Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ချိန်တွင် ဆံကေသာနှင့် အသားအရေပြောင်းလဲမှု

———၊ ငွေကြယ်စင်ယံ ၊———

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေက အသားအရေကြည်လင်တောက်ပလာတယ်လို့ ထင်ရပေမယ့် ဆံကေသာနဲ့ အရေပြားမှာ မျှော်လင့်မထားတဲ့ သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။

အသားအရောင်ရင့်လာခြင်း

အရေပြားပေါ်က အပြောင်းအလဲဟာ ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၂၀ လောက်အကြာမှာ စတင်သိသာလာပါတယ်။ သင့်အသားအရေက ညိုလေလေ၊ အသားအရေအပြောင်းအလဲ ဖြစ်နိုင်ခြေများလေလေပါပဲ။ အသားဖြူတဲ့သူတွေ၊ ပင်ကိုဆံပင်အရောင်နီတဲ့သူတွေ ကိုယ်ဝန်ဆောင်ရင် ထင်ရှားတဲ့ အပြောင်းအလဲကို သိသိသာသာ မတွေ့ရပါဘူး။

နို့သီးခေါင်းတွေက အရောင်ပိုရင့်လာပါတယ်။ နို့သီးခေါင်းတွေက ပိုကြီးလာပြီး ပိုထင်ရှားလာပါတယ်။ ရင်ဘတ်နဲ့ ဝမ်းဗိုက်အလယ်မှာ ကန့်လန့်ဖြတ်ရှိနေတဲ့ အညိုရောင်လိုင်းကြီးတစ်ခုက သိသာထင်ရှားနေတတ်ပါတယ်။ တချို့အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်နေရင် မျက်နှာမှာ အကွက်တွေပေါ်တာ၊ ပုံမှန်မဟုတ်တာ စတဲ့ မျက်နှာဖုံးစွပ်ထားသလို အပြောင်းအလဲဖြစ်တတ်ပါတယ်။

အသားအရေခြောက်ခြင်း

သင့်အသားအရေကခြောက်ရင် ဒါမှမဟုတ် ယားနေရင် အစိုဓာတ်ထိန်းပေးတဲ့ ရေချိုးဆပ်ပြာနဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ သင့်အသားအရေက တစ်ချိန်လုံး အလွန်အမင်း ယားယံနေရင် Cholestasis လို့ခေါ်တဲ့ အခြေအနေကို ဖြစ်စေနိုင်ပြီး အသည်းနဲ့ကျောက်ကပ်တို့ကို ထိခိုက်စေပါတယ်။ ဒီအခြေအနေဟာ ဗိုက်ထဲက သန္ဓေသားအတွက်လည်း အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ဗိုက်ကြောပြတ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်တာက ကိုယ်ဝန်ဆောင်ကာလခြောက်လမှာ ဖြစ်တတ်ပါတယ်။ ဗိုက်မှာ အဖြစ်အများဆုံးဖြစ်ပြီး ရင်သားနဲ့ ပေါင်တွေမှာလည်း အကြောပြတ်တတ်ပါတယ်။ အရေပြားမှာရှိတဲ့ အီလက်စတစ်ဖိုင်ဘာအမျှင်တွေ ကျိုးတဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး စစချင်းနီမြန်းကာ တစ်လလောက်အကြာမှာ ငွေရောင်လိုလို မီးခိုးရောင်လိုလို ဖျော့တော့သွားတတ်ပါတယ်။ ဗိုက်ကြောပြတ်တာ လျော့ကျသက်သာစေဖို့ လိမ်းဆေးတွေအများကြီး ရှိနေပါတယ်။ ဗိုက်ကြောပြတ်တာက မျိုးရိုးလိုက်တတ်တာကြောင့် သင့်မိခင်ဟာ ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ဗိုက်ကြောပြတ်ဖူးရင် သင်လည်းဗိုက်ကြောပြတ်နိုင်ခြေ ရှိပါတယ်။

ဆံကေသာကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံကေသာက တောက်ပပြီး ထူထဲလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးမွေးပြီးချိန်မှာ ဆံပင်တွေပိုပြီး မြန်မြန်ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုးတာ၊ ဓာတုပစ္စည်းတွေသုံးပြီး ပြုပြင်တာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top