Healthy Life Ad
Health Tips

ခြေထောက်တစ်ဖက်ကြီးနေသည့် အမျိုးသမီးကို ကင်ဆာကုထုံးဖြင့် ကုသအောင်မြင်ခဲ့

———၊ ကိုထက် ၊———

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အာရီနာဖာရိုဟာ မွေးရာပါရောဂါတစ်မျိုးကြောင့် သူရဲ့ခြေထောက်တစ်ဖက်ဟာ သာမန်အရွယ်ထက် နှစ်ဆပိုကြီးနေကာ လမ်းမလျှောက်နိုင်ဘဲ အိပ်ရာထဲမှာပဲ နေခဲ့ရပါတယ်။ နေတိုင်းနာကျင်မှုတွေကြောင့် ဆေးတွေလည်း မှီဝဲနေရကာ၊ ခွဲစိတ်မှုများစွာ ခံယူခဲ့ပေမယ့် သက်သာပျောက်ကင်းမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သူ့ကို ကင်ဆာဆေးတစ်မျိုး တိုက်ကျွေးပြီး ကုသမှုပြုလုပ်ခဲ့ရာမှာ အောင်မြင်မှုရှိခဲ့တယ်လို့ သိရပါတယ်။

သူဟာ မွေးရာပါ ခြေလက်ရှိသွေးကြောတွေ မူမမှန်တဲ့ဝေဒနာတစ်မျိုး ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဒီရောဂါဟာ မွေးရာပါဖြစ်ပွားလေ့ရှိတဲ့ ရောဂါဖြစ်ပြီး မွေးမွေးချင်း ခြေထောက်၊ လက်တွေမှာ အနီကွက်ကြီးတွေ ပါလာတတ်ပြီး ဆိုးရွားတဲ့ အခြေအနေမဖြစ်နိုင်ပါဘူး။ ခြေတွေ၊ လက်တွေရှိ သွေးကြောတွေ တဖြည်းဖြည်းကြီးလာပြီး ကြွက်သားတွေ ရောင်ရမ်းလာကာ အရေပြားတွေလည်း ပျက်စီးလာပါတယ်။ ထိုမှတဆင့် အရေပြားပိုးဝင်တဲ့ နောက်ဆက်တွဲဝေဒနာတွေလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဖာရိုဟာ မွေးကတည်းက ခြေထောက်တစ်ဖက်မှာ အနီရောင်အမာရွတ်လိုမျိုး အကွက်ကြီး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ သူနှစ်လသားအရွယ်မှာ အနာရင်းလာပြီး ရောဂါလက္ခဏာတွေ စတင်ဖြစ်ပွားလာတယ်လို့ သိရပါတယ်။ သူ့ခြေထောက်ရှိ သွေးကြောတွေ၊ အရေပြားတွေအကုန်လုံး ရောင်ရမ်းလာပြီး တင်ပါးနဲ့ ပေါင်ခြံတွေမှာလည်း အဖုအကျိတ်တွေ ဖြစ်လာခဲ့ပါတယ်။ သူ့အသက် ၁၄ နှစ်အရွယ်မှစပြီး ရောဂါအခြေအနေ ပိုမိုဆိုးရွားလာကာ အလွန်နာကျင်နေတဲ့အတွက် နေ့စဉ် မော်ဖင်းဆေးတွေ မှီဝဲနေခဲ့ရပါတယ်။ လမ်းလည်းမလျှောက်နိုင်တဲ့အတွက် ဘီးတပ်ကုလားထိုင်နဲ့ ကျောင်းသွားခဲ့ရပြီး အချိန်များစွာကို အိပ်ရာပေါ်မှာသာ ကုန်လွန်ခဲ့ရတယ်လို့ သိရပါတယ်။

“ကျောင်းသွားရမှာလည်း စိတ်ညစ်ပါတယ်၊ အထူးသဖြင့် ကောင်လေးတွေရှေ ့ဖြတ်ရမှာ အရမ်းရှက်တယ်၊ အပြင်မှာတော့ နေသားကျနေပြီး ပျော်ပျော်နေနိုင်တယ်ဆိုတဲ့ ပုံစံလုပ်နေပေမယ့် စိတ်ထဲမှာ အရမ်းကိုစိုးရိမ်စိတ်တွေ၊ ဝေဒနာတွေနဲ့ စိတ်ဓာတ်တွေလည်း အရမ်းကျနေခဲ့ပါတယ်”လို့ ဖာရိုက ပြောပြခဲ့ပါတယ်။

သူရဲ ့အရေပြားတွေ ပျက်စီးနေတဲ့အတွက် ပိုးဝင်ပြီး တစ်လကို ၃ ခါလောက် ဆေးရုံတက်နေခဲ့ရပါတယ်။ သူရဲ ့ဆယ်ကျော်သက်အရွယ် ဘဝလေးဟာ ကုတင်ပေါ်မှာကုန်လွန်ခဲ့ပြီး ခွဲစိတ်ကုသမှုပေါင်း ၅၀ ခန့် ခံယူခဲ့ရပါတယ်။

မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ဖာရိုဟာ မမျှော်လင့်ဘဲ ဒုက္ခတွေကင်းလွတ်မယ့် လမ်းစကို တွေ့လိုက်ရပါတယ်။ ဘောစတန်ကလေးဆေးရုံရှိ ဆရာဝန်တွေက သူ့ကို ကင်ဆာကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေနဲ့ စမ်းသပ်ကုသရာမှ ထိရောက်မှုရှိခဲ့ပြီး သူရဲ ့ခြေထောက် ရောင်ရမ်းကြီးထွားနေတာတွေ လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ဆရာဝန်တွေက ကုသမှု အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောပြခြင်းမရှိဘဲ သူ့ကို ဒီနည်းနဲ့ ကုသနေတာ ၁ နှစ်ခန့်ရှိပြီဖြစ်ပြီး အောင်မြင်မှုရှိတယ်လို့ သိရပါတယ်။

“နေ့တိုင်းသောက်နေရတဲ့ မော်ဖင်းတွေကို ဆရာဝန်က ဖြည်းဖြည်းချင်း လျှော့တိုက်လာခဲ့တာ အခုတော့ လုံးဝကို မသောက်ဘဲနေရတော့မှာပါ၊ ခွဲခန်းထဲ ထပ်မဝင်ရတော့ဘူး၊ ဆေးတွေပေါ်လည်း မှီခိုမနေရတော့ဘူး၊ သူများတွေလို သွားလာနိုင်တော့မယ်၊ ၁၄ နှစ်လောက်ခံစားလာရတဲ့ ဝေဒနာတွေ ပျောက်သွားတယ်ဆိုတော့ ဘယ်လောက်ပျော်နေတယ်ဆိုတာ ပြောမပြတတ်လောက်အောင်ပါပဲ”လို့ သူကပြောပြခဲ့ပါတယ်။

ဒီရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးကြောဖွံ့ဖြိုးမှု မူမမှန်ခြင်းကြောင့်လို့သာ သိထားပြီး အကြောင်းရင်း တိတိကျကျ မသိရှိကြသေးဘူးလို့ ဆိုပါတယ်။ မွေးရာပါ ရောဂါတစ်မျိုးဖြစ်ပြီး ပျောက်ကင်းအောင် မကုသနိုင်သေးပါဘူး။ ရောဂါရဲ ့ နောက်ဆက်တွဲဝေဒနာတွေကိုသာ လျော့ပါးသက်သာအောင် ကုသမှုပြုလုပ်ပေးနိုင်တယ်လို့ ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။

(Ref;DM 19-7-19)

Most Popular

Healthy Life Ad
To Top