Healthy Life Ad
Q & A

ကလေးဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ကောင်းစေဖို့ နေ့စဉ်ကျွေးသင့်တဲ့အာဟာရ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

(၁) ကြက်ဥနှင့် ဥအမျိုးမျိုး

ကြက်ဥမှာပါတဲ့ အာဟာရဓာတ် ကိုလင်းနဲ့ ပရိုတင်းဓာတ်တွေက ကလေးငယ်တွေရဲ ့ အာရုံစူးစိုက်မှုအတွက် အထောက်အကူပြုပါတယ်။

တစ်နေ့ဘယ်လောက်ကျွေးသင့်သလဲ

ကြက်ဥကို တစ်ရက်မှာ နှစ်လုံးကျွေးသင့်ပါတယ်။

(၂) နွားနို့နှင့် ဒိန်ချဉ်

နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်းဓာတ်နဲ့ ဗီတာမင်ဘီပါဝင်တာကြောင့် ကလေးရဲ ့ဦးနှောက် ဖွံ့ဖြိုးစေပါတယ်။ အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး အင်ဇိုင်းတွေကို တိုးပွားစေပါတယ်။ ဒါ့အပြင် ဦးနှောက်အတွက် အရေးကြီးတဲ့ စွမ်းအင်လည်း ရရှိစေပါတယ်။ နွားနို့မှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ပါဝင်တာကြောင့် ခန္ဗာကိုယ်ကြီးထွားပြီး အရပ်ရှည်စေပါတယ်။

တစ်နေ့ဘယ်လောက် တိုက်ကျွေးသင့်သလဲ

နို့နဲ့ နို့ထွက်ပစ္စည်းတွေကို တစ်နေ့မှာ အနည်းဆုံးနှစ်ခွက် တိုက်သင့်ပါတယ်။

(၃) ငါးအမျိုးမျိုး

ငါးအမျိုးမျိုးမှာ Omega3, DHA EPA နဲ့ ဗီတာမင်ဒီ များများပါတာကြောင့် ဦးနှောက်ရဲ့ ဖန်တီး နိုင်စွမ်းကို ကောင်းစေတဲ့အပြင် မှတ်ဉာဏ်လျော့ပါးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။

တစ်နေ့ဘယ်လောက် တိုက်ကျွေးသင့်သလဲ

တစ်နေ့တစ်ကြိမ် အနည်းဆုံး ကျွေးသင့်ပါတယ်။ ကလေးတွေက ငါးအရိုးစူးမှာစိုးလို့ မစားချင်ကြပါဘူး။ မိဘတွေက ကလေးငါးစားတတ်အောင်၊ ငါးကြိုက်အောင် ပုံစံအမျိုးမျိုး လုပ်ကျွေးရမှာ ဖြစ်ပါတယ်။

“ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီနဲ့ ဟင်းနုနွယ် စတဲ့ ရောင်စုံဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေပါတယ်” . . .

(၄) အစေ့အဆန်အမျိုးမျိုး

အစေ့အဆန်တွေမှာ Omega3၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် စားပေးရင် စိတ်ရွှင်လန်းတက်ကြွစေပြီး အာရုံကြောတွေကို ကောင်းကောင်းအလုပ်လုပ်နိုင်စေပါတယ်။

တစ်နေ့ ဘယ်လောက်တိုက်ကျွေးသင့်သလဲ

သရေစာအဖြစ် အစေ့အဆန်တွေကို ကျွေးပေးသင့်ပါတယ်။

(၅) အုတ်ဂျုံကွေကာ (oatmeal)

အုတ်ဂျုံကွေကာတွေမှာ အသားဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့အတွက် ဦးနှောက်နဲ့ နှလုံးမှာရှိတဲ့ သွေးကြောတွေကို ကျန်းမာစေပါတယ်။

တစ်နေ့ ဘယ်လောက်တိုက်ကျွေးသင့်သလဲ

နေ့စဉ် ကလေးကို မနက်စာအဖြစ် ကျွေးသင့်ပါတယ်။

(၆) ကောက်ပဲသီးနှံများ

ဦးနှောက်ရဲ့ အဓိကလောင်စာဖြစ်တဲ့ ဂလူးကို့စ်က စီဓာတ်လည်းလိုတာကြောင့် ဆန်၊ ဘာလီ၊ ပြောင်း စတာတွေကိုလည်း ကျွေးသင့်ပါတယ်။

တစ်နေ့ဘယ်လောက် တိုက်ကျွေးသင့်သလဲ

မြန်မာလူမျိုးတွေကတော့ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာမှာ ထမင်းစားတာများပါတယ်။ ထမင်းမှာ ဗီတာမင်ဘီများများပါလို့ ကလေးရဲ့ အာရုံကြောလုပ်ငန်းဆောင်တာအတွက် အလွန်အရေးပါပါတယ်။

(၇) ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ အသားဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များများပါဝင်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် တွေးခေါ်နိုင်စွမ်း တိုးတက်လာစေပါတယ်။ ပဲကြီးမှာ တခြားပဲတွေနဲစာရင် အိုမီဂါ ၃၊ ဖက်တီးအက်ဆစ် ပိုမိုပါဝင်ပါတယ်။

တစ်နေ့ဘယ်လောက် တိုက်ကျွေးသင့်သလဲ

တစ်နေ့ ပဲဟင်းတစ်ခွက်လောက် ကျွေးသင့်ပါတယ်။

(၈) ဟင်းသီးဟင်းရွက်ရောင်စုံ

ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီနဲ့ ဟင်းနုနွယ် စတဲ့ ရောင်စုံဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။

တစ်နေ့ဘယ်လောက် တိုက်ကျွေးသင့်သလဲ

တစ်နေ့အနည်းဆုံး ၃ ခွက်လောက် ကျွေးသင့်ပါတယ်။

(၉) ဘယ်ရီသီးမျိုးစုံ

စတော်ဘယ်ရီးသီး၊ ဘလူးဘယ်ရီးသီး၊ ဘလက်ဘယ်ရီးသီး စတဲ့ ဘယ်ရီသီးတွေမှာ ဗီတာမင်စီ၊ အင်တီအောက်ဆီးဒင့်နဲ့ အိုမီဂါ ၃ ဖတ်တီးအက်စစ်တို့ ပါဝင်တဲ့အတွက် ဦးနှောက်ဆဲလ်တွေ ကျန်းမာသန်စွမ်းဖို့ အရေးကြီးပါတယ်။

တစ်နေ့ ဘယ်လောက်တိုက်ကျွေးသင့်သလဲ

ကလေးတွေကို နေ့တိုင်းအနည်းဆုံး အသီးတစ်ခွက်ကျွေးပေးပါ။

(၁၀) အနီရောင်အသား

အဆီမပါတဲ့ အနီရောင်အသားမှာ သံဓာတ်နဲ့ ဇင့်ဓာတ်များစွာ ပါဝင်တာကြောင့် မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

တစ်နေ့ ဘယ်လောက်တိုက်ကျွေးသင့်သလဲ

ကလေးတွေမှာ ပရိုတင်းဓာတ်လည်း လိုအပ်တာကြောင့် နေ့တိုင်း အသားကျွေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top