Healthy Life Ad
Q & A

ဓာတ်စာအကြောင်း သိချင်လို့ပါ . . .

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. အခုအခါ ဈေးကွက်အတွင်း ကြော်ငြာကောင်းကောင်းနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ နိုင်ငံပေါင်းစုံ (အထူးသဖြင့် ထိုင်ဝမ်၊ တရုတ်၊ ဂျပန်)က ဈေးကြီးစွာနဲ့ ဓာတ်စာဆိုတဲ့ ဆေးဝါးတွေ လိုက်လံရောင်းချလျက်ရှိပါတယ်။ အဲဒီဓာတ်စာဆေးဝါးတွေက FDA ခွင့်ပြုချက်နဲ့ မှတ်ပုံတင်ပြီး တရားဝင်ရောင်းချတာလား၊ အစွမ်းထက်ဓာတ်စာဆေးဝါးဖြစ်လား၊ ဓာတ်စာဆေးဝါးနဲ့ သာမန်ရောဂါကုဆေးဝါး ဘယ်လိုကွဲပြားသလဲ။ စားသုံးသူအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူစားသုံးသင့်ပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတားမြို ့နယ်။

A. ဒါနဲ့ပတ်သက်ပြီး ဆရာသိသလောက် ပြောရမယ်ဆိုရင် သဘာဝဓာတ်စာဆိုတာ Food Supplement လို့ ခေါ်ပါတယ်။ ဒါက ဆေးဝါးအုပ်စုထဲမှာ မပါပါဘူး။ Over The Counter အဖြစ် ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးညွှန်းမပါဘဲ ဝယ်လို့ရတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ရိုးရိုးအစားအသောက် ဖြန့်ချိတဲ့ အမျိုးအစားထဲမှာ အကျုံးဝင်တဲ့အတွက် ဘယ်သူမဆို လွတ်လွတ်လပ်လပ် ဝယ်လို့ရပါတယ်၊ သုံးစွဲလို့ရပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင် ဖြည့်စွက်အာဟာရဆိုတာ ကြာရှည်ခံအောင် သုံးစွဲထားတဲ့ ဓာတုပစ္စည်းတွေ ပါနေတာပဲ။ ဒီတော့ ဖြည့်စွက်ထဲမှာပါတဲ့ ဓာတ်တွေကို လတ်လတ်ဆတ်ဆတ်နဲ့ အပြင်ကနေရနေတဲ့ သူတွေအတွက်ဆိုရင်တော့ အပိုပါပဲ။ မလိုအပ်ပါဘူး။ အသီးအရွက်၊ အသီးအနှံကို ပုံမှန် လုံလုံလောက်လောက် စားနေတဲ့သူတွေအတွက်ဆိုရင် ဘာဖြည့်စွက်အာဟာရမှ မလိုပါဘူး။ ဖြည့်စွက်အာဟာရမှာပါတဲ့ ဓာတ်တွေကိုကြည့်ရင် ခန္ဓာကိုယ်မှာ မတည်ဆောက်နိုင်တဲ့ ပစ္စည်းတွေ ဥပမာ ဗီတာမင်တွေ ပါတတ်ပါတယ်။ အသီးအရွက်၊ အသီးအနှံကို ပုံမှန်မစားတဲ့သူတွေ၊ အသက်ကြီးသူတွေ၊ ကျောက်ကပ်သမားတွေ၊ ဆီးချိုသမားတွေဆိုရင် သူတို့တွေရဲလိုအပ်ချက်အလိုက် ထုတ်ထားတဲ့ ဖြည့်စွက်စာအာဟာရဆိုတာလည်း ရှိပါတယ်။ ဒါမျိုးတွေကတော့ ဆရာဝန်ညွှန်ကြားချက်အရ သောက်သင့်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါလည်း လိုအပ်တယ်ထင်ရင် သောက်လို့ရပါတယ်။ ခြုံပြောရရင် ဖြည့်စွက်အာဟာရတွေက ဆေးဝါးမဟုတ်ပါဘူး။ ကျန်းမာတဲ့သူတွေက ပိုပြီးကျန်းမာချင်လို့ ဖြည့်စွက်အာဟာရ ဓာတ်စာမှီဝဲမယ်ဆိုရင် သိပ်ပြီးအကျိုးမရှိပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နေတဲ့သူတွေမှာတော့ ဖြည့်စွက်အာဟာရ ဝယ်ယူသုံးစွဲမယ်ဆိုရင် (၁) ကိုယ်ပြနေကျ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်၊ (၂) ကိုယ်ကျန်းမာချင်လို့ စားမယ်ဆိုရင် ဒါတွေကို တစ်သက်လုံးစားသွားမှာလား၊ စားတဲ့အချိန်ပဲ အကျိုးရှိပါမယ်။ အကောင်းဆုံးကတော့ သုံးစွဲချင်တယ်ဆိုရင် ကိုယ့်ရောဂါအလိုက် ပြသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဖြည့်စွက်စားသောက်မယ်ဆိုရင် ပိုအကျိုးရှိပါတယ်။ ဒီလိုဖြည့်စွက်အာဟာရတွေက လူအတွက်အန္တရာယ်မရှိရင် FDA က ခွင့်ပြုမှာပဲ။ ဒါပေမဲ့ ဒီဖြည့်စွက်အာဟာရတွေသောက်လို့ ရောဂါပျောက်တယ်ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။

Most Popular

Healthy Life Ad
To Top