေ့လာမှုတစ်ခုအရ ဖေ့စ်ဘွတ်ခ်စွဲလန်းတာကြောင့် အိမ်ထောင်ကွဲနိုင်ခြေ များတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ဖေ့စ်ဘွတ်ခ်ကြောင့် ဇနီးမောင်နှံတွေအကြား သဝန်တိုမှု တိုးစေပြီး ယုံကြည်မှုလျော့ကျသွားလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အလုပ်စားပွဲတွင် သရေစာများ တင်ထားခြင်း

အလုပ်စားပွဲပေါ်မှာ သရေစာမုန့်တွေ၊ အချိုရည်တွေ တင်ထားတာက သင့်ခါးအရွယ်အစားအပေါ် သက်ရောက်မှုရှိပါတယ်။ အလုပ်လုပ်ရင်း အစာကို မကြာခဏ စားလေ့ရှိသူတွေဟာ ကယ်လိုရီတိုးလာပြီး ကိုယ်အလေးချိန် ပိုမိုမြင့်တက်လာတတ်တယ်လို့ လစ်ဗာပူးတက္ကသိုလ် လေ့လာမှုအရ သိရပါ တယ်။ အစာစားနေစဉ် အလုပ်မျိုးစုံလုပ်တာကို ရှောင်ပါ။ အစာစားချိန်မှာ အစာကိုပဲ အာရုံစိုက်ပြီး စားသင့်ပါတယ်။

မျက်စိကို ပွတ်သပ်ခြင်း

မျက်စိကို ပွတ်သပ်တာကြောင့် မျက်စိစွန်ဖုဖြစ်တတ်သလို မျက်ကြည်လွှာအားနည်းပါးလွှာမှု ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေဖြစ်လာရင် လေဆာနည်းနဲ့ ကုသလို့မရနိုင်တဲ့အထိ ဖြစ်တတ်တယ်လို့ ဝိတ်ခ်ဖောရက်စ်တက္ကသိုလ်မှ မျက်စိအထူးကု ပါမောက္ခကိတ်က ဆိုပါတယ်။ မျက်စိယားယံရင် ရေနဲ့မျက်စိကို အသာအယာဆေးကြောလိုက်ပါ။ မျက်စိက မကြာခဏယားယံတာ၊ ခြောက်သွေ့တာနဲ့ မသက်မသာဖြစ်တာတို့ ခံစားရရင် မျက်စိအထူးကုဆရာဝန်နဲ့ပြသပြီး ပုံမှန်အသုံးပြုနိုင်တဲ့ မျက်စဉ်းဆေးကို ဆောင်ထားသင့်ပါတယ်။

အလုပ်နေရာ ရှုပ်ပွနေခြင်း

အလုပ်စားပွဲဟာ သင့်ကျန်းမာရေး အခြေအနေအပေါ် လွှမ်းမိုးနေပါတယ်။ မင်နီဆိုတားတက္ကသိုလ်ရဲ ့ လေ့လာမှုအရ ရှုပ်ပွနေတဲ့ အလုပ်နေရာနဲ့ သန့်ရှင်းတဲ့ အလုပ်နေရာမှာ အလုပ်လုပ်နေသူတွေကို နှိုင်းယှဉ်လေ့လာကြည့်ခဲ့တဲ့အခါ အလုပ်နေရာ အစီအစဉ်ကျပြီး သပ်ရပ်သူတွေက ဆုံးဖြတ်ချက်ကို ကောင်းကောင်းချမှတ်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

ဆီးသွားချင်စိတ်ကို အောင့်ထားခြင်း

ခန္ဓာကိုယ်ရဲ ့ သဘာဝအချက်ပြသံကို လျစ်လျူရှုမိနေပါသလား။ ဆီးအောင့်ထားတာကြောင့် ဆီးလမ်းကြောင်းနဲ့ ဆီးအိတ်ပိုးဝင်တဲ့ ပြဿနာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ နောက်ပိုင်းမှာ ဆီးအိတ်ထိန်းချုပ်ရာမှာ အသုံးဝင်တဲ့ ကြွက်သားတွေကို အားနည်းစေတာကြောင့် ဆီးမထိန်းနိုင်တဲ့ ပြဿနာကိုပါ ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top