Healthy Life Ad
Health Tips

ဆုံးရှုံးမှုကို အနိုင်ယူခြင်း

———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊———

ဆုံးရှုံးခြင်းဝေါဟာရမှာ “ဆုံး” နဲ့ “ရှုံး” စကားလုံးနှစ်မျိုးပူးတွဲထားတာကို တွေ့ရပါတယ်။ ဆုံးက ကျဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ကုန်ဆုံးခြင်းနဲ့ သက်ဆိုင်တယ်။ ဥပမာ – မိသားစုဝင်တစ်ဦးဦး သေဆုံးခြင်း၊ ပစ္စည်းဥစ္စာ ပျက်စီးကုန်ဆုံးခြင်း စသဖြင့်ပါ။ ရှုံးက မအောင်မြင်ခြင်း၊ ပြိုပွဲတစ်ခုခုမှာအနိုင်မရရှိခြင်းနဲ့ သက်ဆိုင်တယ်။ ဥပမာ – စာမေးပွဲကျခြင်း၊ ဘော်လုံးပွဲမှာ အနိုင်မရခြင်း စသဖြင့်ပေါ့။ ဆုံးရှုံးရခြင်း (Loss / Failure) အတွေ့အကြုံနဲ့ ရင်ဆိုင်ရရင် ပူဆွေးတမ်းတမှု (Grief) ကို ခံစားရတယ်။ စိတ်ကျန်းမာရေးဆေးပညာမှာ ပူဆွေးတမ်းတမှုအဆင့် (၅) ဆင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ပထမအဆင့်ကို ငြင်းပယ်ခြင်း (Denial) အဆင့်လို့ခေါ်တယ်။ အဖြစ်မှန်ကိုလက်မခံနိုင်ဘဲ ငြင်းဆန်ကန့်ကွက်ခြင်း ဖြစ်တယ်။ ဒီအဆင့်မှာ ကာယကံရှင်ရဲ ့ စိတ်ထဲမှာ ထုံထိုင်းသွားတယ်။ ငါအဖေမသေသေးဘူး၊ “ငါရှုုံးတာမဖြစ်နိုင်ဘူး”၊ “ငါမယုံဘူး” စတဲ့ အတွေးတွေထဲမှာ နစ်မြုပ်တွေဝေနေတယ်။ ဘာကိုမှ အသိချင်ဘူး။ ဘာကိုမှ ခံစားတုံ့ပြန်နိုင်မှုမရှိဘူး။ ရွေးကောက်ပွဲရလဒ်ကို သိရတဲ့ညမှာ လက်ရှိအမေရိကန်သမ္မတ ခံစားရသလိုပါ။ အခြေအနေမှန်ကို ငြင်းပယ်နေတာက ဆုံးရှုံးမှုဒဏ်ကို မခံနိုင်လို “အသိစိတ်”ဗုန်းဗုန်း လဲကျမသွားအောင်၊ မသိစိတ်က အကာအကွယ်ပေးတာလို့ ဆိုပါတယ်။ စိတ်ပညာမှာ အဲလိုဖြစ်စဉ်ကို စိတ်ခံတပ်နည်းပရိယာယ် (Defense Mechanism) လို့ခေါ်တယ်။

ဒါပေမဲ့ အမှန်တရားကို ကြာရှည်ဖုံးကွယ်ထားလို မရပါဘူး။ အဖြစ်မှန်ကို တဖြည်းဖြည်း လက်ခံလာရတယ်။ “အဖေလူ့ပြည်မှာမရှိတောဘူး” ဆိုတာကို လက်ခံလာပေမယ့် ဆုံးရှုံးရတဲ့ နာကျင်မှုကို မဖြေဖျောက်နိုင်သေးဘူး။ နာကျင်တာနဲ့ အတူနာကြည်းနေတဲ့ စိတ်ခံစားမှုတွေက လွှမ်းမိုးနေတယ်။ အဲဒီပူဆွေးတမ်းတမှုအဆင့်ကို နာကြည်းခြင်းအဆင့် (Pain/ Anger) လို့ ခေါ်တယ်။ ဒီအဆင့်မှာ ဒေါသစိတ်ပြင်းပြနေတယ်။ ဒေါသစိတ်က ပတ်ဝန်းကျင်က လူတွေဆီကို မြားဦးတည်လာတယ်။ ကုသပေးတဲ့ ဆရာဝန်၊ သူနာပြုတွေကို အပြစ်တင်မယ်။ ဘော်လုံးပွဲရှုံးတဲ့အသင်းက ဒိုင်လူကြီးကို ကြိမ်းမောင်းမယ်။

စာမေးပွဲကျတဲကျောင်းသားက ကျောင်းဆရာ၊ ဆရာမကို အပြစ်ဖို့မယ်။ ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ လက်ရှိအမေရိကန်သမ္မတက ရွေးကောက်ပွဲစနစ်နဲ့ ကြီးကြပ်ပေးတဲ့ ရွေးကောက်ပွဲအရာရှိတွေကို ရှုံ ့ချပြစ်တင်နေတာမျိုး ဖြစ်ပါတယ်။ ဒီအဆင့်မှာ စိတ်ခံစားတုံ့ပြန်မှု ပိုမိုဆိုးရွားလာရင် မင်းသားမလုပ်လို့ ပတ်မကြီးကို ထိုးဖောက်ချင်စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။

ပူဆွေးတမ်းတခြင်း တတိယအဆင့်ကို ညှိနိုင်းအဖြေရှာခြင်းအဆင့် (Bargaining) လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာ ဆုံးရှုံးရတဲ့ အဖြစ်မှန်ကို ဓမ္မဓိဋ္ဌာန်ကျကျ ငြင်းဆန်လို့မရတော့ဘူး။ ဒါပေမဲ့ ကာယကံရှင်ရဲ ့ စိတ်ထဲမှာ အခြေအနေကို အရှိအတိ်ုးလက်ခံဖို့ ခက်ခဲနေတယ်။ ဝန်မခံနိုင်သေးဘူး။ လက်လွှတ်ရမှာကို ကြောက်နေတယ်။ လက်ရှိအမေရိကန်သမ္မတ ပြောသလို့ပေါ့ “ ငါ့ပြိုင်ဘက်နိုင်တယ်။ ဒါပေမဲ့ ငါဝန်မခံသေဘူး။ အရှုံးမပေးသေးဘူး တဲ့။ ဒါကြောင့် ဒီအဆင့်မှာ စိတ်သက်သာမှုရရှိအောင် သို့လောသို့လော စဉ်စားတွေးတောလာတာ ရှိပါတယ်။

“အဖေကို စောစောကတည်းက ဆေးရုံပို့လိုက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ ရှေ ့တန်းတိုက်စစ်မှုးကို အချိန်မီ လူလဲကစားလိုက်ရင် ငါတို့အသင်းအနိုင်ရနိုင်တယ် “ဆိုတဲ့ အတွေးမျိုးတွေ ဖြစ်ပါတယ်။ တချို ့ကတော့ ဆုံးရှုံးရတာကို လျော်ကြေးတောင်းဖို့ ဆွေးနွေးညှိနိုင်မယ်။ ဥပမာ – ဆရာဝန်ကို လူနာရှင်က တရားစွဲဆိုတာမျိုး ဖြစ်တယ်။ လက်ရှိအမေရိကန်တမ္မတက တရားရုံးအဆင့်ဆင့်မှာ အယူခံဝင်နေတာမျိုးကိုလည်း ညှိနှိုင်းအဖြေရှာခြင်းအဆင့်လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါက ဆုံးရှုံးတဲ့ဒဏ်ကို မခံနိုင်လို့ စိတ်သက်သာအောင် ဆောင်ရွက်တာပါ။ စိတ်ဖိစီးမှုဒဏ် လျော့နည်းအောင် ညှိနိုင်းနိုင်မှု ခုခံနိုင်မှုမရှိတော့တဲ့အဆင့်ကို ရောက်လာနိုင်တယ်။ ဒီလိုအခြေအနေမှာ ဒေါသစိတ်က အတွင်းကို မြားဦးလှည်လာတယ်။ မိမိကိုယ်မိမိ အပြစ်တင်မယ်။ ခုခံတိုက်ခိုက်နိုင်အားမရှိ ဖြစ်လာမယ်။ မျှော်လင့်ချက်ကုန်ဆုံးသလို ခံစားလာရတယ်။ အဲလိုပူဆွေးတမ်းတမှုအဆင့်ကို စိတ်ဓာတ်ကျခြင်းအဆင့် (Depression) လို့ခေါ်တယ်။ အဲဒီအဆင့်မှာ ကြာရှည်သောင်တင်ရင်၊ စိတ်ကျရောဂါ ဖြစ်ပွားလာနိုင်ပါတယ်။

ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရသူတိုင်း ပူဆွေးတမ်းတမှုအဆင့်ဆင့်ကို ခံစားရကြရပါတယ်။ နဂိုမူလ စိတ်နေသဘောထား ကိုယ်ရည်ကိုယ်သွေး အင်္ဂါရပ်ပေါ် မူတည်ပြီး တုံ့ပြန်မှုအတိုင်းအတာ ကွဲပြားခြားနားနိုင်တယ်။ တချို ့ရက်ပိုင်းအတွင်း အနည်းငယ်သာ ခံစားရမယ်။ တစ်ချို ့ကတော့ ပူဆွေးတမ်းတမှုကို ကြာရှည်စွာခံစားမယ်။ ပူဆွေးတမ်းတခြင်း အဆင့်ဆင့်မှာ ဆိုးဆိုးရွားရွား ဖိစီးမှုဒဏ် ခံစားရရင် ဒါမှမဟုတ် အရှိန်မသေဘဲ ရက်သတ္တပတ် ၆ ပတ်ထက်ကျော်လာရင်၊ ရောဂါဆန်တဲ့ ပူဆွေးတမ်းတခြင်း (Pathological Grief) လို့ သတ်မှတ်ပါတယ်။ ဆုံးရှုံးမှုကို အသိစိတ်ကသာမကဘဲ စိတ်ခံစားမှုကပါ ကြည်ကြည်ဖြူဖြူ လက်ခံလာရင် အဲဒီအဆင့်ကို ဆုံးရှုံမှုလက်ခံသောအဆင့် (Acceptance) လို့ခေါ်တယ်။ ဒီအဆင့်မှာ ဆုံးရှုံးလို့ ခံစားရတဲ့ နာကျည်းမှုတွေ မရှိတော့ဘူး။ ဒေါသမီးချုပ်ငြိမ်းသွားပြီ။ မရရတဲ့နည်းနဲ့ တိုက်ခိုက်အနိုင်ယူချင်စိတ်တွေ လျော့နည်းသွားပြီ။ အနာဂါတ်အတွက် လက်တွေ့ကျကျ ဆင်ခြင်စဉ်းစားနိုင်လာပြီ။ ဥပမာ – ခင်ပွန်းသေဆုံးသွားပြီးရင် ကျန်ရစ်ခဲ့တဲ့ ဇနီးက ဘဝကို ဘယ်လိုရုန်းကန် လျှောက်လှမ်းမလဲဆိုတာကို စဉ်းစားနိုင်လာပြီ။ စိတ်ဓာတ်ရင့်ကျက်တဲ့ နိုင်ငံရေးသမားက နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို စတင်နိုင်လာပြီ။ ဆုံးရှုံးမှုကို လက်ခံနိုင်တဲ့ အဆင့်အထိမရောက်ရင် ပူဆွေးတမ်းတမှု လုပ်ငန်းပြေလည်မှုမရှိဘူးလို့ ယူဆပါတယ်။ ရောဂါဆန်တဲ့ ပူဆွေးတမ်းတခြင်း ဖြစ်လာပါတယ်။ ဒါကြောင့် ဆုံးရှုံးမှုနဲ့ ကြုံတွေ့ရသူတချို ့က အပြင်းစိတ်ဖောက်ပြန်ခြင်း (Acute Psychosis) သံသယစိတ်လွန်ကဲရောဂါ (Delusional Disorder) စိတ်ကျရောဂါနဲ့ အရက်စွဲ၊ မူးယစ်ဆေးစွဲရောဂါများ ဖြစ်ပွားလာတာကို တွေ့ရှိရတယ်။ ဒီတော့ ဆုံးရှုံးမှုဒဏ်ခံရရင် ပူဆွေးတမ်းတခြင်း အမြန်ပြေလည်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ ပူဆွေးတမ်းတမှု ပြေလည်အောင် ပံ့ပိုးဆောင်ရွက်ပေးတဲ့ စိတ်ကုထုံးကို (Grief Work) လို့ခေါ်တယ်။

ဒီကုထုံးမှာအသုံးပြုတဲ့ အခြေခံရည်ညွှန်းချက်တွေကို မည်သူမဆို လိုက်နာအသုံးပြုနိုင်ပါတယ်။ ဆုံးရှုံးရမှုကို အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားရတယ်။ စုပေါင်းဆွေးနွေးခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ ပူဆွေးတမ်းတနေစဉ်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားတုံ့ပြန်မှုတွေကို သတိထားကြည့်ရှုရမယ်။ ဖွင့်ဟပြောဆိုရမယ်။ မူမမှန်တဲ့ စိတ်ခံစားမှုတွေကို သတိထားမိရင် ထိန်းချုပ်ဖို့ကြိုးစားရမယ်။ ဥပမာ – သံသယစိတ်များလာရင် အဲဒီလို ယုံကြည်မှုကိုဆန့်ကျင်တဲ့ အချက်အလက်များနဲ့ အစားထိုးစဉ်းစားကြည့်ခြင်း။ စိတ်တိုနေရင် ဒေါသထိန်းချုပ်နည်းများကို လေ့ကျင့်ခြင်း။ ပူပင်သောကများလာရင် စိုးရိမ်စိတ်ဖြေဖျောက်နည်းကို အသုံးပြုခြင်း စသဖြင့်ပါ။ ဗုဒ္ဓဘာသာကို အမှန်တကယ် ကိုးကွယ်လိုက်နာတယ်ဆိုရင် တရားနဲ့ဖြေတဲ့နည်းကလည်း ထိရောက်ပါတယ်။

ဆုံးရှုံးရတဲ့ အကြောင်းရင်းမှန်ကို နားလည်အောင်ကြိုးစားရမယ်။ စိတ်လှုပ်ရှားနေတဲ့အချိန်မှာ သတင်းမှားတွေကို လက်ခံယုံကြည်တတ်တယ်။ လျှို ့ဝှက်ကြံစည်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲမှု (Conspiracy Theory) မျိုးကို လက်မခံဘဲ ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်စဉ်းစားနည်းကို သုံးရတယ်။ ဆုံးရှုံးရတဲ့ အတွေ့အကြုံ ရရှိပြီးနောက်ပိုင်းမှာ ဆက်လက်နေထိုင်ရမယ့်ဘဝအတွက် စတင်စဉ်းစားရမယ်။ ပြင်ဆင်ရမယ်။ ပူဆွေးတမ်းတမှု ပြေလည်အောင် ဆောင်ရွက်ဖို့၊ ရောဂါဆန်တဲ့ ပူဆွေးတမ်းတမှုမျိုး ဖြစ်ပွားမလာစေဖို့ ကြိုးစားတဲ့အခါ အကူအညီလိုအပ်ပါတယ်။ မိသားစုဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများနဲ ့ အကြံဉာဏ်ကောင်း ပေးနိုင်သူများရဲ ့ ကူညီပံ့ပိုးမှုကို ရယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top